အကြမ်းဖက်စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာ လူငယ် ၇ ယောက်မှာ ၁ ယောက်က လုံခြုံရေးအတွက် စိုးရိမ်နေရပြီး စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ်စုဆောင်းမှုတွေကြောင့် အမျိုးသားလူငယ်တွေနဲ့ တိုင်းရင်းသားလူနည်းစုတွေကြား စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ဖြစ်နေစေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုစစ်တမ်း UNDP က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်ရေးကာလထဲ အကြမ်းဖက်စစ်အုပ်စုက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစပြီး စစ်မှုထမ်းဥပဒေ ပြန်လည်အသက်သွင်းလာမှုနဲ့အတူ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေနဲ့ မလုံခြုံမှုတွေကို ခံစားလာရတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုနဲ့ စစ်အုပ်စုလက်ပါးစေတပ်ဖွဲ့တွေရဲ့ မထင်သလို ဖမ်းဆီးတာ၊ ညအချိန်မတော် ဝင်ရောက် ဖမ်းခေါ်တာမျိုးတွေလို စစ်အင်အားဖြည့်တင်းမှုတွေကြောင့် လူငယ် ၅ သန်းနီးပါး (၃ပုံ၁ပုံ) ဟာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေကို အမြဲလိုလို ခံစားနေရပြီး ဒီနှုန်းထားဟာ တိုက်ပွဲဒေသတွေ၊ မသန်စွမ်းလူငယ်တွေနဲ့ အလုပ်လက်မဲ့တွေကြားမှာပါ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။
မလုံခြုံမှုတွေ စိမ့်ဝင်နေတဲ့အတွက် လူငယ် ၇ ယောက်မှာ ၁ ယောက်နှုန်းဟာလည်း ကိုယ့်ကိုယ်ပိုင် လုံခြုံရေးအတွက် မကြာခဏ စိုးရိမ်ပူပန်နေရသလို အဆိုပါနှုန်းထားဟာ ချင်းနဲ့ ကယားပြည်နယ်တို့မှာ ပိုမိုမြင့်တက်လာနေသလို တစ်ကိုယ်ရည် မလုံခြုံမှုတစ်ခုတည်းသာမကဘဲ မျိုးဆက်တစ်ခုလုံးအတွက် ကြောက်ရွံ့မှု၊ မယုံကြည်မှုနဲ့ စိတ်ဒဏ်ရာတွေကို ရင်ဆိုင်ဖြေရှင်းရဖို့ ဖိအားပေးခံနေရတယ်လို့လည်း UNDP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပုံစာ – ရန်ကုန်မြို့ အတွင်း တွေ့ရသည့် လူငယ်အချို့ (ပုံဟောင်း)
အထူးသဖြင့် နိုင်ငံအတွင်းက လူငယ် ၁၀ ယောက်မှာ ၄ယောက် (၄၀ ရာခိုင်နူန်းကျော်)ဟာလည်း ညဘက်တွေတစ်ယောက်တည်း လမ်းလျှောက်ရင် မလုံခြုံတော့ကြောင်း ပြောဆိုလာပြီး အထူးသဖြင့် စစ်မှုထမ်းဖို့ အတင်းအဓမ္မစုဆောင်းခံရမယ့်အပေါ် အဓိက စိုးရိမ်ကြောက်လန့်လာတာဖြစ်တယ်လို့ သိရပါတယ်။
အခုလိုမျိုး မလုံခြုံမှု နူန်းထားဟာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ နှစ်ဆကျော်မြင့်တက်ခဲ့တာဖြစ်ပြီး အရင်လို တိုက်ပွဲဖြစ်ပွားရာ ဒေသတွေတင် မဟုတ်တော့ဘဲ ရန်ကုန်လိုမြို့ပြကြီးတွေမှာပါ ရှိလာတာဖြစ်တယ်လို့ UNDP ရဲ့ စစ်တမ်းက ပြောပါတယ်။
အခုစစ်တမ်းဟာ UNDP က စီစဥ်ထုတ်ဝေတဲ့ ” ချောက်ကမ်းပါးထက်ကမျိုးဆက်-မြန်မာ့လူငယ်များ၏ လုံခြုံရေးနှင့်လူမူဘဝစိန်ခေါ်မှုများ “အစီရင်ခံစာရဲ့ တတိယမြောက်အစီရင်ခံစာဖြစ်တဲ့ ” Myanmar Youth Series”မှာ ပြည်နယ်နဲတိုင်းအသီးသီးက လူငယ် ၇၀၀၀ ကျော်ရဲ့ အသံတွေကို အခြေခံထားတာဖြစ်ပြီး စစ်တမ်းဟာ လူငယ်တွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာဘေးကင်းလုံခြုံမှုနဲ့ စိတ်ကျန်းမာရေးအခြေအနေတွေကို လေ့လာထားတာလည်း ဖြစ်ပါတယ်။
” ဒီမှာ စစ်မှုထမ်းကြောက်ရ အလုပ်ကမရနဲ့ ပြည်ပထွက်ဖို့ကလည်းမလွယ်တော့ ရတာလေးနဲ့ အဆင်ပြေသလိုနေကြရပါတယ်။စစ်မှုထမ်းစာရင်းထဲ ကိုယ့်နာမည်မပါသေးတော့ကံကောင်းနေသေးတယ်ပြောရမယ်” လို့ ရန်ကုန်မြို့နေ လူငယ် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
စစ်အာဏာသိမ်းမှုနောက်ဆက်တွဲဲအဖြစ် နိုင်ငံအတွင်း တရားဥပဒေ မစိုးမိုးနိုင်မှုနဲ့အတူ ဆိုက်ဘာလိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရာဇဝတ်မှုတွေ မြင့်တက်လာသလို တရားရေးစနစ်အပေါ် ဆိုးဆိုးရွားရွားဖိအားပေးခံရမှုတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုအညွှန်းကိန်း ( Global Organize Crime Index) အရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရာဇဝတ်မှုအများဆုံးကြုံတွေ့နေရတဲ့ နိုင်ငံလို့လည်း သတ်မှတ်ထားခံရတာဖြစ်ပါတယ်။