ပဋိပက္ခကာလ ငါးနှစ်နီးပါးရှိလာတဲ့အလျောက် ဒီပဋိပက္ခကြီးဟာ တိုင်းပြည်အနှံ့မှာရှိတဲ့ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် အမွေအနှစ်နေရာတွေကို ထိခိုက်မှုများစွာ ဖြစ်လာစေပါတယ်။ 

***

ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က ရှမ်းပြည်နယ်မှာရှိတဲ့ ဂုတ်ထိပ်တံတား  တိုက်ခိုက်ခံရမှုဟာ မြန်မာနိုင်ငံပြင်ပမှာ သိပ်မသိကြသလို၊ လူတော်တော်များများ သိပ်ပြီးဂရုပြုမိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီတံတားဟာ မြန်မာ့သမိုင်းမှာတော့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

လွန်ခဲ့တဲ့ ၁၂၄ နှစ်က တံတားကြီးကို တည်ဆောက်ခဲ့စဉ်က ဒီတံတားဟာ ထောက်ပံ့ပို့ဆောင်ရေးနဲ့ အင်ဂျင်နီယာပညာရပ်ပိုင်းဆိုင်ရာမှာ အံ့ဖွယ်တခုဖြစ်ခဲ့ပြီး ကမ္ဘာ့အရှည်ဆုံး မီးရထားတံတား ဖြစ်ခဲ့ပါတယ်။ ကိုလိုနီခေတ် ရန်ကုန်နဲ့ တရုတ်နိုင်ငံ ကူမင်းမြို့ကို ဆက်သွယ်ဖို့ ရည်ရွယ်ပြီး တည်ဆောက်ခဲ့တဲ့ အမြင့် ၁၀၂ မီတာရှိတဲ့ ဒီအဆောက်အအုံဟာ မြန်မာ့သမိုင်းရဲ့ အရေးကြီးတဲ့ ဖြစ်ရပ်တွေကို ကြုံတွေ့ခဲ့ရပါတယ်။

အဲဒီဖြစ်ရပ်တွေထဲမှာ ၁၉ ရာစုက ဗြိတိသျှနဲ့ ပြင်သစ်တို့ရဲ့ ရှမ်းတောင်တန်းဒေသတွေက အာဏာပြိုင်ဆိုင်မှုနဲ့ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိန်နဲ့ ဂျပန်တို့ရဲ့ မတူညီတဲ့ မဟာဗျူဟာမြောက် ရည်ရွယ်ချက်တွေ ပါဝင်ပါတယ်။ ဗမာပြည်ကွန်မြူနစ်တွေ၊ တရုတ်ကူမင်တန်တွေ၊ ရှမ်းနဲ့ ကချင် တော်လှန်ရေးအရှိန်မြင့်တက်လာချိန်မှာ ပျက်စီးသွားတာတွေနဲ့လည်း ကြုံတွေ့ခဲ့ပါတယ်။

ပြီးခဲ့တဲ့လပိုင်းက ဒီတံတားပျက်စီးသွားမှုနဲ့ ပတ်သက်ပြီး စစ်အာဏာသိမ်း စစ်အုပ်စုနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အကြား အပြန်အလှန်  စွပ်စွဲထားကြပါတယ်။

မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေဟာ လူသိနည်းပေမဲ့ အိမ်နီးချင်း ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတွေနဲ့ ယှဉ်နိုင်ပါတယ်။ ရန်ကုန်က ရွှေတိဂုံဘုရားဟာ ဘန်ကောက်က ဝပ်အရုဏ်ဘုရားနဲ့ ကမ္ဘောဒီးယားက အန်ကောဝပ်ဘုရားတွေထက် စောတယ်လို့ ဆိုကြပါတယ်။ မြန်မာနိုင်ငံက နေရာနှစ်ခုကိုတော့ ယူနက်စကို (UNESCO) ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ တရားဝင် စာရင်းသွင်းထားပြီးပါပြီ။ အဲဒါတွေကတော့ ပျူမြို့ဟောင်းသုံးခုနဲ့ ပုဂံမြို့တွေပဲ ဖြစ်ကြပါတယ်။

မြောက်ဦးမြို့၊ အင်းလေးကန်နဲ့ ရွှေတိဂုံဘုရား အပါအဝင် တခြားနေရာတွေကိုတော့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်ကော်မတီက စာရင်းသွင်းဖို့ စဉ်းစားနေတဲ့ ယာယီစာရင်းထဲမှာ ထည့်သွင်းထားပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ယူနက်စကိုဟာ ကျွန်တော်တို့အားလုံးရဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းကာကွယ်ဖို့အတွက် နိုင်ငံပေါင်း ၁၇၀ က နေရာပေါင်း ၁,၂၄၈ ခုကို စာရင်းသွင်းထားပြီး ဖြစ်ပါတယ်။

ယဉ်ကျေးမှု အမွေအနှစ်နေရာတွေဟာ ခရီးသွားလုပ်ငန်းကဏ္ဍကနေ တိုင်းပြည်စီးပွားရေးကို အများကြီး အထောက်အကူပြုနိုင်သလို သမိုင်းဆိုင်ရာ အသိပညာနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်လက္ခဏာအတွက်လည်း အရေးကြီးတဲ့ရင်းမြစ် ဖြစ်ပါတယ်။ ဗိသုကာလက်ရာတွေအပြင် ဒီနေရာတွေဟာ လူ့အဖွဲ့အစည်းတွေရဲ့ ယုံကြည်ချက်တွေ၊ အမှတ်ရစရာတွေနဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းထားပါတယ်။

သူတို့ဟာ ပစ္စုပ္ပန်နဲ့ လူမျိုးတမျိုးရဲ့ အတိတ်၊ အနာဂတ်တို့ကို ဆက်သွယ်ပေးတဲ့ တံတားတွေလိုပါပဲ။ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းပြီး သမိုင်းကနေ သင်ယူခဲ့တဲ့ သင်ခန်းစာတွေကို သိုမှီးထားရာ နေရာတွေပါ။ ဒါကြောင့် ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ ကိုယ်စားပြုရာနေရာတွေကို ဖျက်ဆီးလိုက်တာဟာ ယဉ်ကျေးမှုဆိုင်ရာ မှတ်ဉာဏ်နဲ့ လူမှုသဟဇာတဖြစ်မှုအပေါ် သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ၂၀၂၂ ခုနှစ် ဇွန်လမှာ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့ (IBHA) ကို ဖွဲ့စည်းခဲ့ပါတယ်။ IBHA ဟာ အဲဒီအချိန်ကစပြီး ယဉ်ကျေးမှု အမွေအနှစ်အတွက် အရေးပါတဲ့ နေရာတွေကို သီးသန့် စာရင်းပြုစုခဲ့ပါတယ်။ ဥပမာအားဖြင့် IBHA ဟာ မန္တလေးတိုင်းဒေသကြီးက နှစ်ပေါင်း ၆၀၀ ကနေ ၂,၀၀၀ အထိ သက်တမ်းရှိတဲ့ ရှေးဟောင်းမြို့ ခုနစ်မြို့ကို အမွေအနှစ်နေရာတွေအဖြစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ သတ်မှတ်ခဲ့ပါတယ်။

ဂုတ်ထိပ်တံတား တိုက်ခိုက်ခံရပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ IBHA က စစ်ကောင်စီကို တံတားပျက်စီးမှုအတွက် ပြစ်တင်ရှုတ်ချတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ဟာ နိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို စနစ်တကျ ဖျက်ဆီးနေတယ် လို့ စွပ်စွဲပြီး ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ရှေးဟောင်း အမွေအနှစ်နဲ့ ဘာသာရေး အဆောက်အအုံတွေကို ပျက်စီးစေခဲ့တဲ့ တိုက်ခိုက်မှု  ၂၃၁ ခုကိုလည်း ထောက်ပြခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းဒေသကြီးက ရှေးဟောင်းရွာတရွာကို မီးရှို့တိုက်ခိုက်ခဲ့ပြီး ယူနက်စကိုက တရားဝင် အသိအမှတ်ပြုထားတဲ့ ပျူမြို့ဟောင်းတခုဖြစ်တဲ့ ဟန်လင်း နဲ့ နီးစပ်တဲ့ရွာတွေက နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတကျောင်းကိုပါ မီးရှို့ခဲ့ပါတယ်။

အဲဒီလမှာပဲ စစ်တပ်ဟာ မန္တလေးက တောင်သမန် ကျောက်ခေတ်ဟောင်း ရှေးဟောင်းသုတေသနနေရာ ကို ဘူဒိုဇာနဲ့ ထိုးဖျက်ခဲ့ပြီး ကျောက်ခေတ်က အပျက်အစီးတွေကို လမ်းခင်းဖို့ အသုံးပြုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ၁၉၉၈ ခုနှစ် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၂၁ အရ ယဉ်ကျေးမှုအမွေအနှစ်နေရာတွေကို တူးဖော်တာတွေနဲ့ လမ်းဖောက်လုပ်တာတွေကို တားမြစ်ထားပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ရခိုင်ယဉ်ကျေးမှု အမွေအနှစ်များရဲ့ အဓိက သိုလှောင်ရာ မြောက်ဦး ရှေးဟောင်းသုတေသနပြတိုက်ကို ပျက်စီးစေခဲ့ပါတယ်။ 

လက်ရှိ ရခိုင်ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တိုက်ပွဲဝင်နေတဲ့ အာက္ခတပ်တော် (AA) က စစ်ကောင်စီဟာ တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် ပစ္စည်းတွေကို ဖျက်ဆီးဖို့အတွက် ပြတိုက်ကို တမင်သက်သက် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ လို့ ပြောကြားခဲ့ပါတယ်။ ပြတိုက်အတွင်းမှာ ရှေးဟောင်းကျောက်တိုင်တွေ၊ ဒင်္ဂါးပြားတွေ၊ ကျောက်စာတွေ စတဲ့ ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိတဲ့ သမိုင်းဝင်ပစ္စည်းတွေ ရှိခဲ့ပါတယ်။

IBHA က ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လတွေမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်းက လင်းတလူးရွာ ဘုန်းကြီးကျောင်းနဲ့ မွန်ပြည်နယ်က ချမ်းမြေ့ကျေးရွာ ဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုလို မကြာသေးခင်က တိုက်ခိုက်မှုတွေကိုလည်း ထောက်ပြခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၂၅ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။အရေးပါတဲ့ ယဉ်ကျေးမှုအမွေအနှစ်နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ပွဲရဲ့နည်းလမ်းတခုအဖြစ် အမြဲတမ်း အသုံးပြုခံခဲ့ရပါတယ်။ ရှေးခေတ်က အုပ်စိုးသူတွေဆိုရင် သူတို့ပြိုင်ဘက်တွေရဲ့ မြို့တွေ၊ ဘုရားကျောင်းကန်တွေကို မကြာခဏ ဖျက်ဆီးလေ့ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံက ဒီလိုတိုက်ခိုက်မှုတွေဟာ လူမျိုးစု သို့မဟုတ် အတိုက်အခံအဖွဲ့တွေရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ပစ်မှတ်ထားဖို့ ရည်ရွယ်တာလား၊ ဒါမှမဟုတ် လက်နက်ကိုင်အဖွဲ့တွေရဲ့ မဟာဗျူဟာမြောက် နေရာတွေကို စစ်ရေးအရ တိုက်ခိုက်မှုတွေရဲ့ ဘေးထွက်ဆိုးကျိုး သက်သက်လားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ 

ဒါပေမဲ့ သမိုင်းကြောင်းအရရော လက်ရှိအချိန်မှာပါ မြန်မာနိုင်ငံက လူမျိုးစုအဖွဲ့တွေဟာ ဗမာလူမျိုးကြီးဝါဒ သွတ်သွင်းခြင်း ခံခဲ့ကြရပြီး လူမျိုးစုအဖွဲ့တွေနဲ့ သူတို့ရဲ့ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ ဘာသာရေးတွေ ခွဲခြားဆက်ဆံခံရမှုတွေအပြင် ဗမာဗဟိုပြုတဲ့ သီးသန့်သမိုင်းကြောင်းဆိုင်ရာ အမြင်တွေကိုပဲ ဖော်ဆောင်ခံခဲ့ရတာဖြစ်ပါတယ်။

ဥပမာ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ဗဟိုအစိုးရဟာ ကရင်လူမျိုးစုခေါင်းဆောင် စောဘဦးကြီး ရဲ့ ရုပ်တုတွေကို ဖယ်ရှားပြီး တချိန်တည်းမှာပဲ တိုင်းရင်းသားဒေသတွေမှာ ဗမာ့ယဉ်ကျေးမှုနဲ့ သမိုင်းနဲ့သက်ဆိုင်တဲ့ သင်္ကေတတွေကို အစားထိုး ထည့်သွင်းခဲ့တယ်လို့ အရင်က အစီရင်ခံခဲ့ဖူးပါတယ်။ ဒါဟာ တိုင်းရင်းသားအဖွဲ့တွေရဲ့ သမိုင်းဝင်နဲ့ ရှေးဟောင်း အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ အရေးကြီးကြောင်းကို မီးမောင်းထိုးပြထားတဲ့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ နဲ့ တိုက်ရိုက် ဆန့်ကျင်နေတာကို ဖော်ပြနေပါတယ်။ 

၁၉၇၇ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်ကော်မတီဟာ သူတို့ရဲ့ တရားဝင်စာရင်းကနေ သမိုင်းဝင်နေရာတွေကို ဖယ်ရှားနိုင်ပေမဲ့ နိုင်ငံတခုအပေါ် တောင်းဆိုမှုတွေ ပြုလုပ်ဖို့အတွက် သိပ်ပြီးအာဏာ မရှိလှပါဘူး။ ဒါပေမဲ့ အမွေအနှစ်တွေ ဖျက်ဆီးတာကို အပြစ်ပေးဖို့အတွက် နိုင်ငံတကာစာချုပ်တွေတော့ ရှိပါတယ်။ 

၁၉၅၄ ခုနှစ် ဟေ့ဂျ်ကွန်ဗင်းရှင်းဟာ ငြိမ်းချမ်းရေးနဲ့ စစ်ပွဲကာလတွေမှာ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေကို ကာကွယ်ဖို့ ရည်ရွယ်တာဖြစ်သလို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ကို တည်ထောင်ခဲ့တဲ့ ရောမဥပဒေမှာလည်း “အမွေအနှစ်များကို ကျယ်ပြန့်စွာ ဖျက်ဆီးခြင်းနှင့် သိမ်းယူခြင်း” ကို  စစ်ရာဇဝတ်မှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲမှာ ထည့်သွင်းထားပါတယ်။ ဒါပေမဲ့ ရောမဥပဒေနဲ့ ဟေ့ဂျ်ကွန်ဗင်းရှင်းရဲ့ ဒုတိယစာချုပ် နှစ်ခုလုံးမှာ စစ်ရေးအရ မဖြစ်မနေလိုအပ်တဲ့ အခြေအနေတွေအတွက် ချွင်းချက်ပေးတဲ့ ရှင်းလင်းချက်ပုဒ်မတွေ ပါဝင်ပါတယ်။

ဒါပေမဲ့ ဒီလိုကိစ္စတွေအတွက် ပုံစံတူ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ အယ်ကေဒါး လှုပ်ရှားမှုနဲ့ဆက်စပ်သူ Ahmad al-Faqi al-Mahdi ဟာ ၂၀၁၂ ခုနှစ်က မာလီနိုင်ငံ တင်မ်ဘတ်တူးမြို့မှာ ဘာသာရေးနဲ့ သမိုင်းဝင် အဆောက်အအုံတွေကို တမင်တကာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ စစ်ရာဇဝတ်မှုအတွက် အပြစ်ရှိကြောင်း အမိန့်ချမှတ်ခံခဲ့ရပါတယ်။ အဲဒီအထဲမှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နေရာတခုကို တိုက်ခိုက်ခဲ့တာတွေအပြင် တခြား အရေးပါတဲ့ စာရင်းမသွင်းရသေးတဲ့ အထိမ်းအမှတ် အဆောက်အအုံ ကိုးခုကို တိုက်ခိုက်ခဲ့တာတွေ ပါဝင်ပါတယ်။ 

ဒါ့အပြင် ယူဂိုဆလဗ် ပြည်သူ့တပ်မတော်ရဲ့ တပ်မှူး Pavle Strugar ဟာ ၂၀၀၁ ခုနှစ်က ခရိုအေးရှားနိုင်ငံ ဒူဘရော့ဗ်နစ်ခ်မြို့က ရှေးဟောင်းမြို့ဟောင်းမှာ ယဉ်ကျေးမှုနဲ့ သမိုင်းဝင် အထိမ်းအမှတ် အဆောက်အအုံတွေကို ဖျက်ဆီးမှု ဒါမှမဟုတ် ပျက်စီးစေမှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ နှစ်ဦးစလုံး ထောင်ဒဏ်ကျခံခဲ့ရပါတယ်။

ဒီလိုကိစ္စတွေဟာ မြန်မာနိုင်ငံအတွက်လည်း အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ဦးဆောင်တဲ့ ဒီနိုင်ငံမှာ ပြစ်ဒဏ်ကင်းလွတ်ခွင့်က နှစ်ပေါင်းများစွာကြာအောင် ပြဿနာတရပ် ဖြစ်ခဲ့လို့ပါပဲ။ အထင်ရှားဆုံးကတော့ ရိုဟင်ဂျာလူမျိုးတွေအပေါ် စစ်တပ်ရဲ့ မတရားပြုကျင့်မှုတွေပဲ ဖြစ်ပြီး သမိုင်းကြောင်းအရလည်း တခြားသော လူမျိုးစုတိုင်းရင်းသားတွေအပေါ် လည်း ကျူးလွန်ခဲ့ဖူးတာဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာလည်း အဓမ္မဖမ်းဆီးချုပ်နှောင်မှု၊ နှိပ်စက်မှုနဲ့ တရားလက်လွတ် ဗုံးကြဲတိုက်ခိုက်မှုတွေကို ကျူးလွန်ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်ရနေတုန်းပါပဲ။ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေခြင်းနဲ့ လက်ပိုက်ကြည့်နေခြင်းက ပြစ်မှုကျူးလွန်သူတွေကို ပိုပြီး လက်ရဲဇက်ရဲဖြစ်စေပြီး မြန်မာ့အနာဂတ်အတွက် အဓိကစိန်ခေါ်မှုတွေ ဖြစ်စေမယ့် သဘောထားကွဲပြားမှုတွေကို ပိုဆိုးစေနိုင်ပါတယ်။

ဒီပဋိပက္ခကြီးဟာ အချိန်တိုအတွင်း မပြီးနိုင်ပေမဲ့ အခြေအနေတွေကတော့ ပြောင်းလဲနေတယ်လို့ မြင်ရပါတယ်။ ၂၀၂၄ ခုနှစ် မေလမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကနေ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ နိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို လွှမ်းခြုံထားတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ တည်ငြိမ်တဲ့ ထိန်းချုပ်မှု မရှိပါဘူး။ နိုင်ငံတကာ နယ်စပ်ရှိတဲ့ မြို့နယ် ၅၁ ခုထဲမှာလည်း ငါးမြို့နယ်သာ စစ်အုပ်စု ဒါမှမဟုတ် စစ်အုပ်ရဲ့ကြားခံ ပြည်သူ့စစ်အဖွဲ့တွေက လက်ရှိမှာ တည်တည်ငြိမ်ငြိမ် ထိန်းချုပ်နိုင်တာဖြစ်ပါတယ်။ 

လက်ရှိစစ်ပွဲမှာ စစ်အုပ်စုကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄၀ ကျော် ရှိပြီး အောင်မြင်မှုတွေ အများကြီး ရရှိနေပေမဲ့ ဒီအဖွဲ့အစည်းတွေတော်တော်များများမှာ ပဋိပက္ခအလွန်နိုင်ငံရေးနဲ့ ပတ်သက်တဲ့ မတူညီတဲ့ ရည်မှန်းချက်တွေနဲ့ အမြင်တွေ ရှိနေပါတယ်။

မတူညီတဲ့ နိုင်ငံတွေအကြား၊ နိုင်ငံအတွင်း ဒေသတွေအကြားမှာ ယဉ်ကျေးမှုဆိုင်ရာ မတူကွဲပြားမှုတွေရှိပေမဲ့ ဗိသုကာပညာ၊ အနုပညာနဲ့ တခြား သမိုင်းဝင် ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍတွေကတော့ လူတွေ၊ လူမှုအသိုင်းအဝိုင်းတွေကို သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာ သတ်မှတ်ဖို့နဲ့ စစ်ပွဲကနေ ကုစားဖို့ ကူညီပေးနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဘာသာစကားတခုကို ဖန်တီးပေးပါတယ်။ 

ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်လက္ခဏာ ဆုံးရှုံးမှုဟာ လူမှုစည်းလုံးညီညွတ်မှုနဲ့ သဟဇာတဖြစ်မှု ပျက်ပြားတာနဲ့ ဆက်နွယ်နေပြီး ဘုံတူညီတဲ့သမိုင်းနဲ့ တန်ဖိုးတွေကနေ ကင်းကွာသွားစေနိုင်တဲ့အပြင် ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်လက္ခဏာကို ထိန်းသိမ်းခြင်းနဲ့ ဂုဏ်ပြုခြင်းတွေဟာလည်း ဆန့်ကျင်ဘက် အကျိုးသက်ရောက်သွားနိုင်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ ဆယ်စုနှစ်သုံးခုကြာ တော်လှန်ရေးနဲ့ ပဋိပက္ခနောက်ပိုင်း အန်ကောဝပ် ကို ၁၉၉၂ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ထည့်သွင်းခဲ့ပြီး နိုင်ငံပြန်လည်ထူထောင်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်က အရေးပါတဲ့ ခြေလှမ်းတခုအဖြစ် မှတ်ကျောက်တင်ခံခဲ့ရပါတယ်။ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနား က စတာရီမို့စ် တံတား နဲ့ တင်မ်ဘတ်တူးမြို့က ဂူဗိမာန်တွေ အပါအဝင် ကမ္ဘာတဝန်းမှာလည်း အလားတူ ဥပမာတွေ ရှိနေပါတယ်။

အရေးပါတဲ့ ယဉ်ကျေးမှုဆိုင်ရာ နေရာတွေနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေဟာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ပါတယ်။ 

IBHA ဟာ အမွေအနှစ်နေရာတွေကို သူတို့ကိုယ်ပိုင်စာရင်းထဲမှာ စာရင်းသွင်းတာအပြင် ဒေသန္တရ အုပ်ချုပ်ရေးမှူးတွေကို ထိန်းသိမ်းရေး နည်းစနစ်တွေနဲ့ ပတ်သက်ပြီး ပညာပေးဖို့လည်း ရည်ရွယ်ထားတာပါ။ ဒါ့အပြင် အရေးပါတဲ့ နေရာတွေကို စောင့်ရှောက်ဖို့နဲ့ အကာအကွယ်ပေးထားတဲ့ နယ်မြေတွေရဲ့အဝေးမှာ တိုက်ပွဲတွေဖော်ဆောင်ဖို့ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။ 

ဘယ်နိုင်ငံကမှ ယဉ်ကျေးမှု အမွေအနှစ်တွေကို ကာကွယ်ဖို့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို စေလွှတ်ဖို့ သဘောတူမှာမဟုတ်ပေမဲ့ အကူအညီပေးနိုင်တဲ့ တခြားနည်းလမ်းတွေ ရှိပါတယ်။ မှတ်တမ်းမော်ကွန်းတွေဖန်တီးမှု၊ လူအဖွဲ့အစည်း ဦးဆောင်တဲ့ ထိန်းသိမ်းရေး အစီအစဉ်တွေအတွက် ရန်ပုံငွေ ထောက်ပံ့မှုနဲ့ လိုအပ်ရင် တရားစွဲဆိုမှုနဲ့ ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုတွေကနေတဆင့် အမွေအနှစ်နဲ့ သမိုင်းကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နိုင်ပါတယ်။

သမိုင်းနဲ့ မတူကွဲပြားမှုတွေကို ကိုယ်စားပြုတဲ့ နေရာတွေကို ဖျက်ဆီးတာဟာ နောင်မျိုးဆက်တွေအထိ အကျိုးဆက်တွေ ရှိနိုင်ပါတယ်။ မြန်မာစစ်တပ်နဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေ နှစ်ဖက်စလုံးဟာ ဒါကို သတိထားပြီး အတတ်နိုင်ဆုံး ကာကွယ်ဖို့ လုပ်ဆောင်သင့်ပါတယ်။ 

လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီလိုနေရာတွေကို တက်တက်ကြွကြွ ကာကွယ်ဖို့ စွမ်းဆောင်ရည် အကန့်အသတ်ရှိတဲ့အတွက် IBHA နဲ့ KHRG လို ဒေသခံအဖွဲ့အစည်းတွေအပြင် ဒေသခံ သတင်းမီဒီယာတွေကလည်း အနည်းဆုံး ယဉ်ကျေးမှုအမွေအနှစ် ဖျက်ဆီးခံရမှု ဖြစ်ရပ်တွေကို မှတ်တမ်းတင်တာလိုမျိုး အရေးကြီးတဲ့အရာတွေကို လုပ်ဆောင်ရမှာပါ။ 

ဒါဟာ အရေးကြီးတဲ့သမိုင်းကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ အကူအညီဖြစ်စေသလို ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ ပဋိပက္ခအပြီး ပြန်လည်ထူထောင်ရေးအတွက်လည်း အရေးကြီးတဲ့ အခြေခံအုတ်မြစ်တွေကို ချပေးနိုင်ပါတယ်။ 

နောင်နှစ်တွေမှာဆိုရင် ဒီလိုမှတ်တမ်းတွေဟာ မြန်မာနိုင်ငံက လူမျိုးစုတိုင်းရင်းသားအုပ်စုတွေရဲ့ ထူးခြားတဲ့ ဓလေ့ထုံးတမ်း၊ ရိုးရာနဲ့ သမိုင်းတွေအတွက် အရေးကြီးတဲ့ သက်သေအထောက်အထားတွေ ဖြစ်လာနိုင်ပါတယ်။

***

The Diplomat မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ Jonathan Jordan ရဲ့ “How Cultural Heritage Is Being Attacked – and Protected – in Myanmar’s Civil War” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန် ဖော်ပြခြင်းဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

လူငယ်တွေမရှိရင် မြန်မာပြည်အတွက် အနာဂတ်မရှိ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ စစ်အသွင်အပြောင်းဆုံး လူ့အဖွဲ့အစည်းတွေထဲကတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီလို အသွင်ပြောင်းလဲလာမှုဟာ တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ မြန်မာလူငယ်တွေရဲ့ ဘဝနဲ့ အနာဂတ်အပေါ် အထူးဆိုးရွားစွာ သက်ရောက်စေပါတယ်။ လက်ရှိအချိန်ဟာ လူငယ်တွေကို မြန်မာ့နိုင်ငံရေး အနာဂတ်ရဲ့ ဗဟိုချက်မှာ ထားရှိရတော့မယ့်အချိန် ဖြစ်ပါတယ်။ 
Read More

ကမ္ဘာ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အမြင့်ဆုံး နိုင်ငံအဖြစ် မြန်မာရပ်တည်ဆဲ

မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ ဘိန်းနဲ့ ဘိန်းဖြူ စိုက်ပျိုးထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေဆဲပဲလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုရုံး (UNODC) က ဒီဇင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပြောပါတယ်။
Read More

စစ်ကောင်စီထံမှ MDY PDF သိမ်းဆည်းရရှိသည့် တရုတ်ထုတ် စစ်လက်နက်များ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာ ၃ ရွာက စစ်ကောင်စီတပ်စခန်းတွေကို MDY PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် သိမ်းဆည်းရရှိတဲ့ စစ်လက်လက်နက် ပစ္စည်းတွေထဲမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီထုတ် စစ်လက်နက်တွေပါဝင်နေခဲ့ပါတယ်။ 
Read More

ဒေါက်တာ တေဇာစန်း ဝေဖန်ထောက်ပြခဲ့သည့် ပကဖ ကိစ္စအပေါ် မြေပြင်တပ်ဖွဲ့ဝင်အချို့ ဘာပြောလဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တော်လှန်ရေးကာလ ၄နှစ်ကျော်လာချိန်မှာ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်းက ထောက်ပြပြောဆိုခဲ့ပါတယ်။ လူမှုကွန်ရက်စာမျက်နှာကတဆင့် ဒေါက်တာ တေဇာစန်း ပြောဆိုခဲ့တဲ့ အချက်တွေထဲမှာ ပကဖ နဲ့ ပတ်သက်တဲ့ အချက်လည်း ပါဝင်ခဲ့ပါတယ်။
Read More

လျှပ်စစ်မီး မပေးနိုင်ခြင်းကို အကြောင်းပြကာ ဆိုလာကို အကျိုးစီးပွားအတွက် အသုံးချလာသော စစ်ကောင်စီ

သဘာ၀ပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမရှိစေဘဲ၊ မီးခိုးမထွက်တဲ့ စွမ်းအင်လို့ လူသိများတဲ့ နေရောင်ခြည်စွမ်းအင်(ဆိုလာပါဝါ) ကို မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ကတော့ ၎င်းတို့အကျိုးစီးပွားအတွက် စတင်အသုံးချလာပြီဖြစ်ပါတယ်။ 
Read More

မြန်မာ့တော်လှန်‌ရေး ရှေ့ဆက်ဘယ်လောက်သွားနိုင်မလဲ ဆိုတာ တရုတ်ဆုံးဖြတ်နေတယ်

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ မြေပြင်အခြေအနေတွေကို ပိုမိုထိန်းချုပ်လာနိုင်တာကြောင့်၊ တော်လှန်ရေးအင်အားစုများအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ရှိလာ‌နေပြီဖြစ်တယ်