ထိုင်းအနေနဲ့ နှစ်ကာလအတော်ကြာ နိုင်ငံရေး မတည်ငြိမ်မှုတွေကနေ ကျော်လွှားပြီး ဒေသတွင်းခေါင်းဆောင်မှု အခန်းကဏ္ဍကို ပြန်ယူဖို့ ကြိုးပမ်းနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖုအန်းကက်ခီယိုက ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်စဉ် ကွာလာလမ်ပူမှာ ပြောခဲ့ပါတယ်။

ထိုင်းရဲ့ နိုင်ငံရေး အခြေအနေတွေဟာ လက်ရှိမှာ ‘လမ်းမှန်ပေါ် ပြန်ရောက်နေပြီ’ လို့ သူက ဆိုတာပါ။

စစ်အာဏာသိမ်းမှုတွေ၊ ဆန္ဒပြမှုတွေ၊ သက်တမ်းတို အစိုးရတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံရေး မငြိမ်မသက်မှုတွေဟာ ၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကစပြီး ထိုင်းနိုင်ငံမှာ ကြာရှည်စွာ ဖြစ်ပေါ်နေခဲ့ပါတယ်။ 

ဘူမ်ဂျိုင်းထိုင်းပါတီက ဝန်ကြီးချုပ် အနုတင် ချန်းဗီရာကူလ် ဦးဆောင်တဲ့ အရပ်သားအစိုးရသစ်အောက် ပြန်လည်တည်ငြိမ်ရေး ကြိုးပမ်းမှုတွေ စတင်နေပြီဖြစ်ကြောင်း သူကဆိုပါတယ်။ 

အနုတင်ဟာ ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံရဲ့ နဝမမြောက် ဝန်ကြီးချုပ် ဖြစ်ပါတယ်။

အရင်ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ်ထရာဟာ ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းပြောခဲ့တဲ့ မှတ်တမ်းကြောင့် ကျင့်ဝတ်ပျက်ပြားသူအဖြစ် အခြေခံဥပဒေခုံရုံးက အရည်အချင်းပျက်ယွင်းကြောင်း ဆုံးဖြတ်ပြီးနောက် စက်တင်ဘာလမှာ အနုတင်က ရာထူးတက်ခဲ့တာပါ။

နိုင်ငံခြားရေးဝန်ကြီး စီဟာဆက်က အစိုးရအနေနဲ့ မြန်မာ့အရေး ကာလရှည်အကျပ်အတည်းလို ဒေသတွင်း စိန်ခေါ်မှုတွေကို ပိုပြီး တက်တက်ကြွကြွ ဖြေရှင်းဖို့ အသင့်ရှိနေပြီဖြစ်ကြောင်းနဲ့ လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ ဒစ်ဂျစ်တယ် ပေါင်းစည်းရေးတို့အတွက် အာဆီယံအတွင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေမယ်လို့ ပြောပါတယ်။ 

“ဒေသတွင်းနဲ့ နိုင်ငံတကာ စင်မြင့်ပေါ် ပြန်ရောက်အောက် ကျနော်တို့ ဒီထက်ပိုလုပ်ဖို့ လိုပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက ကျနော်တို့ရဲ့ ပြည်တွင်းနိုင်ငံရေးကြောင့် အလုပ်ရှုပ်နေခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့ နိုင်ငံခြားရေးမူဝါဒက ဦးစားပေး ဖြစ်ရပါမယ်” လို့ စီဟာဆက်က ဆိုတာပါ။ 

Sihasak Phuangketkeow က ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး မြှင့်တင်ရန် ကြိုးပမ်းမှုများတွင် ရှေ့တန်းမှ အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားနဲ့ ဆက်ဆံရေး တည်ငြိမ်ပြီးတာနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေမှာ ဦးဆောင်မှုအခန်းကဏ္ဍကနေ ရပ်တည်နိုင်ဖို့ မျှော်လင့်ကြောင်း စီဟာဆက်က ပြောပါသေးတယ်။ 

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံဟာ တင်းမာမှု လျှော့ချရေး၊ မိုင်းရှင်းလင်းရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများဆိုင်ရာ ပူးတွဲကြေညာချက်ကို ဒီထိပ်သီးအစည်းအဝေးမှာ လက်မှတ်ရေးထိုးဖို့ ရှိပါတယ်။

မြန်မာစစ်အုပ်စုက စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေဟာ တရားဝင်မှုရရှိဖို့ဆိုရင် အားလုံးပါဝင်နိုင်ရမယ်လို့ သူက သတိပေးပြောကြားခဲ့ပါတယ်။ 

“ရွေးကောက်ပွဲချည်းပဲဆိုရင် အဖြေမဟုတ်ပါဘူး။ အစုအဖွဲ့အားလုံး၊ လူမျိုးစုအုပ်စုအားလုံးနဲ့ ဆွေးနွေးမှုတွေ ပါဝင်တဲ့ ပိုမိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်သင့်ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ တခြားသူတွေကို ချန်လှပ်ထားမယ်ဆိုရင် ငြိမ်းချမ်းရေး ဒါမှမဟုတ် တည်ငြိမ်ရေးကို ဦးတည်သွားမှာ မဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။ 

ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဟာ မြန်မာပြည်သူတွေဆီကသာ လာရမှာဖြစ်ပြီး အာဆီယံက ကြားဝင်ဆောင်ရွက်ပေးရုံသာဖြစ်တယ်လို့ သူကဆိုပါတယ်။

မူရင်းသတင်း – Thailand ready to be regional leader again, says foreign minister

0 Shares:
You May Also Like
Read More

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်မှာ လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပြီး တိုက်ပွဲဖြစ်ပွားနေ

ထိုင်း-ကမ္ဘောဒီးယား နှစ်ဖက်တပ်တွေဟာ ဇူလိုင်လ ၂၄ ရက်မနက်ပိုင်းမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီးတွေပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

စစ်တပ် ကျူးလွန်နေသည့် အစုအပြုံလိုက် သတ်ဖြတ်မှုများအတွက် ဒေသတွင်းနှင့် နိုင်ငံတကာ အရေးယူမှု ချက်ချင်းလိုအပ်ကြောင်း APHR တိုက်တွန်း

မြောက်ဦးဆေးရုံ တိုက်ခိုက်ခံရမှုဟာ အကြမ်းဖက်စစ်တပ် ဆက်လက်ကျူးလွန်နေတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပြီး ဒီအပေါ် ဒေသတွင်းနဲ့ နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှု ချက်ချင်းလိုအပ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
Read More

အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့် စစ်ကောင်စီရဲ့ ကန့်ကွက်မှုကို တီမောပယ်ချ

တီမောလက်စ်တေကို အာဆီယံရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်ခွင့်အပေါ် စစ်ကောင်စီရဲ့ ကန့်ကွက်မှုဟာ “အကျိုးမရှိ၊ မလျော်ကန်ဘူး” လို့ တီမောသမ္မတက ပယ်ချလိုက်ပါတယ်။ 
Read More

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ကလေးငယ် ၅ သိန်းလောက် အာဟာရချို့တဲ့နေ

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကကလေးငယ် ၅ သိန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။
Read More

စစ်အုပ်စုရွေးကောက်ပွဲ အာဆီယံက လေ့လာသူ စေလွှတ်ဖွယ်မရှိကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြော

မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေအတွက် အာဆီယံအဖွဲ့ကြီးက လေ့လာသူတွေ စေလွှတ်ပေးဖို့ သဘောတူလိမ့်မယ်လို့ မထင်ကြောင်း အောက်တိုဘာလ ၁၃ ရက်မှာ ပြောကြားလိုက်ပါတယ်။
Read More

ထိုင်းလွှတ်တော်အတွင်း မြန်မာ့အရေး ဘာတွေဆွေးနွေးခဲ့လဲ

ထိုင်းလွှတ်တော် အမျိုးသားလုံခြုံရေးနှင့် နယ်စပ်ရေးရာကော်မတီက ဦးဆောင်ပြီး "တည်တံ့သောငြိမ်းချမ်း ရေးနှင့် လုံခြုံရေးမြှင့်တင်ခြင်း – ထိုင်းနှင့်အာဆီယံတို့၏ နယ်နိမိတ်တည်ငြိမ်မှုနှင့် ဒီမိုကရေစီသို့ ဦးတည်သည့်လမ်းကြောင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို မတ်လ ၂၂ ရက်နဲ့ ၂၃ ရက်တို့မှာ ကျင်းပခဲ့ပါတယ်။