မြတ်လေး (အမည်လွှဲ) ဟာ သူ့ရဲ့ ခံစားချက်တွေကို အောင့်သက်သက်နဲ့ စတင်ဖွင့်ဟလာပါတယ်။

“အားလုံးက ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ ညီမ ၇ တန်းအရွယ်မှာ စခဲ့တာပေါ့။ ကျောင်းအတန်းပိုင် ကျူရှင်တက်ဖို့ဆိုတာ အိမ်ရဲ့အခြေအနေနဲ့ လုံးဝမဖြစ်နိုင်ဘူး။ သူငယ်ချင်းတွေကလည်း အဲ့မှာ ကျူရှင်က “အခမဲ့” ပဲဆိုပြီး ပြောပြတော့ အမေက သွားထားတာပေါ့နော်။ ညနေ ၅ နာရီတိုင်း ဘုရားရှိခိုး၊ အမျိုး ဘာသာ သာသနာ ကဗျာတွေ ရွတ်ဆိုပြီးမှ စာသင်ရတာဆိုတော့ တကယ်ကို စိတ်ချရတဲ့ နေရာလို့ပဲ ထင်ခဲ့တာပါ” လို့ မြတ်လေးက ရင်ဖွင့်ပါတယ်။ 

အခမဲ့ ကျူရှင်ဆိုတာက “ရဲရင့်ယဉ်ကျေး” လို့ခေါ်တဲ့ အခမဲ့ ဓမ္မစကူးလ်ကျောင်းဖြစ်ပြီး နောက်ကွယ်မှာတော့ အသက်မပြည့်သေးတဲ့ မိန်းမငယ်တွေအတွက် ငရဲခန်းဖြစ်နေတာပါ။ 

ဒီလိုနဲ့ ၈ တန်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်ကိုရောက်တော့ အိမ်ရဲ့ စီးပွားရေးအခြေအနေအရ မြို့ပြင်နေရာကို အိမ်ပြောင်းရွှေ့ခဲ့ရပြီး ကျောင်းနဲ့ဝေးသွားတာကြောင့် စိုင်းမျိုးညွန့်ရဲ့ အခမဲ့ကျူရှင်ကို အိမ်ကနေ အချိန်ပိုင်း သွားတက်ရောက်နေရာကနေ အဆောင်မှာ နေထိုင်ဖို့ မြတ်လေး တယောက် အကြောင်းဖန်လာပါတော့တယ်။ 

စိုင်းမျိုးညွန့် ခေါ် ငစိုင်း ဆိုတာကတော့ “ရဲရင့်ယဥ်ကျေး” အခမဲ့ ဓမ္မစကူးလ်ရဲ့ တည်ထောင်သူဖြစ်ပြီး မြဝတီမြို့ အမှတ် ၅ ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးလည်း ဖြစ်ပါတယ်။

“အမေက ၈ တန်းက အစိုးရစစ်မို့ စာလုပ်ဖို့ အဲ့မှာပဲ သွားထားခဲ့တာ။ အဲ့မှာပဲ ညအိပ်၊ အဲ့မှာပဲ စား၊ အဲ့ကပဲ ကျောင်းသွားခဲ့တယ်” လို့ မြတ်လေးက ဆိုပါတယ်။ 

ကျောင်းပိတ်ရက်တွေမှာ တခြားသူတွေက အိမ်ပြန်တဲ့သူတွေက အိမ်ပြန်၊ မိဘက လာတွေ့တဲ့သူက လာတွေ့ချိန်မှာ မြတ်လေးကိုတော့ လာတွေ့ခဲ့သူ မရှိခဲ့ပါဘူး။ အဲ့အချိန်မှာ မြတ်လေးရဲ့ မိဘတွေလည်း စီးပွားရေးအခြေအနေကြောင့် တနယ်တကျေးကို ထပ်မံရွှေ့ပြောင်းခဲ့ရချိန် ဖြစ်နေပါတယ်။ 

ဒီလိုနဲ့ အခမဲ့ ကျူရှင်အဆောင်မှာပဲ နေထိုင်ရင်း ၈တန်း နှစ်ဝက်လောက် အရောက်မှာ “ရဲရင့်ယဉ်ကျေး” ဓမ္မစကူးလ်ကျောင်းတည်ထောင်သူ အသက် ၄၉ နှစ်အရွယ် စိုင်းမျိုးညွန့်က မြတ်လေးကို မိသားစုတွေ လာမတွေ့တာကို သတိထားမိပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ စတင်လာခဲ့ပါတယ်။ 

စစချင်းမှာ မထိတထိနဲ့ ထိပါးနှောက်ယှက်မှုတွေရှိခဲ့ပေမယ့် လေးစားရတဲ့ ဆရာဖြစ်တာကြောင့် တခြား အတွေးတွေလည်း မတွေးခဲ့ဘူးလို့ မြတ်လေးက ဆိုပါတယ်။ 

ဆရာတစ်ယောက်ရဲ့ မေတ္တာလို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ “ရင်သားတွေ၊ တင်တွေ အထိပါ ကိုင်လာတယ်။ ညဆို မိန်းကလေး ၃ ယောက် အိပ်တဲ့အခန်းထဲကို သူက သော့နဲ့ဖွင့်ဝင်လာပြီး သူငယ်ချင်းတွေ ကြားထဲမှာပဲ ညီမကို စော်ကားသွားတာ။ ညဘက်ဆိုရင်တော့ အဆိုးရွားဆုံးပါပဲ အမြဲငိုပြီး ကြောက်နေရတာ။ အခန်းထဲဝင်လာပြီဆို မီးအမှောင်ချပြီး သူငယ်ချင်းတွေကြားထဲမှာပဲ ညီမကို စော်ကားတာပဲ” လို့ မြတ်လေးက ကြုံတွေ့ခဲ့ရတာတွေကို ပြောပြပါတယ်။ ထိုစဉ်က မြတ်လေးရဲ့ အသက်ဟာ ၁၃ နှစ်သာ ရှိပါသေးတယ်။ 

အဲ့အချိန်မှာ မြတ်လေးနဲ့ တခန်းတည်းတူတူအိပ်ရတဲ့ မိန်းကလေး ၂ယောက်ဟာလည်း ၁၂ အရွယ်သာ ရှိသေးတဲ့ မိန်းကလေးတွေ ဖြစ်တာကြောင့် စိုင်းမျိုးညွန့်ရဲ့ စော်ကားမှုတွေကို မျက်မြင် မြင်တွေ့ပြီး ကြားနေရပေမယ့် ဘာလုပ်ရမှန်းမသိဘဲ ကြောက်လန့်နေခဲ့ရတဲ့ အခြေအနေတွေဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီလိုနဲ့ပဲ သည်းခံနေလာရင်း ၈ တန်းစာသင်နှစ်ပြီးတာနဲ့ မြတ်လေးလည်း အဝတ်တထည် ကိုယ်တခုနဲ့ အမျိုးတွေ ရှိရာ နေရာကို ထွက်ပြေးခဲ့ပါတယ်။ ဒါပေမယ့်လည်း စိုင်းမျိုးညွန့် ပေးတဲ့ ဒုက္ခတွေက မပြီးသေးပါဘူး။ အဆောင်မှာ မနေထိုင်တော့ပေမယ့် တမြို့တည်းမှာ နေထိုင်နေရတာကြောင့် လမ်းမှာတွေ့ရင် မွေးနေ့အကြောင်းပြ၊ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ ခြိမ်းခြောက်ပြီး တောထဲကို ဆိုင်ကယ်နဲ့ ခေါ်တင်သွားကာ စော်ကားမှုတွေလည်း ဆက်လက် ရှိနေခဲ့တာပါ။ 

မြတ်လေးနဲ့အတူ အဆောင်မှာ နေထိုင်ခဲ့တဲ့ မိန်းကလေးငယ် ၁၀ ယောက်နီးပါးလောက်ဟာလည်း စိုင်းမျိုးညွန့်ရဲ့ လိင်အမြတ်ထုတ်မှုတွေကို ခံခဲ့ရကြောင်း နောက်ပိုင်းမှ သိရှိရတယ်လို့ မြတ်လေးက ပြောပြပါတယ်။ 

အသက် ၁၈ နှစ် ပြည့်ခါနီးမှာ မြတ်လေးဟာ ချစ်သူကောင်လေးနဲ့ လိုက်ပြေးတာကို စိုင်းမျိုးညွန့် သိသွားတဲ့အခါ မြတ်လေးကို အချုပ်ခန်းထဲမှာ ဖမ်းချုပ်ထားပြန်ပါတယ်။ 

“ညီမကို ဖမ်းပြီး အချုပ်ခန်းထဲမှာ ပိတ်ထားခဲ့တယ်။ စုစုပေါင်း (၁၄) ရက်ကျော် အချုပ်ခံခဲ့ရတယ်။ PC မှာ ၁၀ ရက်၊ BGF စခန်းမှာ ၄ရက်။ အဲ့မှာ ကိုယ့်ကိုကိုယ် ဓားနဲ့ လက်ကိုလှီးပြီး သတ်သေဖို့လုပ်တာ၊ မအောင်မြင်လိုက်ဘူး၊ သူတို့ သိသွားတယ်” လို့ ဆိုပါတယ်။ 

အဲဒီလို အဖမ်းခံထားရစဉ်မှာပဲ အသက် ၁၈ နှစ်ပြည့်သွားတာကြောင့် မြတ်လေးကို စိုင်းမျိုးညွန့်က လက်ထပ်စာချုပ်မှာ အတင်း လက်မှတ်ထိုးခိုင်းပြန်ပါတယ်။ 

နောက်ဆုံးမှာတော့ “မထိုးပေးရင် အချုပ်မှာ ပြန်ဖမ်းမယ်” ဆိုတဲ့ ခြိမ်းခြောက်မှုကြောင့် မြတ်လေးဟာအသက် ၁၈ နှစ်ပြည့်တဲ့နေ့မှာပဲ စိုင်းမျိုးညွန့်နဲ့ လက်ထပ်စာချုပ်ကို မတတ်သာဘဲ ထိုးပေးလိုက်ရပါတယ်။ 

မြတ်လေးရဲ့ အဆိုအရတော့ စိုင်းမျိုးညွန့်ဟာ သူ့ရဲ့ လိင်အကြမ်းဖက်မှုတွေအတွက် နောက်ပိုင်းမှာ ပြဿနာ တက်မှာစိုးတာကြောင့် မြတ်လေးကို တရားဝင် ဇနီးအဖြစ် မှတ်ပုံတင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

စိုင်းမျိုးညွန့်ဟာ မြတ်လေးမတိုင်ခင် အရင်က အိမ်ထောင်ဆက် ၅ ဆက်ရှိခဲ့ပြီး အရင်မိန်းမ ၅ ယောက်လုံးနဲ့လည်း တရားဝင် ကွာရှင်းထားသူ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မြတ်လေးနဲ့လည်း တရားဝင် ကွာရှင်းပြီးသွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်တွေကို ၂၀၂၅ နှစ်အစပိုင်းမှာ မြတ်လေးက မြဝတီမြို့ရဲ့ မြို့မိ၊ မြို့ဖ လူကြီးလူကောင်းလို့ ထင်ရတဲ့ ဦးသူရိန်မင်းထွန်းကို အကြောင်းစုံ ဖွင့်ပြောပြီး အကူအညီတောင်းခဲ့ပေမယ့် ကူညီပေးခဲ့တာ မရှိဘူးလို့ မြတ်လေးက ဝမ်းနည်းစွာ ပြောပါတယ်။ 

မြတ်လေးဟာ အခုလို မီဒီယာမှာ သူမရဲ့အကြောင်းကို ဖွင့်ဟပြောဆိုခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်ကတင် ငစိုင်းဟာ မြဝတီမြို့မှာရှိနေတဲ့ မြတ်လေးရဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ ညီမနဲ့ လေဖြတ်နေတဲ့ အဘွားဖြစ်သူတို့ နေထိုင်နေတဲ့ နေအိမ်ကို လာပြီး ညီမဖြစ်သူရဲ့ဖုန်းတွေ သိမ်းယူသွားကာ နေအိမ်ကိုလည်း ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်သွားကြောင်း မြတ်လေးက ပြောပြပါတယ်။ 

ဒါဟာ မြတ်လေး ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်တခုပဲ ရှိပါသေးတယ်။ စိုင်းမျိုးညွန့်ရဲ့ စော်ကားမှုတွေကို ခံခဲ့ရတဲ့ မိန်းကလေးငယ် နောက်ထပ်တယောက်ဖြစ်တဲ့ အိငယ် (အမည်လွှဲ) ကလည်း “သမီးလို စော်ကားခံခဲ့ရတဲ့သူတွေထဲမှာ ရှက်ပြီး သတ်သေသွားတဲ့သူတွေလည်း ရှိတယ်။ မိဘတွေကို ခြိမ်းခြောက်ထားတာလည်း ရှိတယ်။ သမီးကိုဆို သူနဲ့အကြောင်းတွေပြောရင် ဗီဒီယိုတွေ ဖြန့်မယ်ဆိုပြီး ခြိမ်းခြောက်ထားတာပါ” လို့ ပြောပါတယ်။ 

အိငယ်က မြဝတီမှာ မနေရဲတာကြောင့် မဲဆောက်ကို ထွက်ပြေးလာပြီးနောက်မှာလည်း စိုင်းမျိုးညွန့်က သူ့အကြောင်းတွေကို ဖွရင် မြဝတီပြန်လာတာနဲ့ ၅၀၅ နဲ့ ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။ 

အိငယ်ဟာလည်း မြတ်လေးနည်းတူ စိုင်းမျိုးညွန့် ဖွင့်ထားတဲ့ အခမဲ့ ကျူရှင်အဆောင်မှာ တက်နေစဉ် စိုင်းမျိုးညွန့်ရဲ့ စော်ကားမှုကို ခံခဲ့ရသူပါ။ အိငယ်က “ကျောင်းကနေ အဆောင်ကို ပြန်ရောက်တာနဲ့ ဘုရားရှိခိုးရတယ်။ ပြီးတာနဲ့ သူ့ကိုနှိပ်ပေးရပါတယ်။ နေ့တိုင်းပါပဲ။ ပြီးရင် သူ့တံတွေးတွေကိုလည်း သောက်ခိုင်းပါတယ်။ စော်ကားတဲ့အချိန်တွေဆို ဘေးက မိန်းကလေးတွေဆိုလည်း ကြောက်ပြီး စောင်ကို ခေါင်းမှီးခြုံနေခဲ့ကြရတာပါ။ သမီးတို့ အရွယ်နဲ့မမျှတဲ့ စိတ်ဒဏ်ရာတွေ ရခဲ့တာပါ။ အခုဆို သားအိမ်က မကောင်းတော့ပါဘူး” လို့ ကြုံတွေ့ခဲ့တာတွေကို ပြောပြပါတယ်။ 

စိုင်းမျိုးညွန့် ခေါ် ငစိုင်းဟာ မြ၀တီ၊ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ မဘသ အစွန်းရောက် စစ်တပ်ထောက်ခံသူလည်း ဖြစ်ပါတယ်။ “ရဲရင့်ယဉ်ကျေး” ဆိုတဲ့ ဓမ္မစကူးလ်အခမဲ့ စာသင်ကျောင်းကို ဖွင့်လှစ်ခဲ့တဲ့ ငစိုင်းကို စစ်အစိုးရက “ဝံသာနုရက္ခိတ” ဆိုတဲ့ အမျိုး၊ သာဘာ၊ သာသနာကို စောင့်ရှောက်တယ်ဆိုတဲ့ဘွဲ့ ပေးအပ်ထားတာ ဖြစ်ပါတယ်။ 

အုပ်ချုပ်ရေးမှူးလည်းဖြစ် ဓမ္မစကူးလ် တည်ထောင်သူလည်း ဖြစ်သလို မြဝတီမြို့က လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးကောင်းသူလည်း ဖြစ်တာကြောင့် စိုင်းမျိုးညွန့်ရဲ့ အကြောင်းကို မြို့ခံတွေက သိပေမယ့် အသံမထွက်ရဲကြပါဘူး။ 

မြတ်လေးနည်းတူ စိုင်းမျိုးညွန့်ရဲ့ လိင်အကြမ်းဖက်မှုတွေကြောင့် မိန်းကလေးငယ်အချို့ဟာ စိတ်ဒဏ်ရာရပြီး သတ်သေဖို့ ကြိုးစားတာတွေ၊ အိမ်ထောင်ကွဲရတာတွေ၊ အရေးပေါ်တားဆေးတွေ သောက်ရလွန်းတာကြောင့် သားအိမ်နဲ့ ပတ်သက်တဲ့ရောဂါ ခံစားနေရတွေ၊ စိတ်ဒဏ်ရာတွေကြောင့် ဘဝပျက်သွားသူတွေ ရှိနေပါတယ်။ 

ဒီလိုမျိုး နစ်နာသူ မိန်းကလေးများစွာ ရှိခဲ့ပေမယ့် မဘသ အရေခြုံ စိုင်းမျိုးညွန့်ကတော့ သူ့ကိုအရေးယူမယ့်လူမရှိဘဲ မြဝတီမြို့မှာ အေးအေးလူလူ နေထိုင်နေဆဲဖြစ်ပါတယ်။ 

အထက်ပါ စွပ်စွဲချက်တွေအတွက် စိုင်းမျိုးညွန့်ကို မောင်းအနေနဲ့ မေးမြန်းကြည့်ဖို့ ကြိုးစားပေမယ့် အခုချိန်ထိ အဆက်အသွယ် မရသေးပါဘူး။

0 Shares:
You May Also Like
Read More

ဓာတ်အားပေးစက်ရုံများ ရပ်ဆိုင်းထားရမှုကို ဖုံးကွယ်ကာ လျှပ်စစ်ဓာတ်အားလိုင်းများ ဖျက်ဆီးခံရလို့ မီးမပေးနိုင်ခြင်းဖြစ်သည် ဟု စစ်ကောင်စီ အကြောင်းပြ

မဂ္ဂါဝပ်များစွာ ထုတ်လုပ်နိုင်တဲ့ ဓာတ်အားပေးစက်ရုံတွေ ရပ်ဆိုင်းထားရမှုကို ဖုံးကွယ်ထားပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေကို အကြမ်းဖက်သမားတွေက ဖျက်ဆီးလို့ မီးမပေးနိုင်တာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ လျှပ်စစ်ဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကလေးတပ်သားများ MBT တကယ်ပဲ လက်ခံထားတာလား

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့ကနေ အသက်မပြည့်သေးတဲ့ ကလေးတွေကို PDF အဖြစ် လက်ခံပြီး စစ်သင်တန်း လေ့ကျင့်သင်ကြားပေးမှုတွေ ရှိနေတယ်လို့ MBT တပ်ဖွဲ့ထဲကို ရောက်ရှိနေတဲ့ ကလေးတွေရဲ့ မိဘတွေထံက သိရပါတယ်။
Read More

အာဏာရှင်များနှင့် လက်ဝေခံများ ကြိုဆိုသည့် လွတ်လပ်တဲ့ သတင်းမီဒီယာများ ပိတ်ပင်ခံရမှု

လွတ်လပ်တဲ့အာရှအသံ (RFA) အပါအဝင် အမေရိကန်က ထောက်ပံ့ပေးထားတဲ့ အသံလွှင့်ဌာနတချို့အပေါ် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖက်ဒရယ်ရန်ပုံငွေ ဖြတ်တောက်မှု ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အတိုက်အခံတွေကို ရန်လိုဖိနှိပ်ဖြိုခွင်းခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က (မတ်လ ၁၇ ရက်) မှာ ပြောခဲ့ပါတယ်။ 
Read More

စစ်ကောင်စီ၏ အသက်သွေးကြောဖြစ်ပေမယ့် ဘေးကင်းနေဆဲ ကပစ စက်ရုံများ

စစ်ကောင်စီအတွက် လူသတ်လက်နက်တွေ ထုတ်လုပ်နေပေးတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ စက်ရုံ) တွေဟာ မြန်မာနိုင်ငံတွင်း တိုင်းဒေသတွေမှာတည်ရှိနေပြီး အထူးသဖြင့် မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ ကပစ စက်ရုံများစွာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။
Read More

အသက်မပြည့်သူတွေကို ပေါ်တာဆွဲပြီး အသက်ပြည့်ကြောင်း မှတ်ပုံတင် တခါတည်း ထုတ်ပေးနေတဲ့ စစ်ကောင်စီ (အသက်မပြည့်ဘဲ စစ်တပ်ထဲ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လည်လွတ်မြောက်လာသူ၏ ပြောပြချက်)

စစ်ကောင်စီဟာ သူတို့ရဲ့ ချိနဲ့နေတဲ့ စစ်အင်အားကို ဖြည့်တင်းဖို့ စစ်မှုထမ်း လူသစ်စုဆောင်းရာမှာ အသက်မပြည့်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး အသက်ပြည့်မီသယောင် မှတ်ပုံတင်ပါ တခါတည်းထုတ်ပေးနေတယ်လို့ ပေါ်တာဆွဲခံရပြီးနောက် ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ကိုအောင်ပိုင် (အမည်လွှဲ) ထံက သိရပါတယ်။ 
Read More

မြန်မာပြည်အလယ်ပိုင်းနဲ့ ပဲခူးအနောက်ခြမ်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ မြို့သိမ်းတိုက်ပွဲများ

မြန်မာပြည်အလယ်ပိုင်းမှာ မြို့ပြအထိ အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်ပြီး မြို့သိမ်းဆိုတဲ့ အခြေအနေအထိ ရှိလာနိုင်ကြောင်း တော်လှန်ရေးအင်အားစုတွေဘက်ကအခုရက်ပိုင်းအတွင်းပြောကြားမှု တွေများပြားလာပါတယ်။