ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ အကြမ်းဖက်စစ်တပ်က နယ်မြေရှင်းလင်းရေးအတွက် စစ်ကြောင်းတွေထိုးရင်း စစ်ဘေးရှောင်စခန်းတစ်ခုနဲ့ လူနေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့သလို အသက် ၈ နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် အရပ်သား ၅ယောက်ကိုလည်း တရားလက်လွတ် ဖမ်းဆီးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အခုနှစ် (၂၀၂၅) ဇူလိုင်လ နောက်ဆုံးအပတ်ကစလို့ ကလောအခြေစိုက် တပ်မ (၅၅) နဲ့ မိတ္ထီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံ အကြမ်းဖက်စစ်သားတွေဟာ ရွာငံမြို့နယ်အနောက်ပိုင်းက ရွာငံ-မိတ္ထီလာအစပ်ကျေးရွာတွေဆီ စစ်ကြောင်းတွေဝင်ရောက်ရင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့​ ထိတွေ့မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့မှုတွေဖြစ်ပြီးတဲ့နောက် အကြမ်းဖက်စစ်တပ်ဟာ ဩဂုတ်လ ၁၈ ရက် နေ့လယ်ပိုင်းမှာ ကျောက်တောကျေးရွာနဲ့ ညောင်ပင်သာကျေးရွာတွေကို ရဟတ်ယာဉ်နဲ့ စတင်ဗုံးကြဲချတိုက်ခိုက်တဲ့အတွက် အရပ်သားတွေဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်​ခဲ့ရပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဩဂုတ်လ ၁၉ ရက်ကနေ ၂၁ ရက်အထိ မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်က ကျောက်တောနဲ့ ညောင်ပင်သာကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ အရပ်သား​တွေ ရှိရာ တောတောင်တွေဆီ ဟောင်ဝစ်ဇာအမြောက်နဲ့ ၁၅၅ မမလက်နက်ကြီးတွေ ပစ်ခတ်ခဲ့သေးတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဖော်ပြပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၂၁ ရက်နေ့မှာ ကျောက်တောနဲ့ ညောင်ပင်သာကျေးရွာတွေပေါ်ကို အကြမ်းဖက်စစ်တပ်က နောက်ထပ် ဗုံးသီး ၃လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

အဲ့ဒီနောက် ဩဂုတ်လ ၂၃ ရက်နေ့မှာတော့ အကြမ်းဖက်စစ်ကြောင်းဟာ အင်အား ၈၀နီးပါးနဲ့ ကျောက်တောကျေးရွာထဲ ဝင်ရောက်ပြီး အရပ်သားပိုင်ပစ္စည်းတွေကိုခိုးယူတာ၊ ကျွဲ၊ နွား အပါအဝင် မွေးမြူရေးတိရစ္ဆာန်တွေ သတ်ဖြတ်စားသောက်တာတွေလုပ်ဆောင်ရင်း ဩဂုတ်လ ၂၅ ရက်နေ့ ညပိုင်းမှာတော့ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

ပုံစာ – ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာ မြင်ကွင်း (ပုံဟောင်း)

မီးရှို့ဖျက်ဆီးခံရမှုကြောင့် အရပ်သားနေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ပထမအပတ်အတွင်းမှာလည်း ကလောတပ်မ (၅၅) စစ်သားတွေနဲ့ လက်အောက်ခံပျူစောထီးတွေ ပါဝင်တဲ့ စစ်ကြောင်းဟာ အင်အား၁၀၀နီးပါးနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက စစ်ဘေးရှောင်နေရတဲ့ မင်းပလောင်ကျေးရွာခံတွေ ယာယီခိုလှုံနေရာ တောတောင်ထဲက တဲတွေကို စီးနင်းမီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ဒါတွေအပြင် စက်တင်ဘာလ ၁၃၊ ၁၄နဲ့ ၁၅ရက်နေ့တွေမှာလည်း စစ်အုပ်စု​က ကျောက်တောရွာမှာရှိတဲ့ ယာယီတဲတွေ အပါအဝင် အရပ်သားနေအိမ် ၂၃ လုံးနဲ့ စပါးကျီ ၉၀ ကို ထပ်မံ ဖျက်ဆီးခဲ့ရာ ကျပ်သိန်း ၁၅၀၀ နီးပါးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့မှာတော့ အထက်ပါ စစ်ကြောင်းဟာ ကျောက်တောကျေးရွာအနီးက အရပ်သားတွေပုန်းခိုနေရာ တောတွင်း လှိုင်ဂူတစ်ခုကို စီးနင်းရှာဖွေမိပြီး အသက် ၈နှစ်အရွယ်ကလေးငယ် ၁ယောက်အပါအဝင် ပုန်းအောင်းနေတဲ့ စစ်ဘေးရှောင်အရပ်သား ၅ယောက်ကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းနဲ့ မိတ္ထီလာမြို့ဆီ ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

“သတင်းကအမှန်ပါ။ တောထဲက ကျောက်ဂူ၁လုံးထဲမှာ သူတို့တွေ စစ်ရှောင်နေချိန် စစ်တပ်က ဖမ်းဆီးမိသွားတာ၊ အမှန်က စစ်ဘေးရှောင်မိသားစုပါ။ ဒါကိုဂူထဲမှာ ဒေသကာကွယ်ရေးတပ်ရဲ့အသုံးအဆောင်ပစ္စည်းတချို့နဲ့ တူမီးသေနတ်တွေပါ မိတယ်ဆိုပြီး PDF နဲ့ပတ်သက်တယ်လို့စွပ်စွဲရင်း မိတ္ထီလာစစ်ကြောရေးကို ဖမ်းသွားတာပါ။” လို့ ရွာငံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်ကမောင်းကိုပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၄ ရက်နေ့ကလည်းညောင်ပင်သာနဲ့ ကျောက်တောကျေးရွာနေ အရပ် ရွာသားတွေ ယာယီခိုလှုံနေတဲ့ တောတွင်းစစ်ဘေးရှောင်စခန်းတစ်ခုမှာ မိုးသည်းထန်​ပြီး မြေပြိုမှုတွေဖြစ်ကာ ကလေးငယ် ၃ယောက် အပါအဝင် လူ ၁၀ယောက် သေဆုံးခဲ့ပါတယ်။

အဲ့ဒီနောက် စက်တင်ဘာလ နောက်ဆုံးအပတ်မှာလည်း အကြမ်းဖက်စစ်တပ်ဟာ တောတောင်ထဲက ကျောက်တောရွာခံတွေခိုလှုံရာ ယာယီတဲ ၅ လုံးကို ထပ်မံဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိလည်း အထက်ပါ ကျောက်တောနဲ့ညောင်ပင်သာကျေးရွာ​တွေမှာ အကြမ်းဖက်စစ်တပ် တပ်စွဲနေတာကြောင့် နေရပ်စွန့်ခွာနေရတဲ့ အရပ်သား ၅၀၀ နီးပါးဟာ ရွာတွေထဲ ပြန်လည်မဝင်ရောက်နိုင်သေးဘဲ တောတောင်​တွေထဲမှာသာ နေထိုင်နေရကြောင်းနဲ့ သူတို့အတွက် အစားအသောက်နဲ့ အမိုးအကာတွေအပါအဝင် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဖော်ပြပါတယ်။

0 Shares:
You May Also Like
Read More

SSNDF / KNDF ဗျူဟာအမှတ် ၉ ရှိ ရဲဘော်များ၏ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် (SSNDF) / ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ် ၉ က တော်လှန်ရဲဘော်တွေရဲ့ရှေ့တန်းစစ်မြေပြင်မှာ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မန္တလေး Golden City အဆောက်အဦး ဖြိုချရှင်းလင်းရေးလုပ်ဆောင်နေစဉ် ပြိုကျခဲ့

မန္တလေးက Golden City အဆောက်အဦး ရှင်းလင်းရေးလုပ်ဆောင်နေချိန် ပြိုကျခဲ့ပေမယ့် ထိခိုက် ဒဏ်ရာရသူတစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ မန္တလေးစည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
Read More

အုတ်ဖိုမှာ အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ကျင်းပတဲ့ လောင်းကစားဝိုင်းကို ဝင်ရောက်ပစ်ခတ်ရာ အုပ်ချုပ်ရေးမှူး ၁ ယောက် သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့အနီးမှာ မတောင့်တကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် အောင်မင်းထက်ဆိုသူ ဦးဆောင်ပြီး ပျူစောထီးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက် ပစ်ခတ်ရာ အောင်မင်းထက်ကတော့ နေရာမှာတင် သေဆုံးသွားတယ်လို့  ၃၈၀၂ တပ်ရင်းထံက သိရပါတယ်။
Read More

KNU တပ်မဟာ ၅ နယ်မြေမှာ (၁၅) ရက်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါ ၇၇ ယောက် သေဆုံး

ကရင်အမျိုးသားအစည်အရုံး (KNU) ရဲ့ တပ်မဟာ ၅ နယ်မြေမှာ နိုဝင်ဘာလအတွင်း ၁၅ ရက်တာ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါ ၇၇ ယောက် သေဆုံးခဲ့တယ်လို့ KNU မူတြော်သတင်းစဥ်က ထုတ်ပြန်ပါတယ်။
Read More

တောင်​ငူလေတပ်စခန်းဌာနချုပ်ကို ၆ကြိမ်မြောက် တိုက်ခိုက်မှုမှာ စစ်ကောင်စီအရာရှိများ ထိခိုက်သေဆုံး၊ လေယာဉ်များနှင့် အ​​ဆောက်အအုံများလည်း ထိခိုက်ပျက်စီး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က တောင်ငူ(ကေတုမတီ) လေတပ်စခန်းဌာနချုပ်ကို ၆ကြိမ်မြောက် ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်မှုမှာ လေတပ်ဦးစီးအရာရှိ ၁ယောက်အပါအဝင် သေဆုံးသူ ၇ယောက် ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ၁၀ယောက်အထိရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့အနီး စစ်ကြောင်းထိုးလာသည့် စစ်တပ်ကင်းပုန်းကို MBT ပြောက်ကျားတိုက်ခိုက်၊ စစ်သား ၅ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့အနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းရဲ့ ကင်းပုန်းကို တိုက်ခိုက်ရာ စစ်သား ၅ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။