စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာရှိတဲ့ မူလတန်းကျောင်းကို အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၁၉ ယောက် သေဆုံးခဲ့ပြီး အယောက် ၄၀ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ တရားဝင် ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာဟာ အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို အလိုမရှိကြောင်း ဒေသခံ ပြည်သူတွေက ဆန္ဒပြတဲ့နေရာဖြစ်သလို ဗုံးကြဲတိုက်ခိုက်ချိန်ဟာ သီတင်းကျွတ်လပြည့်နေ့အတွက် ဒေသခံတွေနဲ့ ကလေးငယ်တွေ သီတင်းကျွတ်လပြည့်နေ့ ဆီမီးထွန်းဆုတောင်းဖို့ ပြုလုပ်နေချိန်လည်း ဖြစ်တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆိုပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကနေ လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ Paramotor နဲ့ ၁၂၀ မမ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသနေတဲ့ ည ၁၁ နာရီ အချိန်မှာလည်း အကြမ်းဖက်စစ်အုပ်စုက ထပ်မံပြီး Paramotor ၂ စီးနဲ့ ၁၂၀ မမ ဗုံးသီး ၂ လုံး စာသင်ကျောင်းပေါ် တည့်တည့်ကို ထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေအတွင်း အသက် (၁၈) နှစ်အောက် ကလေးငယ် ၃ ယောက်၊ သပိတ်ဦးဆောင်ကော်မတီမှ လူငယ်အမျိုးသား ၄ ယောက်အပါအဝင် အမျိုးသား ၁၄ ယောက်နဲ့ အမျိုးသမီး ၂ ယောက် စုစုပေါင်း ၁၉ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ ပါဝင်တဲ့ အသက် (၂) နှစ်အရွယ် ကလေးငယ် ၁ ယောက်ကတော့ ကိုယ်လက်အင်္ဂါတွေ ပြတ်ထွက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အသက် (၁၈) နှစ်အောက် ကလေးငယ် အယောက် ၂၀၊ အမျိုးသား ၁၃ ယောက်နဲ့ အမျိုးသမီး ၇ ယောက် စုစုပေါင်း အရပ်သားပြည်သူ အယောက် ၄၀ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရ ပြည်သူတွေဟာ ချောင်းဦးမြို့နယ်နဲ့ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာတွေက ပြည်သူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် ကျောင်းဆောင် ၂ ဆောင်၊ မော်တော်ယာဉ် ၁ စီး၊ ဆိုက်တွဲ ၂ စီး၊ ဆိုင်ကယ် ၄ စီးနဲ့ အုတ်ရေကန် ၁ ကန်တို့ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း NUG က ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင် ရွေးကောက်ပွဲ ပြုလုပ်ဖို့ ဖိအားပေးကြိုးပမ်းမှုတွေ ပြုလုပ်နေသလို တစ်ဖက်မှာလည်း အကြမ်းဖက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီး ပြည်သူတွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အကြမ်းဖက်ဖိအားပေးကာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲနီးကပ်လာလေလေ မြင့်တက်လာလေလေဖြစ်တဲ့ အကြမ်းဖက်မှုတွေကို မျက်ကွယ်ပြုပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ထောက်ခံအားပေးဖို့ ကြိုးစားနေတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပ အုပ်စုတွေအနေနဲ့ အဆိုပါဖြစ်ရပ်တွေကို မျက်ကွယ်ပြုထားပြီး အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မယ့်‌ ရွေးကောက်ပွဲကို တားဆီးဟန့်တားမှု မပြုလုပ်ခဲ့ရင် စစ်အုပ်စုဟာ အကြမ်းဖက်မှုတွေကို ဒီ့ထက်ပိုမိုအရှိန်မြှင့် ပြုလုပ်လာမှာဖြစ်တယ်လို့လည်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာတည်မြဲရေးကိုသာ ဦးတည်ပြီး လူထုအပေါ် အခါကြီးရက်ကြီးနဲ့ ဘာသာရေးအထွဋ်အမြတ်ထားရာ နေ့ရက်တွေပါမကျန် အကြမ်းဖက်ရက်စက်နေတဲ့ စစ်အုပ်စု ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူခံရနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းအားထုတ်မှာဖြစ်တယ်လို့ ကတိပြုကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကိုထိန်လင်းနှင့် နယူးယောက်ရှိ မြန်မာများ တွေ့ဆုံပွဲမှ ကန်ဒေါ်လာ ၅၂၀၀၀ ကျော်ရရှိ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအတွက် အသုံးပြုမည်

အမေရိကန်နိုင်ငံကို Suu 80th Birthday Campaign အတွက် ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် Kim Aris (ခေါ်) ကိုထိန်လင်းဟာ နယူးယောက်ရှိ မြန်မာပြည်သူတွေနဲ့ မတ်လ ၁၅ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။  
Read More

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်က AA စစ်ဦးစီးချုပ်နှင့် တွေ့ဆုံခဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကို အထူးလေးစားပြီး သူ၏ ကျန်းမာရေးကို စိုးရိမ်ကြောင်း AA စစ်ဦးစီးချုပ် ပြောဟု ဆို…

"မကြာသေးခင်က အာရကန်တပ်တော်ရဲ့ ဗိုလ်ချုပ်ကြီး ထွန်းမြတ်နိုင်ကို တွေ့ဆုံခဲ့ပါတယ်၊ သူက မေ့မေ့ကို အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်။ မေမေနဲ့နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်။" လို့ ရေးသားထားတာပါ။
Read More

အသံတိတ်သပိတ် ဂုဏ်ပြုသောအားဖြင့် ဂန့်ဂေါမြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ရဲ ၂ ဦး ဆေးရုံရောက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အသံတိတ်သပိတ် အောင်ပွဲအထိမ်းအမှတ်အနေနဲ့ ဂန့်ဂေါမြို့မရဲစခန်းကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၂ယောက် ဆေးရုံတင်ထားရကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။
Read More

နောင်ချိုမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

အကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှု ငြင်းပယ်ခံရခြင်းကြောင့် သေဆုံးမှု မြင့်တက်လာနေ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား/ အကျဉ်းသူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု ငြင်းပယ်ခံရတာကြောင့် သေဆုံးမှုတွေ မြင့်တက်လာနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အပါအဝင် ပြည်တွင်း၊ ပြည်ပအဖွဲ့ (၁၅) ဖွဲ့ကနေ ပူးတွဲကြေညာချက် ထုတ်ပြန်လာပါတယ်။
Read More

ဘုတလင်တွင် နယ်မြေရှင်းလင်းရေးလုပ်မည့် စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး အယောက် ၄၀ ထက်မနည်း သေ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကို နယ်မြေရှင်းလင်းရေးလုပ်ဖို့လာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အယောက် ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) က ထုတ်ပြန်ပါတယ်။