Justice For Myanmar ၊ Mekong Watch နဲ့ တခြားဂျပန်အခြေစိုက် အဖွဲ့အစည်း ၅ ခုက မြန်မာစစ်တပ်နဲ့ ဆက်နွယ်မှုတွေရှိပြီး ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ မြန်မာခရိုနီဘဏ် UAB (United Amara Bank) နဲ့ စီးပွားရေးမိတ်ဖက် ပြုလုပ်နေမှုတွေအပေါ် စုံစမ်းမေးမြန်းထားတဲ့ ပေးစာကို တုန့်ပြန်ဖြေကြားဖို့ ပျက်ကွက်နေတဲ့ ဂျပန်ငွေပေးချေမှုကုမ္ပဏီ JCB Co. Ltd. ကို ပြစ်တင်ဝေဖန်ကြောင်း ထုတ်ပြန်လာပါတယ်။

မြန်မာနဲ့ ဂျပန်အဖွဲ့အစည်းတွေက UAB ဘဏ်နဲ့ စီးပွားရေးဆက်နွယ်မှု ဆက်လက်ထားရှိနေခြင်းအပေါ် လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုတွေရှိနေကြောင်း ထောက်ပြတဲ့ ပေးစာကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့မှာ ပူးတွဲပေးပို့ခဲ့ကြောင်း၊ ဒါပေမယ့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ JCB ဘက်က တရားဝင်တုံ့ပြန်မှု တစုံတရာ မပြုလုပ်သေးဘူးလို့ သိရပါတယ်။

UAB ဘဏ်ဟာ မြန်မာစစ်တပ်ထံ လေယာဉ်ဆီထောက်ပံ့တဲ့ ကုမ္ပဏီတွေအတွက် ငွေပေးချေမှုဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ၂၀၂၄ ခုနှစ် ဇွန်လမှာ မှတ်တမ်းတင်ခဲ့ပြီး စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ လေယာဉ်ဆီရရှိမှုအပေါ် တိုက်ရိုက်မှီခိုနေတာကြောင့် အထူးကိုယ်စားလှယ်က ဘဏ္ဍာရေးအဖွဲ့အစည်းတွေ အားလုံးကို UAB နဲ့ ဆက်ဆံရေးတွေ ရပ်တန့်ဖို့ကိုလည်း တိုက်တွန်းထားတယ်လို့ သိရပါတယ်။

UAB ဘဏ်ဟာ အီးယူနဲ့ ကနေဒါတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရတဲ့ ခရိုနီလုပ်ငန်းစုကြီး IGE (International Group of Entrepreneurs) နဲ့လည်း နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေပြီး IGE ကလည်း မြန်မာစစ်တပ်ခေါင်းဆောင်တွေကို ငွေကြေးပံ့ပိုးမှုတွေကြောင့် ၂၀၂၂ ခုနှစ်မှာ ဒဏ်ခတ် ပိတ်ဆို့ခံခဲ့ရတာ ဖြစ်ပါတယ်။

IGE တည်ထောင်သူ နေအောင်ဟာ ဒဏ်ခတ်ပိတ်ဆို့ခံရပြီးနောက် UAB ဒါရိုက်တာဘုတ်အဖွဲ့ကနေ နုတ်ထွက်ခဲ့ပြီး သူ့ရဲ့ ရှယ်ယာတွေကိုလည်း ဟန်ပြကုမ္ပဏီတွေထံ လွှဲပြောင်းခဲ့တယ်လို့ Justice For Myanmar က ဆိုထားပါတယ်။

ဒါပေမယ့် IGE Group ရဲ့ စီအီးအိုဟာ ၂၀၂၂ ခုနှစ်အထိ UAB မှာ ဒါရိုက်တာအဖြစ် ဆက်လက်ရှိနေခဲ့ပြီး UAB ဒါရိုက်တာတစ်ယောက်ကလည်း IGE ရဲ့ ကုမ္ပဏီခွဲတစ်ခုမှာ ဘုတ်အဖွဲ့ဝင်ဖြစ်နေခဲ့တယ်လို့ JFM ရဲ့ ဖော်ထုတ်ထားမှုတွေအရ သိရပါတယ်။

ဒီအချက်အလက်တွေကို ကြည့်ရင် IGE တည်ထောင်သူ နေအောင်နဲ့ IGE တို့ဟာ အမည်ခံတွေကနေတဆင့် UAB အပေါ် ဆက်လက်ထိန်းချုပ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ JFM က ဆိုထားပါတယ်။

“JCB အနေနဲ့ စစ်အုပ်စုရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်မှာ ဆက်နွယ်ပါဝင်နေတဲ့ ဒဏ်ခတ်ပိတ်ဆို့ခံ ခရိုနီပိုင်ဘဏ်နဲ့ မိတ်ဖက်အဖြစ် ဆက်လက်ရှိနေတာက လက်မခံနိုင်စရာကိစ္စ ဖြစ်ပါတယ်။ စစ်အုပ်စုက ၎င်းတို့ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေချိန်မှာတောင် ဒီစီးပွားဆက်ဆံမှုတွေက ဆက်လက်ရှိနေတာဖြစ်ပါတယ်။ JCB အနေနဲ့ ဆက်လက်ရေငုံနှုတ်ပိတ်နေဖို့ မဖြစ်နိုင်သလို၊ ပုံမှန်အတိုင်း စီးပွားရေးဆက်လက်လုပ်ဆောင်ဖို့ရာလည်း မဖြစ်နိုင်ပါဘူး။ ၎င်းတို့အနေနဲ့ မိမိတို့လိုက်နာရမယ့် နိုင်ငံတကာလူ့အခွင့်အရေးတာဝန်တွေကို လိုက်နာရမှာဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုတွေကို ကူညီအားပေးနေတဲ့ ဘယ်စီးပွားရေးလုပ်ငန်းကိုမဆို ပံ့ပိုးကူညီတာမျိုးတွေ မလုပ်ဖို့ လိုအပ်ပါတယ်” လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုထားပါတယ်။

ဒါကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေကJCB ကို အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှုတွေ ပြုလုပ်ထားခြင်းရှိမရှိ UAB နဲ့ ဆက်လက်လက်တွဲခြင်းကြောင့် နိုင်ငံတကာရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်မှု အန္တရာယ်တွေကို လျှော့ချဖို့ ဘယ်လိုလုပ်ဆောင်ခဲ့လဲ၊ ကုလသမဂ္ဂရဲ့ တိုက်တွန်းချက်အတိုင်း UAB နဲ့ မိတ်ဖက်ပြုမှုကို ရပ်တန့်ဖို့ ရည်ရွယ်ချက်ရှိမရှိ စတဲ့ မေးခွန်း ၃ခုကို အဓိကထား မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

Mekong Watch ရဲ့ အမှုဆောင်ဒါရိုက်တာ ယုကကီဂူချီကလည်း “မိမိတို့ရဲ့ စီးပွားမိတ်ဖက်တွေက မြန်မာနိုင်ငံတွင်း အကြီးအကျယ်ဒုက္ခဖြစ်နေစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အားပေးကူညီဖွယ်ရှိနေချိန်မျိုးမှာ ဂျပန်ကုမ္ပဏီတွေအနေနဲ့ မျက်ကွယ်ပြု မသိကျိုးကျွံ မပြုသင့်ပါဘူး။ UAB နဲ့ မိတ်ဖက်ဆောင်ရွက်မှုအပေါ် မေးခွန်းတွေကို လျစ်လျူရှုခဲ့တဲ့ JCB က သူတို့ရဲ့အကြွေးဝယ်ကဒ်ဟာ ဂျပန်နိုင်ငံရဲ့ တစ်ခုတည်းသော နိုင်ငံတကာအသိအမှတ်ပြု အကြွေးဝယ်ကဒ် အမျိုးအစားဖြစ်ကြောင်း အများပြည်သူထံ ဆိုထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့စီးပွားရေး လုပ်နည်းလုပ်ဟန်တွေကတော့ ကော်ပိုရိတ်ပွင့်လင်းမြင်သာမှုနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှုတို့လို အခြေခံအကျဆုံး နိုင်ငံတကာစံနှုန်းတွေမှာတောင် လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်နေပါတယ်။ မိမိတို့အရပ်ဘက်အဖွဲ့တွေရဲ့ စုံစမ်းမေးမြန်းမှုအပေါ် အမြန်ဆုံး တုန့်ပြန်ဖြေကြားဖို့ JCB ကို တိုက်တွန်းပါတယ်” လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

လန်ဒန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် တော်လှန်ရေးရံပုံငွေ စျေးရောင်းပွဲ ပြုလုပ်

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် တော်လှန်ရေးရံပုံငွေ စျေးရောင်းပွဲကို မနေ့က ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီလက်ထက်မှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ စိတ်ကူးလို့တောင်မရဟု အမေရိကန်သံတမန် ပြော

အာဏာသိမ်းစစ်ကောင်စီလက်ထက် မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ရွေးကောက်ပွဲ ပေါ်ပေါက်လာဖို့ လက်ရှိမှာ စိတ်ကူးကြည့်ဖို့တောင် မဖြစ်နိုင်ဘူးလို့ အမေရိကန်သံတမန်တဦးက အောက်တိုဘာလ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး နှင့် Special Advisory Council for Myanmar (SAC-M) အဖွဲ့ဝင် Professor Yanghee Lee တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက Special Advisory Council for Myanmar (SAC-M) အဖွဲ့ဝင် Professor Yanghee Lee နဲ့ တောင်ကိုးရီးယားသမ္မတနိုင်ငံမှာ မေလ ၁၄ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

လားရှိုးမြို့ထဲ စစ်ကောင်စီတပ်များကို ခေါ်သွင်းလာသည့် တရုတ်က မြန်မာ့အရေး ဝင်မစွက်ဖက်ဟု ဆို

၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA ကိုးကန့်တပ်မတော် ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ပြန်လည် ဝင်ရောက်လာခဲ့ပေမယ့် မြန်မာ့အရေးမှာ တရုတ်က ကြားဝင်စွက်ဖက်မှုမရှိဘူးလို့ တရုတ်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ဧပြီလ ၂၁ ရက် မနေ့က ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

ဂျပန် ဆေးဘက်ဆိုင်ရာနည်ပညာအဖွဲ့ မြန်မာပြည်ကိုရောက်ရှိလာ

ငလျင်ဒဏ်သင့် ဒေသတွေမှာ ဆေးဝါးကုသပေးဖို့ ဂျပန်ဆေးဖက်ဆိုင်ရာနည်းပညာအဖွဲ့ဒုတိယအသုတ် ရောက်ရှိလာတယ်လို့ JICA Myanmar ကထုတ်ပြန်ပါတယ်.။
Read More

မြန်မာ့အရေးကို သတိကြီးကြီးထား ချဉ်းကပ်နေတယ်လို့ အာဆီယံဥက္ကဋ္ဌ ပြော

မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ အရေးကြီးတာကြောင့် အာဆီယံအနေနဲ့ မြန်မာ့အရေး သတိကြီးကြီးထားပြီး တဖြည်းဖြည်း လုပ်ဆောင်နေကြောင်း အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟန်က ဇန်နဝါရီလ ၂၂ ရက်နေ့က ပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြောပါတယ်။