Justice For Myanmar ၊ Mekong Watch နဲ့ တခြားဂျပန်အခြေစိုက် အဖွဲ့အစည်း ၅ ခုက မြန်မာစစ်တပ်နဲ့ ဆက်နွယ်မှုတွေရှိပြီး ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ မြန်မာခရိုနီဘဏ် UAB (United Amara Bank) နဲ့ စီးပွားရေးမိတ်ဖက် ပြုလုပ်နေမှုတွေအပေါ် စုံစမ်းမေးမြန်းထားတဲ့ ပေးစာကို တုန့်ပြန်ဖြေကြားဖို့ ပျက်ကွက်နေတဲ့ ဂျပန်ငွေပေးချေမှုကုမ္ပဏီ JCB Co. Ltd. ကို ပြစ်တင်ဝေဖန်ကြောင်း ထုတ်ပြန်လာပါတယ်။

မြန်မာနဲ့ ဂျပန်အဖွဲ့အစည်းတွေက UAB ဘဏ်နဲ့ စီးပွားရေးဆက်နွယ်မှု ဆက်လက်ထားရှိနေခြင်းအပေါ် လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုတွေရှိနေကြောင်း ထောက်ပြတဲ့ ပေးစာကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့မှာ ပူးတွဲပေးပို့ခဲ့ကြောင်း၊ ဒါပေမယ့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ JCB ဘက်က တရားဝင်တုံ့ပြန်မှု တစုံတရာ မပြုလုပ်သေးဘူးလို့ သိရပါတယ်။

UAB ဘဏ်ဟာ မြန်မာစစ်တပ်ထံ လေယာဉ်ဆီထောက်ပံ့တဲ့ ကုမ္ပဏီတွေအတွက် ငွေပေးချေမှုဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ၂၀၂၄ ခုနှစ် ဇွန်လမှာ မှတ်တမ်းတင်ခဲ့ပြီး စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ လေယာဉ်ဆီရရှိမှုအပေါ် တိုက်ရိုက်မှီခိုနေတာကြောင့် အထူးကိုယ်စားလှယ်က ဘဏ္ဍာရေးအဖွဲ့အစည်းတွေ အားလုံးကို UAB နဲ့ ဆက်ဆံရေးတွေ ရပ်တန့်ဖို့ကိုလည်း တိုက်တွန်းထားတယ်လို့ သိရပါတယ်။

UAB ဘဏ်ဟာ အီးယူနဲ့ ကနေဒါတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရတဲ့ ခရိုနီလုပ်ငန်းစုကြီး IGE (International Group of Entrepreneurs) နဲ့လည်း နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေပြီး IGE ကလည်း မြန်မာစစ်တပ်ခေါင်းဆောင်တွေကို ငွေကြေးပံ့ပိုးမှုတွေကြောင့် ၂၀၂၂ ခုနှစ်မှာ ဒဏ်ခတ် ပိတ်ဆို့ခံခဲ့ရတာ ဖြစ်ပါတယ်။

IGE တည်ထောင်သူ နေအောင်ဟာ ဒဏ်ခတ်ပိတ်ဆို့ခံရပြီးနောက် UAB ဒါရိုက်တာဘုတ်အဖွဲ့ကနေ နုတ်ထွက်ခဲ့ပြီး သူ့ရဲ့ ရှယ်ယာတွေကိုလည်း ဟန်ပြကုမ္ပဏီတွေထံ လွှဲပြောင်းခဲ့တယ်လို့ Justice For Myanmar က ဆိုထားပါတယ်။

ဒါပေမယ့် IGE Group ရဲ့ စီအီးအိုဟာ ၂၀၂၂ ခုနှစ်အထိ UAB မှာ ဒါရိုက်တာအဖြစ် ဆက်လက်ရှိနေခဲ့ပြီး UAB ဒါရိုက်တာတစ်ယောက်ကလည်း IGE ရဲ့ ကုမ္ပဏီခွဲတစ်ခုမှာ ဘုတ်အဖွဲ့ဝင်ဖြစ်နေခဲ့တယ်လို့ JFM ရဲ့ ဖော်ထုတ်ထားမှုတွေအရ သိရပါတယ်။

ဒီအချက်အလက်တွေကို ကြည့်ရင် IGE တည်ထောင်သူ နေအောင်နဲ့ IGE တို့ဟာ အမည်ခံတွေကနေတဆင့် UAB အပေါ် ဆက်လက်ထိန်းချုပ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ JFM က ဆိုထားပါတယ်။

“JCB အနေနဲ့ စစ်အုပ်စုရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်မှာ ဆက်နွယ်ပါဝင်နေတဲ့ ဒဏ်ခတ်ပိတ်ဆို့ခံ ခရိုနီပိုင်ဘဏ်နဲ့ မိတ်ဖက်အဖြစ် ဆက်လက်ရှိနေတာက လက်မခံနိုင်စရာကိစ္စ ဖြစ်ပါတယ်။ စစ်အုပ်စုက ၎င်းတို့ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေချိန်မှာတောင် ဒီစီးပွားဆက်ဆံမှုတွေက ဆက်လက်ရှိနေတာဖြစ်ပါတယ်။ JCB အနေနဲ့ ဆက်လက်ရေငုံနှုတ်ပိတ်နေဖို့ မဖြစ်နိုင်သလို၊ ပုံမှန်အတိုင်း စီးပွားရေးဆက်လက်လုပ်ဆောင်ဖို့ရာလည်း မဖြစ်နိုင်ပါဘူး။ ၎င်းတို့အနေနဲ့ မိမိတို့လိုက်နာရမယ့် နိုင်ငံတကာလူ့အခွင့်အရေးတာဝန်တွေကို လိုက်နာရမှာဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုတွေကို ကူညီအားပေးနေတဲ့ ဘယ်စီးပွားရေးလုပ်ငန်းကိုမဆို ပံ့ပိုးကူညီတာမျိုးတွေ မလုပ်ဖို့ လိုအပ်ပါတယ်” လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုထားပါတယ်။

ဒါကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေကJCB ကို အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှုတွေ ပြုလုပ်ထားခြင်းရှိမရှိ UAB နဲ့ ဆက်လက်လက်တွဲခြင်းကြောင့် နိုင်ငံတကာရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်မှု အန္တရာယ်တွေကို လျှော့ချဖို့ ဘယ်လိုလုပ်ဆောင်ခဲ့လဲ၊ ကုလသမဂ္ဂရဲ့ တိုက်တွန်းချက်အတိုင်း UAB နဲ့ မိတ်ဖက်ပြုမှုကို ရပ်တန့်ဖို့ ရည်ရွယ်ချက်ရှိမရှိ စတဲ့ မေးခွန်း ၃ခုကို အဓိကထား မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

Mekong Watch ရဲ့ အမှုဆောင်ဒါရိုက်တာ ယုကကီဂူချီကလည်း “မိမိတို့ရဲ့ စီးပွားမိတ်ဖက်တွေက မြန်မာနိုင်ငံတွင်း အကြီးအကျယ်ဒုက္ခဖြစ်နေစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အားပေးကူညီဖွယ်ရှိနေချိန်မျိုးမှာ ဂျပန်ကုမ္ပဏီတွေအနေနဲ့ မျက်ကွယ်ပြု မသိကျိုးကျွံ မပြုသင့်ပါဘူး။ UAB နဲ့ မိတ်ဖက်ဆောင်ရွက်မှုအပေါ် မေးခွန်းတွေကို လျစ်လျူရှုခဲ့တဲ့ JCB က သူတို့ရဲ့အကြွေးဝယ်ကဒ်ဟာ ဂျပန်နိုင်ငံရဲ့ တစ်ခုတည်းသော နိုင်ငံတကာအသိအမှတ်ပြု အကြွေးဝယ်ကဒ် အမျိုးအစားဖြစ်ကြောင်း အများပြည်သူထံ ဆိုထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့စီးပွားရေး လုပ်နည်းလုပ်ဟန်တွေကတော့ ကော်ပိုရိတ်ပွင့်လင်းမြင်သာမှုနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှုတို့လို အခြေခံအကျဆုံး နိုင်ငံတကာစံနှုန်းတွေမှာတောင် လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်နေပါတယ်။ မိမိတို့အရပ်ဘက်အဖွဲ့တွေရဲ့ စုံစမ်းမေးမြန်းမှုအပေါ် အမြန်ဆုံး တုန့်ပြန်ဖြေကြားဖို့ JCB ကို တိုက်တွန်းပါတယ်” လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့် မြန်မာကို အမြန်ကူညီကြဖို့ ကုလသမဂ္ဂအကူအညီပေးရေး အကြီးအကဲ တိုက်တွန်းတောင်းဆို 

ငလျင်ဒဏ် ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံကို ကမ္ဘာက အလျင်အမြန် ကူညီပေးဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေးအကြီးအကဲ Tom Fletcher က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်တွင် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် သတိပေးဟန့်တားမှု တစုံတရာမပါရှိခြင်းသည် စစ်အုပ်စုအား သွယ်ဝိုက်၍ အကာအကွယ်ပေးနေသည့် သဘောသက်ရောက်နိုင်ဟု NUG ပြော

(၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ပူးတွဲကြေညာချက်မှာ စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် သတိပေးဟန့်တားမှု တစုံတရာမပါရှိတာဟာ အကြမ်းဖက်စစ်အုပ်စုကို သွယ်ဝိုက်ပြီး အကာအကွယ်ပေးနေတဲ့ သဘောသက်ရောက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာရွှေ့ပြောင်းများအပေါ် ထိုင်းအာဏာပိုင်များ၏ အမြတ်ထုတ်မှု လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံ

စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာသူ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက ခြိမ်းခြောက်၊ ငွေညှစ်၊ ဖမ်းဆီးနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ဟာ ဇူလိုင်လ ၁၄ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

နယ်စပ်တလျှောက် ထိုင်းစစ်တပ် လုံခြုံရေးတိုးမြှင့်ကာ မြန်မာတိုက်ပွဲကို စောင့်ကြည့်နေ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထိုင်းစစ်တပ်က ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားကြောင်း သိရပါတယ်။
Read More

တရုတ်နည်းတူ ရုရှားလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကူညီမယ်လို့ ဆိုပြန်

တရုတ်နိုင်ငံလိုပဲ ရုရှားကလည်း စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ကူညီပေးသွားမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ထည့်သွင်းဖော်ပြလာပါတယ်။
Read More

BGF မှ စောချစ်သူနှင့် သူ၏တပ်ဖွဲ့ဝင်အချို့ကို  အမြန်ဆုံး ဖမ်း၀ရမ်းထုတ် အရေးယူပေးဖို့ ထိုင်းကို JFM တောင်းဆို

ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ဆက်စပ်ပြီး နာမည်ကြီးနေတဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင် စောချစ်သူ အပါအဝင် သူ့ရဲ့ တပ်ဖွဲ့ဝင်တချို့ကို ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ဖို့ လုပ်ဆောင်နေမှုအပေါ်  ကြိုဆိုကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်လိုက်ပါတယ်။