Justice For Myanmar ၊ Mekong Watch နဲ့ တခြားဂျပန်အခြေစိုက် အဖွဲ့အစည်း ၅ ခုက မြန်မာစစ်တပ်နဲ့ ဆက်နွယ်မှုတွေရှိပြီး ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ မြန်မာခရိုနီဘဏ် UAB (United Amara Bank) နဲ့ စီးပွားရေးမိတ်ဖက် ပြုလုပ်နေမှုတွေအပေါ် စုံစမ်းမေးမြန်းထားတဲ့ ပေးစာကို တုန့်ပြန်ဖြေကြားဖို့ ပျက်ကွက်နေတဲ့ ဂျပန်ငွေပေးချေမှုကုမ္ပဏီ JCB Co. Ltd. ကို ပြစ်တင်ဝေဖန်ကြောင်း ထုတ်ပြန်လာပါတယ်။

မြန်မာနဲ့ ဂျပန်အဖွဲ့အစည်းတွေက UAB ဘဏ်နဲ့ စီးပွားရေးဆက်နွယ်မှု ဆက်လက်ထားရှိနေခြင်းအပေါ် လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုတွေရှိနေကြောင်း ထောက်ပြတဲ့ ပေးစာကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့မှာ ပူးတွဲပေးပို့ခဲ့ကြောင်း၊ ဒါပေမယ့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ JCB ဘက်က တရားဝင်တုံ့ပြန်မှု တစုံတရာ မပြုလုပ်သေးဘူးလို့ သိရပါတယ်။

UAB ဘဏ်ဟာ မြန်မာစစ်တပ်ထံ လေယာဉ်ဆီထောက်ပံ့တဲ့ ကုမ္ပဏီတွေအတွက် ငွေပေးချေမှုဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ၂၀၂၄ ခုနှစ် ဇွန်လမှာ မှတ်တမ်းတင်ခဲ့ပြီး စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ လေယာဉ်ဆီရရှိမှုအပေါ် တိုက်ရိုက်မှီခိုနေတာကြောင့် အထူးကိုယ်စားလှယ်က ဘဏ္ဍာရေးအဖွဲ့အစည်းတွေ အားလုံးကို UAB နဲ့ ဆက်ဆံရေးတွေ ရပ်တန့်ဖို့ကိုလည်း တိုက်တွန်းထားတယ်လို့ သိရပါတယ်။

UAB ဘဏ်ဟာ အီးယူနဲ့ ကနေဒါတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရတဲ့ ခရိုနီလုပ်ငန်းစုကြီး IGE (International Group of Entrepreneurs) နဲ့လည်း နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေပြီး IGE ကလည်း မြန်မာစစ်တပ်ခေါင်းဆောင်တွေကို ငွေကြေးပံ့ပိုးမှုတွေကြောင့် ၂၀၂၂ ခုနှစ်မှာ ဒဏ်ခတ် ပိတ်ဆို့ခံခဲ့ရတာ ဖြစ်ပါတယ်။

IGE တည်ထောင်သူ နေအောင်ဟာ ဒဏ်ခတ်ပိတ်ဆို့ခံရပြီးနောက် UAB ဒါရိုက်တာဘုတ်အဖွဲ့ကနေ နုတ်ထွက်ခဲ့ပြီး သူ့ရဲ့ ရှယ်ယာတွေကိုလည်း ဟန်ပြကုမ္ပဏီတွေထံ လွှဲပြောင်းခဲ့တယ်လို့ Justice For Myanmar က ဆိုထားပါတယ်။

ဒါပေမယ့် IGE Group ရဲ့ စီအီးအိုဟာ ၂၀၂၂ ခုနှစ်အထိ UAB မှာ ဒါရိုက်တာအဖြစ် ဆက်လက်ရှိနေခဲ့ပြီး UAB ဒါရိုက်တာတစ်ယောက်ကလည်း IGE ရဲ့ ကုမ္ပဏီခွဲတစ်ခုမှာ ဘုတ်အဖွဲ့ဝင်ဖြစ်နေခဲ့တယ်လို့ JFM ရဲ့ ဖော်ထုတ်ထားမှုတွေအရ သိရပါတယ်။

ဒီအချက်အလက်တွေကို ကြည့်ရင် IGE တည်ထောင်သူ နေအောင်နဲ့ IGE တို့ဟာ အမည်ခံတွေကနေတဆင့် UAB အပေါ် ဆက်လက်ထိန်းချုပ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ JFM က ဆိုထားပါတယ်။

“JCB အနေနဲ့ စစ်အုပ်စုရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်မှာ ဆက်နွယ်ပါဝင်နေတဲ့ ဒဏ်ခတ်ပိတ်ဆို့ခံ ခရိုနီပိုင်ဘဏ်နဲ့ မိတ်ဖက်အဖြစ် ဆက်လက်ရှိနေတာက လက်မခံနိုင်စရာကိစ္စ ဖြစ်ပါတယ်။ စစ်အုပ်စုက ၎င်းတို့ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေချိန်မှာတောင် ဒီစီးပွားဆက်ဆံမှုတွေက ဆက်လက်ရှိနေတာဖြစ်ပါတယ်။ JCB အနေနဲ့ ဆက်လက်ရေငုံနှုတ်ပိတ်နေဖို့ မဖြစ်နိုင်သလို၊ ပုံမှန်အတိုင်း စီးပွားရေးဆက်လက်လုပ်ဆောင်ဖို့ရာလည်း မဖြစ်နိုင်ပါဘူး။ ၎င်းတို့အနေနဲ့ မိမိတို့လိုက်နာရမယ့် နိုင်ငံတကာလူ့အခွင့်အရေးတာဝန်တွေကို လိုက်နာရမှာဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုတွေကို ကူညီအားပေးနေတဲ့ ဘယ်စီးပွားရေးလုပ်ငန်းကိုမဆို ပံ့ပိုးကူညီတာမျိုးတွေ မလုပ်ဖို့ လိုအပ်ပါတယ်” လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုထားပါတယ်။

ဒါကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေကJCB ကို အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှုတွေ ပြုလုပ်ထားခြင်းရှိမရှိ UAB နဲ့ ဆက်လက်လက်တွဲခြင်းကြောင့် နိုင်ငံတကာရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်မှု အန္တရာယ်တွေကို လျှော့ချဖို့ ဘယ်လိုလုပ်ဆောင်ခဲ့လဲ၊ ကုလသမဂ္ဂရဲ့ တိုက်တွန်းချက်အတိုင်း UAB နဲ့ မိတ်ဖက်ပြုမှုကို ရပ်တန့်ဖို့ ရည်ရွယ်ချက်ရှိမရှိ စတဲ့ မေးခွန်း ၃ခုကို အဓိကထား မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

Mekong Watch ရဲ့ အမှုဆောင်ဒါရိုက်တာ ယုကကီဂူချီကလည်း “မိမိတို့ရဲ့ စီးပွားမိတ်ဖက်တွေက မြန်မာနိုင်ငံတွင်း အကြီးအကျယ်ဒုက္ခဖြစ်နေစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အားပေးကူညီဖွယ်ရှိနေချိန်မျိုးမှာ ဂျပန်ကုမ္ပဏီတွေအနေနဲ့ မျက်ကွယ်ပြု မသိကျိုးကျွံ မပြုသင့်ပါဘူး။ UAB နဲ့ မိတ်ဖက်ဆောင်ရွက်မှုအပေါ် မေးခွန်းတွေကို လျစ်လျူရှုခဲ့တဲ့ JCB က သူတို့ရဲ့အကြွေးဝယ်ကဒ်ဟာ ဂျပန်နိုင်ငံရဲ့ တစ်ခုတည်းသော နိုင်ငံတကာအသိအမှတ်ပြု အကြွေးဝယ်ကဒ် အမျိုးအစားဖြစ်ကြောင်း အများပြည်သူထံ ဆိုထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့စီးပွားရေး လုပ်နည်းလုပ်ဟန်တွေကတော့ ကော်ပိုရိတ်ပွင့်လင်းမြင်သာမှုနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှုတို့လို အခြေခံအကျဆုံး နိုင်ငံတကာစံနှုန်းတွေမှာတောင် လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်နေပါတယ်။ မိမိတို့အရပ်ဘက်အဖွဲ့တွေရဲ့ စုံစမ်းမေးမြန်းမှုအပေါ် အမြန်ဆုံး တုန့်ပြန်ဖြေကြားဖို့ JCB ကို တိုက်တွန်းပါတယ်” လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာက လိမ်လည်လုပ်ငန်းတွေကိစ္စ ထိုင်းကိုအပြစ်တင်လို့မရဘူးလို့ ထိုင်းအစိုးရပြော၊ BGF ကို လျှပ်စစ်ဓာတ်အား ဆက်ရောင်းနေသေးတဲ့အပေါ် ထိုင်းလွှတ်တော်မေးခွန်းထုတ်

မြန်မာပြည်မှာ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ ပြန့်ပွားနေမှုအတွက် ထိုင်းကိုလည်း တစိတ်တပိုင်းအပြစ်တင်ထားတဲ့ မြန်မာစစ်ကောင်စီရဲ့ ပြောဆိုချက်ကို လက်မခံကြောင်း၊ ဒီကိစ္စက အဖွဲ့ပေါင်းစုံပါဝင်ပတ်သက်နေပြီး ရှုပ်ထွေးကြောင်း ထိုင်းဒုဝန်ကြီးချုပ် Phumtham Wechayachai က ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်မှာ ဇန်နဝါရီလ ၂၄ ရက်က ဖော်ပြပါတယ်။
Read More

ထိုင်းနဲ့ ကမ္ဘောဒီးယား အပစ်ရပ်သဘောတူထားတယ်လို့ ထရမ့်ပြော

"သူတို့ရဲ့ ကာလရှည်ကြာစစ်ပွဲ မတော်တဆ ပြန်လည်စတင်လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဒီမနက်ပဲ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်းဗီရာကူလ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် တို့နဲ့ သေချာစကားပြောခဲ့ပါတယ်၊ သူတို့နှစ်ဦးစလုံး ဒီညနေကစပြီး ပစ်ခတ်မှုအားလုံးကို ရပ်စဲဖို့၊ ပြီးတော့ မလေးရှားဝန်ကြီးချုပ်ကြီး အန်ဝါ အီဘရာဟင်ရဲ့ အကူအညီနဲ့ သူတို့နဲ့ ကျွန်တော်တို့ ချုပ်ဆိုခဲ့တဲ့ မူလငြိမ်းချမ်းရေး သဘောတူညီချက်ဆီ ပြန်သွားဖို့ သဘောတူညီခဲ့ကြပါတယ်" လို့ ၎င်းရဲ့ Truth ဆိုရှယ်ပလက်ဖောင်းကနေ ရေးသားခဲ့ပါတယ်။
Read More

ကလေးငယ် ၂ ဦး အပါအဝင် ရွှေ့ပြောင်းမြန်မာ ၁၁၀ ကျော် ကန်ချနဘူရီမှာ ဖမ်းဆီးခံရ 

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ၊ ထောင်ဖာဖုမ်မှာ မြန်မာပြည်ကနေ တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၁၁၀ ကျော်ကို အာဏာပိုင်တွေက စက်တင်ဘာလ ၁၆ ရက်မှာ ထပ်မံ ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Read More

ချင်းလက်နက်ကိုင်တပ် ၂ ခု နယ်မြေအငြင်းပွားတိုက်ခိုက်မှု ဒေသခံအမြောက်အမြား အိန္ဒိယဘက် ထွက်ပြေး

ချင်းကာကွယ်ရေးတပ် (CDF-Hualngoram) နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) တို့အကြား ပြီးခဲ့တဲ့ရက်တွေက နယ်မြေအငြင်းပွားမှုတိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံအမြောက်အမြား အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးခဲ့ကြရတယ်လို့ အိန္ဒိယသတင်းတွေမှာ ရေးထားပါတယ်။ 
Read More

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက သေဒဏ်ချမှတ်မှုအပေါ် အာဆီယံလွှတ်တော်အမတ်တွေ ဝေဖန်ကန့်ကွက်ရှုံ့ချ

၂၀၂၄ စက်တင်ဘာလ ၂၄ ရက်မှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၅ ယောက်ကို စစ်ကောင်စီက သေဒဏ်ချ ကွပ်မျက်မယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေကတဆင့် သိရတဲ့အတွက် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) အနေနဲ့ အလွန်အမင်းစိတ်ပူပန်ကြောင်း စက်တင်ဘာလ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

အပစ်ရပ် သဘောတူညီချက်ကို ကမ္ဘောဒီးယား ချိုးဖောက်ကြောင်း ထိုင်းစစ်တပ် ထုတ်ပြန်ကြေညာ

ထိုင်းစစ်ဦးစီးချုပ်ဌာနချုပ်မှ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်းဆူဗာရီက ကမ္ဘောဒီးယားအနေနဲ့ ရည်ရွယ်ချက်ရှိရှိ ယုံကြည်မှု ဖောက်ဖျက်တဲ့ လုပ်ရပ်မျိုးကို လုပ်ဆောင်နေပြီး ထိုင်းအနေနဲ့ ကတိကဝတ်တွေကို လေးစားလိုက်နာနေဆဲ ဖြစ်ပေမယ့် ကမ္ဘောဒီးယားစစ်တပ်က မရပ်တန့်ဘူးဆိုရင် ကာကွယ်တဲ့အနေနဲ့ ပြန်လည်လက်တုံ့ပြန်ရလိမ့်မယ်လို့လည်း ပြောဆိုကြေညာခဲ့ပါတယ်။