တော်လှန်ရေးအင်အားစုတွေဆီ ထွက်ပြေးအလင်းဝင်ရောက်တာမျိုးနဲ့ မြေပြင်မှာ ခက်ခက်ခဲခဲ တပ်သားစုဆောင်းနေရတာတွေ လျှော့ချတားဆီးနိုင်ဖို့ စစ်အုပ်စုက စစ်မှုထမ်းတပ်သား အနည်းအကျဥ်းကို လှည့်ဖျားဝါဒဖြန့်ရုံသက်သက် နုတ်ထွက်ခွင့်ပြုတာတွေ လုပ်ဆောင်လာကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ စစ်ဘက်ဆိုင်ရာ သုတေသန တာဝန်ခံ CDM တပ်ကြပ်ကြီး နောင်ရိုးက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေထဲ သုံးပုံတစ်ပုံ လျှော့ပေါ့ခွင့်နဲ့ စစ်မှုထမ်းကာလ တာဝန်ထမ်းဆောင်ပြီးတဲ့ တပ်သားတချို့ကို စစ်တပ်က နုတ်ထွက်ခွင့်ပြုကြောင်း စစ်အုပ်စုက သတင်းတွေထုတ်ပြန်လာပါတယ်။

ဗိုလ်နောင်ရိုးရဲ့ ပြောဆိုချက်အရ ဒီလုပ်ဆောင်ချက်တွေဟာ စစ်အုပ်စုရဲ့ နဂိုမူလ ဝါဒဖြန့်လမ်းစဥ်တွေအတိုင်းပဲ သူတို့ရဲ့လုပ်ရပ်တွေ လုပ်ရကိုင်ရခက်ခဲလာချိန်နဲ့ ပြည်သူလူထုကို လိမ်ညာလှည့်ဖျားဖို့ လိုအပ်လာချိန်ဖြစ်တာကြောင့် တမင်ဝါဒဖြန့် လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

“ရှေ့တန်းစစ်မြေပြင်တွေမှာ ပစ (စစ်မှုထမ်းတပ်သား) တွေဟာ နည်းလမ်းပေါင်းစုံနဲ့ ထွက်ပြေးဖို့ ကြိုးစားကြတယ်။ လက်နက်မဲ့၊ လက်နက်နဲ့အပြင် တစ်ယောက်ချင်းဖြစ်ဖြစ် အစုအဖွဲ့လိုက်ဖြစ်ဖြစ် ထွက်ပြေးကြတယ်။ အခွင့်အရေးရတာနဲ့ ရသလို တော်လှန်ရေးတပ်တွေနဲ့ ချိတ်ဆက်ပြီး အလင်းဝင်လာတာတွေ နေရာတိုင်းမှာတွေ့လာရတော့ စစ်တပ်က ဒါကိုထိန်းချုပ်ချင်လာတယ်။ သူတို့နည်းလမ်းပေါင်းစုံနဲ့ စုဆောင်းထားတဲ့ စစ်မှုထမ်းတွေ ထွက်မပြေးအောင်နဲ့ တော်လှန်ရေးဘက် မပြောင်းအောင် အောက်ခြေကနေ ခက်ခက်ခဲခဲ ဖမ်းဆီးစုဆောင်းရတာတွေကို တားဆီးနိုင်အောင် ပြည်သူလူထုကို လှည့်ဖျားဝါဒဖြန့်တဲ့ လုပ်ဆောင်ချက်ပါ။” လို့ MDSI ရဲ့ စစ်ဘက်ဆိုင်ရာ သုတေသန တာဝန်ခံ CDM တပ်ကြပ်ကြီး နောင်ရိုးက မောင်းကိုပြောပါတယ်။

လက်ရှိမှာ စစ်မှုထမ်းအင်အားအတွက် လစဥ် လူ ၅ ထောင် သတ်မှတ်ထားတာကြောင့် အောက်ခြေယန္တရား အုပ်ချုပ်ရေးပိုင်းဆိုင်ရာဝန်ထမ်းတွေနဲ့ စစ်ကော်မရှင်တပ်သားတွေဟာ သတ်မှတ်လူအရေအတွက် ပြည့်မှီရရှိဖို့ မြေပြင်မှာ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေရတယ်လို့ သိရပါတယ်။

ဒီနေရာမှာ အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးတာတွေပါ ဆိုးဆိုးရွားရွားလုပ်ဆောင်လာပြီး ငွေပေးရွေးခိုင်းတာ၊ လူစားထိုး အရောင်းဝယ်လုပ်တာတွေအထိ ရှိလာနေတာဖြစ်ပါတယ်။

ဒီလိုမျိုးအခြေအနေတွေကို စစ်အုပ်စုထောက်ခံသူတွေဘက်ကပါ ထောက်ပြလာတာမျိုးတွေရှိလာချိန်မှာ အောက်ခြေအဆင့် ဝန်ထမ်းတချို့ကို ဟန်ပြအရေးယူပြခဲ့တာတွေရှိခဲ့သလို စစ်မှုထမ်းလူသစ်စုဆောင်းရာမှာ အခက်အခဲတွေ လျှော့ချနိုင်ဖို့ လူငယ်တွေကို အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ မက်လုံးပေးစည်းရုံးတာ၊ ရာထူးပေး ဆွဲဆောင် တရားဟောတာတွေအပြင် အခုလို လူအနည်းအကျဥ်းလောက်နဲ့ ဝါဒဖြန့်ဓာတ်ပုံရိုက်ရုံသက်သက် နုတ်ထွက်ခိုင်းတာတွေ လုပ်ဆောင်လာတာလို့လည်း တပ်ကြပ်ကြီး နောင်ရိုးက ရှင်းပြပါတယ်။

အကြမ်းဖက်စစ်တပ်၏ အရှေ့တိုင်းစစ်ဌာနချုပ်တွင်ပြုလုပ်သည့် စစ်မှုထမ်းနုတ်ထွက်ခွင့်ပြု အခမ်းအနားမြင်ကွင်း

“ပြီးခဲ့တဲ့လပိုင်းတွေကတည်းက စစ်မှုထမ်းလူငယ်တွေ ပြည်တွင်းပြည်ပ အလုပ်အကိုင်ရရှိမယ်ဆိုပြီး မက်လုံးပေးတာတွေရှိလာတယ်။ အခုစစ်မှုထမ်းခေါ်တဲ့ ၂နှစ်မပြည့်ခင်မှာလည်း သူတို့စုဆောင်းထားတဲ့ထဲက အနည်းအကျဥ်းကို စစ်မှုထမ်းသက် သုံးပုံတစ်ပုံလျှော့ချခွင့်ရတဲ့သူတွေဆိုပြီး နုတ်ထွက်ခွင့်ပေးတာက လှည့်ဖြားစည်းရုံးတဲ့ သတင်းစကားပါ။ ပြောရရင် စစ်တပ်ထဲ ၂နှစ်ပဲ တာဝန်ထမ်းရမယ်။ ပြီးရင် ပြန်ထွက်ခွင့်ရမယ်၊ နိုင်ငံခြားအလုပ်အကိုင်ရရှိမယ်ပေါ့။ ဒါဟာ ပြည်သူကိုလိမ်လည်တဲ့ ဝါဒဖြန့်သတင်းစကားပါ။” လို့ MDSI ရဲ့ စစ်ဘက်ဆိုင်ရာ သုတေသန တာဝန်ခံ CDM တပ်ကြပ်ကြီး နောင်ရိုးက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အတင်းအဓမ္မစုဆောင်းရရှိထားတဲ့ စစ်မှုထမ်းအင်အားတွေကို ရက်တိုစစ်သင်တန်းပေးကာ ရှေ့တန်းစစ်မြေပြင်တွေဆီ အတင်းအကျပ် စေလွှတ်နေတာကြောင့် တိုက်ခိုက်ရေးအင်အားအတွက်ပဲ အသုံးပြုတာထင်ရှားကြောင်းနဲ့ နုတ်ထွက်ခွင့်ပြုခံရသူတွေဟာ ကျန်းမာရေးအခြေအနေမကောင်းသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် နုတ်ထွက်ပိုင်ခွင့်ရှိသူတွေဖြစ်တယ်လို့ တပ်ကြပ်ကြီး နောင်ရိုးက ပြောပါတယ်။

“စစ်မှုထမ်းအင်အားတွေကို တိုက်ခိုက်ရေးအင်အားအတွက် သက်သက်ပဲဆိုတာ မျက်ဝါးထင်ထင်မြင်နေရတယ်။ ဒါကြောင့်ပဲ ဥပဒေမဲ့စုဆောင်းနေတာပါ။ တပ်ထဲမှာ စစ်မှုထမ်းအင်အားက အသုံးချခံပါ။ ပြန်ထွက်ခိုင်းတယ်ဆိုတာကလည်း သူတို့ပုံမှန်လုပ်နေကျ လိမ်ညာဝါဒဖြန့်တာပါ။ ရှေ့စစ်ရေး နိုင်ငံရေးတွေမှာ သူတို့လုပ်နေကျပါ။ သူတို့တွေရဲ့ ရည်ရွယ်ချက်က စစ်အင်အားတွေကို ၂နှစ်ကနေ ၅နှစ်အထိကို တိုးချင်တာပါ။ အခု လျှော့ချခွင့်ပြုတဲ့သူတွေကလည်း သူတို့မလိုတော့တဲ့ ကျန်းမာရေးအခြေအနေမကောင်းသူတွေ၊ အကြောင်းကြောင်းကြောင့် နောက်ခံတစ်ခုခုရှိတဲ့သူတွေကို ထွက်ခိုင်းတာပါ။” MDSI ရဲ့ စစ်ဘက်ဆိုင်ရာ သုတေသန တာဝန်ခံ CDM တပ်ကြပ်ကြီး နောင်ရိုးက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုက နည်းလမ်းပေါင်းစုံနဲ့ စုဆောင်းရရှိထားတဲ့ စစ်အင်အားတွေကို ဟန်ချက်ညီညီ လေ့ကျင်နိုင်အောင် သင်တန်းကျောင်းတွေတိုးဖွင့်ထားရာ လက်ရှိ နိုင်ငံတဝှမ်း စစ်သင်တန်းကျောင်း (၂၇) ခုအထိရှိနေပြီလို့လည်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မူရင်းသင်တန်းကျောင်းတွေအပြင် ခအက၊ တကအ နဲ့ ရလတ(၅၇) တို့မှာပါ အရံသင်တန်းကျောင်းတွေအဖြစ် ထပ်တိုးဖွင့်လှစ် လေ့ကျင့်ပေးနေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး ထပ်မံလာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကော်မရှင် ရွေးကောက်ပွဲကို နိုင်ငံရေး၊ စစ်ရေး၊ လူထုလှုပ်ရှားမှု နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြရန် ကယန်းအမျိုးသားတပ်မတော် တိုက်တွန်း

ပြည်သူလူထုရဲ့ဆန္ဒ မပါဝင်ဘဲ အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပဖို့ရှိနေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ကယန်းအမျိုးသားတပ်မတော် (K.N.A) က ထုတ်ပြန်လိုက်ပါတယ်။
Read More

မိုးဗြဲကို သာလွန်အင်အားဖြင့် ပြန်လည်ထိုးစစ်ဆင်သည့် စစ်ကောင်စီ အထိနာနေ

ကရင်နီဒေသက တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ မိုးဗြဲဒေသကို စစ်ကောင်စီက သာလွန်အင်အားနဲ့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

သရက်ချောင်းမြို့နယ် ကျေးရွာ ၂ ရွာရှိ နေအိမ် ၄၀ ဝန်းကျင်ကို စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ ၂ရွာက နေအိမ်တွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ Democracy Movement Strike Sommittee – Dawei ထံက သိရပါတယ်။
Read More

မြိုင်အနောက်မြောက်ဘက်ရှိ ကြက်မောက်ရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၁၆ နှစ်အရွယ် အမျိုးသမီးတဦးသေဆုံး၊ ၆ ဦး ဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ခြောက်ယောက် ရှိခဲ့တယ်လို့ မြိုင်ပကဖက ဇန်နဝါရီလ ၇ ရက်နေ့ (ဒီနေ့) မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

ရခိုင်ပြည်နယ် မောင်တောမှာ စစ်ရှောင်တွေနေထိုင်ရာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲလို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပြားသားကျေးရွာက စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင် ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။