ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်က နမ့်မန်းတံတားကို လေကြောင်းကနေ ပေါင်(၂၅၀) ဗုံး (၂) လုံးနဲ့ လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် တံတားထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားကို ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)မှာ အကြမ်းဖက်စစ်တပ်က ပထမအကြိမ်မိုင်းခွဲဖျက်စီးခဲ့တာဖြစ်ပါတယ်။
အခုတစ်ကြိမ်ကတော့ ဒုတိယအကြိမ်အဖြစ် လေကြောင်းအသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တံတား ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၈ ရက် မနေ့က မနက်ပိုင်းမှာလည်း မိုင်းငေါ့မြို့ရှိ လူနေထူထပ်တဲ့ မန်လုံရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ပေါင်(၂၅၀) ဗုံး (၂)လုံး၊ စျေးရပ်ကွက်ကို လက်နက်ကြီး(၂)လုံး၊ တာလုံရပ်ကွက် လက်နက်ကြီး(၂) လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား (၁) ယောက်နဲ့ အမျိုးသမီး (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။