ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ အကြမ်းဖက်စစ်တပ်က နယ်မြေရှင်းလင်းရေးအတွက် စစ်ကြောင်းတွေထိုးရင်း စစ်ဘေးရှောင်စခန်းတစ်ခုနဲ့ လူနေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့သလို အသက် ၈ နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် အရပ်သား ၅ယောက်ကိုလည်း တရားလက်လွတ် ဖမ်းဆီးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အခုနှစ် (၂၀၂၅) ဇူလိုင်လ နောက်ဆုံးအပတ်ကစလို့ ကလောအခြေစိုက် တပ်မ (၅၅) နဲ့ မိတ္ထီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံ အကြမ်းဖက်စစ်သားတွေဟာ ရွာငံမြို့နယ်အနောက်ပိုင်းက ရွာငံ-မိတ္ထီလာအစပ်ကျေးရွာတွေဆီ စစ်ကြောင်းတွေဝင်ရောက်ရင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့​ ထိတွေ့မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့မှုတွေဖြစ်ပြီးတဲ့နောက် အကြမ်းဖက်စစ်တပ်ဟာ ဩဂုတ်လ ၁၈ ရက် နေ့လယ်ပိုင်းမှာ ကျောက်တောကျေးရွာနဲ့ ညောင်ပင်သာကျေးရွာတွေကို ရဟတ်ယာဉ်နဲ့ စတင်ဗုံးကြဲချတိုက်ခိုက်တဲ့အတွက် အရပ်သားတွေဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်​ခဲ့ရပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဩဂုတ်လ ၁၉ ရက်ကနေ ၂၁ ရက်အထိ မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်က ကျောက်တောနဲ့ ညောင်ပင်သာကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ အရပ်သား​တွေ ရှိရာ တောတောင်တွေဆီ ဟောင်ဝစ်ဇာအမြောက်နဲ့ ၁၅၅ မမလက်နက်ကြီးတွေ ပစ်ခတ်ခဲ့သေးတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဖော်ပြပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၂၁ ရက်နေ့မှာ ကျောက်တောနဲ့ ညောင်ပင်သာကျေးရွာတွေပေါ်ကို အကြမ်းဖက်စစ်တပ်က နောက်ထပ် ဗုံးသီး ၃လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

အဲ့ဒီနောက် ဩဂုတ်လ ၂၃ ရက်နေ့မှာတော့ အကြမ်းဖက်စစ်ကြောင်းဟာ အင်အား ၈၀နီးပါးနဲ့ ကျောက်တောကျေးရွာထဲ ဝင်ရောက်ပြီး အရပ်သားပိုင်ပစ္စည်းတွေကိုခိုးယူတာ၊ ကျွဲ၊ နွား အပါအဝင် မွေးမြူရေးတိရစ္ဆာန်တွေ သတ်ဖြတ်စားသောက်တာတွေလုပ်ဆောင်ရင်း ဩဂုတ်လ ၂၅ ရက်နေ့ ညပိုင်းမှာတော့ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

ပုံစာ – ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာ မြင်ကွင်း (ပုံဟောင်း)

မီးရှို့ဖျက်ဆီးခံရမှုကြောင့် အရပ်သားနေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ပထမအပတ်အတွင်းမှာလည်း ကလောတပ်မ (၅၅) စစ်သားတွေနဲ့ လက်အောက်ခံပျူစောထီးတွေ ပါဝင်တဲ့ စစ်ကြောင်းဟာ အင်အား၁၀၀နီးပါးနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက စစ်ဘေးရှောင်နေရတဲ့ မင်းပလောင်ကျေးရွာခံတွေ ယာယီခိုလှုံနေရာ တောတောင်ထဲက တဲတွေကို စီးနင်းမီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ဒါတွေအပြင် စက်တင်ဘာလ ၁၃၊ ၁၄နဲ့ ၁၅ရက်နေ့တွေမှာလည်း စစ်အုပ်စု​က ကျောက်တောရွာမှာရှိတဲ့ ယာယီတဲတွေ အပါအဝင် အရပ်သားနေအိမ် ၂၃ လုံးနဲ့ စပါးကျီ ၉၀ ကို ထပ်မံ ဖျက်ဆီးခဲ့ရာ ကျပ်သိန်း ၁၅၀၀ နီးပါးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့မှာတော့ အထက်ပါ စစ်ကြောင်းဟာ ကျောက်တောကျေးရွာအနီးက အရပ်သားတွေပုန်းခိုနေရာ တောတွင်း လှိုင်ဂူတစ်ခုကို စီးနင်းရှာဖွေမိပြီး အသက် ၈နှစ်အရွယ်ကလေးငယ် ၁ယောက်အပါအဝင် ပုန်းအောင်းနေတဲ့ စစ်ဘေးရှောင်အရပ်သား ၅ယောက်ကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းနဲ့ မိတ္ထီလာမြို့ဆီ ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

“သတင်းကအမှန်ပါ။ တောထဲက ကျောက်ဂူ၁လုံးထဲမှာ သူတို့တွေ စစ်ရှောင်နေချိန် စစ်တပ်က ဖမ်းဆီးမိသွားတာ၊ အမှန်က စစ်ဘေးရှောင်မိသားစုပါ။ ဒါကိုဂူထဲမှာ ဒေသကာကွယ်ရေးတပ်ရဲ့အသုံးအဆောင်ပစ္စည်းတချို့နဲ့ တူမီးသေနတ်တွေပါ မိတယ်ဆိုပြီး PDF နဲ့ပတ်သက်တယ်လို့စွပ်စွဲရင်း မိတ္ထီလာစစ်ကြောရေးကို ဖမ်းသွားတာပါ။” လို့ ရွာငံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်ကမောင်းကိုပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၄ ရက်နေ့ကလည်းညောင်ပင်သာနဲ့ ကျောက်တောကျေးရွာနေ အရပ် ရွာသားတွေ ယာယီခိုလှုံနေတဲ့ တောတွင်းစစ်ဘေးရှောင်စခန်းတစ်ခုမှာ မိုးသည်းထန်​ပြီး မြေပြိုမှုတွေဖြစ်ကာ ကလေးငယ် ၃ယောက် အပါအဝင် လူ ၁၀ယောက် သေဆုံးခဲ့ပါတယ်။

အဲ့ဒီနောက် စက်တင်ဘာလ နောက်ဆုံးအပတ်မှာလည်း အကြမ်းဖက်စစ်တပ်ဟာ တောတောင်ထဲက ကျောက်တောရွာခံတွေခိုလှုံရာ ယာယီတဲ ၅ လုံးကို ထပ်မံဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိလည်း အထက်ပါ ကျောက်တောနဲ့ညောင်ပင်သာကျေးရွာ​တွေမှာ အကြမ်းဖက်စစ်တပ် တပ်စွဲနေတာကြောင့် နေရပ်စွန့်ခွာနေရတဲ့ အရပ်သား ၅၀၀ နီးပါးဟာ ရွာတွေထဲ ပြန်လည်မဝင်ရောက်နိုင်သေးဘဲ တောတောင်​တွေထဲမှာသာ နေထိုင်နေရကြောင်းနဲ့ သူတို့အတွက် အစားအသောက်နဲ့ အမိုးအကာတွေအပါအဝင် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဖော်ပြပါတယ်။

0 Shares:
You May Also Like
Read More

ကမ်းပါးနီ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ ကလေး တောင်ပိုင်းက ဆေးရုံဆေးခန်းတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ မဏိပူရ မူးမြစ်ကူးတံတားအနီးက ကမ်းပါးနီစစ်အုပ်စုစခန်းကို Chin Defense Force - KKG နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေကြောင်း သိရပါတယ်။
Read More

မိတ္ထီလာတွင် တညတည်း လူငယ် ၂၀ ကျော် ပေါ်တာဆွဲခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ တညအတွင်း စစ်တပ်က လူငယ် အယောက် ၂၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ မတ္ထီလာမြို့ရဲ့ တပ်တွင်းသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

အမေရိကန်ဖွား ကာဒီနယ် ရောဘတ် ဖရန်စစ် ပရက်ဗော့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ကြေညာ

ရိုမန်ကတ်သလစ်ကျောင်းတော်ရဲ့ ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အသက် ၆၉ နှစ်အရွယ် အမေရိကန်ဖွား ကာဒီနယ် ရောဘတ်ဖရန်စစ်ပရက်ဗို့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ဗာတီကန်မှာ ကြေညာလိုက်ပြီဖြစ်ပါတယ်။
Read More

တော်လှန်ရေး ထိန်းချုပ်နယ်မြေများကို စစ်သည်အင်အား အကုန်ထုတ်သုံး၍ ကာကွယ်နေကြောင်း မတ္တရာ ပကဖ ထုတ်ပြန် 

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး တိုက်ပွဲအတွင်း တော်လှန်ရေးခြေလှမ်း မရပ်တန့်ဘဲ စစ်သည်အင်အား အကုန်သုံးပြီး တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲမြို့မှာ မတ်လ ပထမလဝက်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုကြောင့် ပြည်သူနေအိမ် (၁၅) လုံးနှင့်အထက် ထိခိုက်ပျက်စီး 

၂၀၂၅ ခုနှစ် မတ်လ (၁) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြည်သူနေအိမ် (၁၅) လုံးနဲ့အထက် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF၊ ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန က မတ်လ ၁၆ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ 
Read More

ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို အကြမ်းဖက်စစ်တပ် Y 12 လေယာဥ်၊ အသေခံဒရုန်းများနှင့် အကြောင်းမဲ့ တိုက်ခိုက်ခဲ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို အကြမ်းဖက် စစ်ကောင်မရှင်က Y 12 လေယာဥ်၊ ကာမီကာဇေဒရုန်းတွေကို အသုံးပြုပြီး အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မနေ့က ထုတ်ပြန်ပါတယ်။