ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ အကြမ်းဖက်စစ်တပ်က နယ်မြေရှင်းလင်းရေးအတွက် စစ်ကြောင်းတွေထိုးရင်း စစ်ဘေးရှောင်စခန်းတစ်ခုနဲ့ လူနေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့သလို အသက် ၈ နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် အရပ်သား ၅ယောက်ကိုလည်း တရားလက်လွတ် ဖမ်းဆီးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အခုနှစ် (၂၀၂၅) ဇူလိုင်လ နောက်ဆုံးအပတ်ကစလို့ ကလောအခြေစိုက် တပ်မ (၅၅) နဲ့ မိတ္ထီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံ အကြမ်းဖက်စစ်သားတွေဟာ ရွာငံမြို့နယ်အနောက်ပိုင်းက ရွာငံ-မိတ္ထီလာအစပ်ကျေးရွာတွေဆီ စစ်ကြောင်းတွေဝင်ရောက်ရင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့​ ထိတွေ့မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့မှုတွေဖြစ်ပြီးတဲ့နောက် အကြမ်းဖက်စစ်တပ်ဟာ ဩဂုတ်လ ၁၈ ရက် နေ့လယ်ပိုင်းမှာ ကျောက်တောကျေးရွာနဲ့ ညောင်ပင်သာကျေးရွာတွေကို ရဟတ်ယာဉ်နဲ့ စတင်ဗုံးကြဲချတိုက်ခိုက်တဲ့အတွက် အရပ်သားတွေဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်​ခဲ့ရပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဩဂုတ်လ ၁၉ ရက်ကနေ ၂၁ ရက်အထိ မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်က ကျောက်တောနဲ့ ညောင်ပင်သာကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ အရပ်သား​တွေ ရှိရာ တောတောင်တွေဆီ ဟောင်ဝစ်ဇာအမြောက်နဲ့ ၁၅၅ မမလက်နက်ကြီးတွေ ပစ်ခတ်ခဲ့သေးတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဖော်ပြပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၂၁ ရက်နေ့မှာ ကျောက်တောနဲ့ ညောင်ပင်သာကျေးရွာတွေပေါ်ကို အကြမ်းဖက်စစ်တပ်က နောက်ထပ် ဗုံးသီး ၃လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

အဲ့ဒီနောက် ဩဂုတ်လ ၂၃ ရက်နေ့မှာတော့ အကြမ်းဖက်စစ်ကြောင်းဟာ အင်အား ၈၀နီးပါးနဲ့ ကျောက်တောကျေးရွာထဲ ဝင်ရောက်ပြီး အရပ်သားပိုင်ပစ္စည်းတွေကိုခိုးယူတာ၊ ကျွဲ၊ နွား အပါအဝင် မွေးမြူရေးတိရစ္ဆာန်တွေ သတ်ဖြတ်စားသောက်တာတွေလုပ်ဆောင်ရင်း ဩဂုတ်လ ၂၅ ရက်နေ့ ညပိုင်းမှာတော့ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

ပုံစာ – ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာ မြင်ကွင်း (ပုံဟောင်း)

မီးရှို့ဖျက်ဆီးခံရမှုကြောင့် အရပ်သားနေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ပထမအပတ်အတွင်းမှာလည်း ကလောတပ်မ (၅၅) စစ်သားတွေနဲ့ လက်အောက်ခံပျူစောထီးတွေ ပါဝင်တဲ့ စစ်ကြောင်းဟာ အင်အား၁၀၀နီးပါးနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက စစ်ဘေးရှောင်နေရတဲ့ မင်းပလောင်ကျေးရွာခံတွေ ယာယီခိုလှုံနေရာ တောတောင်ထဲက တဲတွေကို စီးနင်းမီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ဒါတွေအပြင် စက်တင်ဘာလ ၁၃၊ ၁၄နဲ့ ၁၅ရက်နေ့တွေမှာလည်း စစ်အုပ်စု​က ကျောက်တောရွာမှာရှိတဲ့ ယာယီတဲတွေ အပါအဝင် အရပ်သားနေအိမ် ၂၃ လုံးနဲ့ စပါးကျီ ၉၀ ကို ထပ်မံ ဖျက်ဆီးခဲ့ရာ ကျပ်သိန်း ၁၅၀၀ နီးပါးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့မှာတော့ အထက်ပါ စစ်ကြောင်းဟာ ကျောက်တောကျေးရွာအနီးက အရပ်သားတွေပုန်းခိုနေရာ တောတွင်း လှိုင်ဂူတစ်ခုကို စီးနင်းရှာဖွေမိပြီး အသက် ၈နှစ်အရွယ်ကလေးငယ် ၁ယောက်အပါအဝင် ပုန်းအောင်းနေတဲ့ စစ်ဘေးရှောင်အရပ်သား ၅ယောက်ကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းနဲ့ မိတ္ထီလာမြို့ဆီ ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

“သတင်းကအမှန်ပါ။ တောထဲက ကျောက်ဂူ၁လုံးထဲမှာ သူတို့တွေ စစ်ရှောင်နေချိန် စစ်တပ်က ဖမ်းဆီးမိသွားတာ၊ အမှန်က စစ်ဘေးရှောင်မိသားစုပါ။ ဒါကိုဂူထဲမှာ ဒေသကာကွယ်ရေးတပ်ရဲ့အသုံးအဆောင်ပစ္စည်းတချို့နဲ့ တူမီးသေနတ်တွေပါ မိတယ်ဆိုပြီး PDF နဲ့ပတ်သက်တယ်လို့စွပ်စွဲရင်း မိတ္ထီလာစစ်ကြောရေးကို ဖမ်းသွားတာပါ။” လို့ ရွာငံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်ကမောင်းကိုပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၄ ရက်နေ့ကလည်းညောင်ပင်သာနဲ့ ကျောက်တောကျေးရွာနေ အရပ် ရွာသားတွေ ယာယီခိုလှုံနေတဲ့ တောတွင်းစစ်ဘေးရှောင်စခန်းတစ်ခုမှာ မိုးသည်းထန်​ပြီး မြေပြိုမှုတွေဖြစ်ကာ ကလေးငယ် ၃ယောက် အပါအဝင် လူ ၁၀ယောက် သေဆုံးခဲ့ပါတယ်။

အဲ့ဒီနောက် စက်တင်ဘာလ နောက်ဆုံးအပတ်မှာလည်း အကြမ်းဖက်စစ်တပ်ဟာ တောတောင်ထဲက ကျောက်တောရွာခံတွေခိုလှုံရာ ယာယီတဲ ၅ လုံးကို ထပ်မံဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိလည်း အထက်ပါ ကျောက်တောနဲ့ညောင်ပင်သာကျေးရွာ​တွေမှာ အကြမ်းဖက်စစ်တပ် တပ်စွဲနေတာကြောင့် နေရပ်စွန့်ခွာနေရတဲ့ အရပ်သား ၅၀၀ နီးပါးဟာ ရွာတွေထဲ ပြန်လည်မဝင်ရောက်နိုင်သေးဘဲ တောတောင်​တွေထဲမှာသာ နေထိုင်နေရကြောင်းနဲ့ သူတို့အတွက် အစားအသောက်နဲ့ အမိုးအကာတွေအပါအဝင် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဖော်ပြပါတယ်။

0 Shares:
You May Also Like
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၈ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၈ ယောက် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

မင်းလှတွင် စစ်မှုထမ်းကြေးကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အလယ်ကုန်းအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး စိုးဝင်းဟာ ရွာခံတွေကို စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က သတင်းထုတ်ပြန်ပါတယ်။
Read More

ဆိပ်ဖြူမှာ ဝါဇီစက်ရုံတိုက်ခိုက်ခံထားရတဲ့ စစ်ကောင်စီက ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်၊ စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာ ထိမှန်လို့ အရပ်သား ၅ ဦးသေပြီး ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဝါဇီစက်ရုံ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက မြို့အနောက်ခြမ်းကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်နေတဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ 
Read More

မြိုင်၊ ပေါက်နဲ့ ပခုက္ကူတို့မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့မှုတွေအကြောင်း မြိုင်ပကဖ ထုတ်ပြန်

မကွေးတိုင်း၊ ပခုက္ကူဒေသတွင်းက မြိုင်နဲ့ ပေါက်တို့မှာ ထိတွေ့မှု ကြီး၊ ငယ်ဖြစ်ပွားခဲ့တာတွေကို မြိုင်ပကဖက ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

မျိုးဆက်အလိုက် ပုခုံးထမ်း သယ်ဆောင်လာသည့် တော်လှန်ရေး၏ ပန်းတိုင်ကို ယနေ့အချိန် မြင်နေရပြီဟု NUG ယာယီသမ္မတ ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့မှာ ကျရောက်တဲ့ ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၇) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

အညာဒေသအခြေစိုက် Rocket Fighter တပ်ဖွဲ့၏ ခဲယမ်းသိုလှောင်စခန်း မီးလောင်ပျက်စီးမှု ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိ ခဲယမ်းများ ပျက်စီးဆုံးရှုံးခဲ့

အညာဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် တစ်ခုဖြစ်တဲ့ Rocket Fighter တပ်ဖွဲ့ရဲ့ ခဲယမ်းသိုလှောင်စခန်း မီးလောင်မှုဖြစ်ပွားကာ ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိ ခဲယမ်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။