“စုပေါင်းစပ်ပေါင်းတွေများတော့ ဦးနှောက်မရှိကြဘူး… ဒီအဆောက်အဦးကို ပစ်ဆိုရင် ဒီအဆောက်အဦးချည်းပဲ သေနတ်နဲ့ လျှောက်ပစ်နေတဲ့လူတွေ များတယ်”

အကြမ်းဖက်စစ်တပ်ထဲမှာ ဆေးကြောင်နေသူတွေ၊ အဘိုးအိုတွေ၊ ပညာမဲ့တွေနဲ့အတူ အထက်အောက် ဖိနှိပ်အနိုင်ကျင့်မှုတွေ ကြုံခဲ့ရတဲ့အကြောင်း စစ်တပ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သား ကိုအောင်ကိုကိုဟိန်းက ပြောပါတယ်။

ကိုအောင်ကိုကိုဟိန်းဟာ စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်းဖြစ်ပြီး ကရင်နီပြည်နယ်၊ ဒီးမောဆိုမြို့နယ်က တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းကနေ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ထံ အလင်းဝင် ခိုလှုံလာသူဖြစ်ပါတယ်။

သူဟာ သူနေတဲ့ လမ်းထိပ်မှာ အစ်ကိုတွေနဲ့ အရက်သောက်နေရင်း ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်လို့ KNDF ကနေ ထုတ်ပြန်ထားတဲ့ အင်တာဗျူးမှာ ပြောပါတယ်။

“လမ်းထိပ်မှာ အကိုနဲ့ အရက်သောက်နေရင်း လူ ၈ယောက်လောက်က လိုက်ခဲ့ဆိုပြီး ခေါ်သွားတာပဲ။ ပြီးတော့ အဲဒီကို ရောက်သွားတာပဲ။ သင်တန်းမှာ လူ ၂၀၀ ကျော်ပါတယ်။ သင်တန်းပြီးတာနဲ့ လွိုင်ကော်ကို တန်းပို့တာပဲ။ မင်းတို့ သူတို့ကို (PDF) သတ်ရင်သတ်၊ မဟုတ်ရင် မင်းတို့ကို သူတို့က သတ်မှာ… ဟိုကောင်တွေက မင်းတို့ကို ညှာမှာ မဟုတ်ဘူးဆိုပြီး ပြောတယ်” လို့ ကိုအောင်ကိုကိုဟိန်းက ပြောပါတယ်။

စစ်မှုထမ်းသင်တန်းမှာ မဲပေါက်လို့ ဝင်လာရသူတွေ၊ ငွေကြေးကြောင့် ဝင်လာရသူတွေနဲ့ ပေါ်တာဆွဲခံရလို့ ဝင်ရသူတွေသာရှိပြီး စစ်မှုထမ်းချင်လို့ ဝင်လာသူတွေ မရှိဘူးလို့လည်း ကိုအောင်ကိုကိုဟိန်းက ဆိုပါတယ်။ ဒါ့အပြင် ဆေးကြောင်နေသူ အများအပြားကိုလည်း တွေ့ခဲ့ရကြောင်း ပြောပြပါတယ်။

“ပစ (စစ်မှုထမ်း) တွေကို ရှေ့က တက်ခိုင်းတယ်ဗျ။ ဆေးတွေဘာတွေကတော့ ခိုးဝယ်သုံးရတယ်။ ဆေးက ၁၀၂ က ဝယ်ရတယ်။ ဗျူဟာတွေမှာ ဝယ်ရတယ် ရာမတို့ဘာတို့က။ တပ်မှာဆိုလည်း ရှိတယ်ဗျ။ သူ့ဘာသူ ယဥ်ယဥ်လေးနဲ့ ကြောင်နေတာတွေ လွတ်နေတာတွေပေါ့.. သူ့ဘာသူ စကားပြောတယ်။ ဆရာ ထမင်းကျွေးမှစားတယ်၊ မကျွေးရင် မစားဘူး။ အဲ့ဒါမျိုးတွေ အများကြီးပါတယ်။ တချို့ကျတော့လည်း ရယ်တဲ့ကောင်တွေက ရယ်နေတယ်၊ ငိုတဲ့ကောင်တွေက ငိုနေတယ်။ သူတို့အိမ် သူတို့မသိဘူး။ သူတို့နာမည်တောင် သူတို့မသိတော့ဘူး။ အဘိုးကြီးတွေလည်း ပါတယ်။ အသက် ၇၀ ကျော်နေပြီ။ ဆံပင်မွေးတွေလည်း ဖြူနေပြီ။ တချို့ဆို သွားတွေတောင် မရှိတော့ဘူး။”

ရှေ့တန်းမှာ စစ်မှုထမ်းတပ်သားသစ်တွေဟာ ဘန်ကာတွေဆောက်၊ ဆက်သွယ်ရေးမြောင်းတွေ တူးခဲ့ရကြောင်း၊ တိုက်ပွဲထဲမှာလည်း ဒဏ်ရာရစစ်သားတွေကို အနောက် ကျောပိုးသယ်ပေးတာတွေ လုပ်ခဲ့ရကြောင်း သူက ပြောပါတယ်။

“ကျနော်တို့ဘက်မှာ ပစတွေများတယ်။ ပညာမဲ့တွေများတယ်။ စုပေါင်းစပ်ပေါင်းတွေများတော့ ဦးနှောက်မရှိကြဘူး။ တချို့ အရာရှိက ပစ်ဆိုပစ်တာပဲ၊ ဒါပေမယ့် သူတို့စိတ်ထဲမှာ မသိရှာဘူး။ ဆရာတို့ကို မမှီဘူးဗျ။ ဒီအဆောက်အဦးကို ပစ်ဆိုရင် ဒီအဆောက်အဦးချည်းပဲ သေနတ်နဲ့ လျှောက်ပစ်နေတဲ့လူတွေ များတယ်” လို့ သူက ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ထံမှ အလင်းဝင်လာသူ ကိုအောင်ကိုကိုဟိန်း

တပ်ထဲမှာ အထက်အမိန့်တွေကို မလွန်ဆန်နိုင်တာကြောင့် စစ်တိုက်နေရသူတွေများပြီး အထက်အောက် အဆင့်ဆင့် အနိုင်ကျင့်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူရင်လည်း အရာရှိတွေပဲ ကောင်းစားသွားတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အိမ်တစ်အိမ် ဝင်ရင် အကုန်ယူခိုင်းတယ်။ နောက်ဆုံး ဓာတ်ကြိုးတွေလည်း ခွာတယ်။ အထဲက ကြေးကို ယူတယ်။ မိုးဗြဲမှာတုန်းက တစ်ပိဿာကို တစ်သောင်းပဲပေးတယ်။ ဒီမှာကျတော့ သုံးသောင်းပေးတယ်။ မြို့ပေါ်ကျတော့ ငါးသောင်းပေးတယ်။ ပြည်သူပိုင်အိမ်က ပစ္စည်းကတော့ အကုန်ယူတယ်။ ရေခဲသေတ္တာတွေ့ ရေခဲသေတ္တာယူတယ်။ အပ်ချုပ်စက်တွေ့လည်း ယူတယ်။ ဆိုင်ကယ်တွေ့လည်း ယူတယ်။ မီးစက်တွေ့လည်း မီးစက်ယူတယ်။ ငါတို့ စစ်နိုင်လို့ ငါတို့ယူတာလို့ ပြောတယ်ဗျ။ သူတို့ ကိုယ်ကျိုးအတွက် ရောင်းစားတာဗျ။ ကျနော်တို့ ကျန်တဲ့အတွက် မရှိဘူး။ နောက်ဆုံးကျ သူတို့ အရာရှိတွေ သူဌေးဖြစ်သွားတာများတယ်” လို့ ကိုအောင်ကိုကိုဟိန်းက ပြောပါတယ်။

“ကောင်းစားသွားတော့လည်း အရာရှိတွေက ကောင်းစားသွားတာ၊ ရင်းတော့ ရဲဘော်တွေက ရင်းရတယ်။ မိုင်းနင်းမိလို့ ခြေထောက်ပြတ်သူတွေဆို ဘာကြောင့်ပဲ ပြတ်ပြတ် ဆရာတို့ (PDF) တွေမိုင်းကြောင့် ပြတ်တယ်လို့ ခေါင်းစဉ်တပ်တယ်… တကယ်တော့ ကျနော်တို့ထောင်တဲ့ မိုင်းကြောင့်ပဲ ပြတ်တဲ့သူတွေများပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်လာပြီးမှသာ စစ်တပ်ထဲမှာ ဝါဒဖြန့်ထားတဲ့အတိုင်း မဟုတ်ဘဲ တော်လှန်ရေးတပ်တွေဘက်က နွေးနွေးထွေးထွေးဆက်ဆံပြီး ကောင်းကောင်းမွန်မွန်ထားရှိတာကို သိခဲ့ရကြောင်း၊ စစ်တပ်ထဲမှာတော့ ထွက်ပြေးတဲ့သူတွေ များလာတာကြောင့် မဟုတ်မမှန် ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရပါတယ်။

“များသောအားဖြင့် ၂ရစ်၊ ၃ရစ်တွေက ပိုပြီးခြိမ်းခြောက်တာ။ ဟိုဘက်သွားရင် မင်းတို့ကို ထားမှာ ခဏပဲ… သတ်ပစ်မှာ ဆိုပြီး ခြိမ်းခြောက်တာ။ တကယ်တော့ မဟုတ်ပါဘူး… ဟိုဘက်မှာ ကျန်ခဲ့တဲ့ ကျနော့် သူငယ်ချင်းတွေလည်း ဒီဘက်ကိုလာခဲ့ပါ.. နွေးနွေးထွေးထွေး ဆက်ဆံပါတယ်.. ကောင်းကောင်းမွန်မွန် ထားပါတယ်လို့ မှာချင်ကြောင်း” ကိုအောင်ကိုကိုဟိန်းက ပြောခဲ့ပါတယ်။

ကိုအောင်ကိုကိုဟိန်းဟာ စက်တင်ဘာလ ၂၉ရက်နေ့က ဒီးမော့ဆိုမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ ခလရ ၉ တပ်ရင်းကနေ သေနတ်ယူဆောင်လာခြင်းမရှိဘဲ ထွက်ပြေးလာပြီး KNDF – Karenni Nationalities Defense Force ထံ အလင်းဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီကို တရားဝင်နိုင်စေတဲ့ ဒေသတွင်းနိုင်ငံတချို့ရဲ့ လုပ်ရပ်တွေကို ဘယ်လိုဟန့်တားကြမလဲ

လက်ရှိမြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီသည် အလွန်အားနည်းလာသော်လည်း စစ်တပ်ကိုနိုင်အောင်တိုက်ရန်မလွယ်သေးကြောင်း၊ တော်လှန်ရေးတပ်များသည် အတော်အတန် အနိုင်ရလာပြီဖြစ်သော်လည်း အောင်ပွဲကို ထိန်းထားရန် မလွယ်သေးကြောင်း၊ ပိုဆိုးသည်မှာ အနာဂတ်တိုင်းပြည်ကို ထူထောင်ရန် မဟာမိတ်များကြားတွင် နိုင်ငံရေးသဘောတူညီချက်ကို ရနိုင်ဖို့မလွယ်သေးကြောင်း စသဖြင့် မြန်မာ့အိမ်နီးချင်းများက ရှုမြင်ကြသည်။
Read More

တစ်လတိတိ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးတွေ သေသူသေ၊ ပြေးသူပြေးကာ သိမ်းပိုက်နိုင်ခဲ့တဲ့ မဲပလီဗျူဟာစခန်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ မဲပလီဗျူဟာကုန်းစခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ စတင်တိုက်ခိုက်ချိန်က စပြီး ၁လတိတိအကြာမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် (၂၇) စစ်ဗျူဟာနှင့် တပ်မဟာ (၁) PDF တာဝန်ခံ ကိုအေးမင်းထွန်းက မောင်းကို ပြောပါတယ်။
Read More

မင်းအောင်လှိုင် ၁ နှစ် ၁ ခါ ပုံမှန်သွားရတဲ့ စစ်တက္ကသိုလ် ရေဆင်းကို ပြောင်းရွှေ့ဖို့ လုပ်နေလား၊ ဘာကြောင့်ဖြစ်နိုင်မလဲ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာရှိတဲ့ စစ်တက္ကသိုလ် (DSA) နဲ့ စစ်အင်ဂျင်နီယာ တက္ကသိုလ် (DSTA) ကို အာဏာသိမ်း စစ်ခေါင်းဆောင်တွေက ၉ လအတွင်း နေပြည်တော်၊ ဇေယျာသီရိမြို့နယ်က ရေဆင်းတက္ကသိုလ်ထံကို ပြောင်းရွှေ့ဖို့ စီစဉ်နေကြောင်း သတင်းများစွာ ထွက်ပေါ်နေပါတယ်။
Read More

နိုင်ငံတဝန်း စစ်ကော်မရှင် လက်အောက်ခံများ ပြန်ပေးသမားဆန်ဆန် ဆိုးဆိုးရွားရွား ပေါ်တာဆွဲနေ၊ အချို့နေရာများတွင် လူပြန်ရွေးချင်လျှင် သိန်းရာနှင့်ချီပြီး နေ့ချင်းပေးရ

မတရားစစ်မှုထမ်း အပတ်စဥ်(၁၇) ရောက်ရှိလာချိန်မှာ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီး၊ မြို့ငယ်တချို့မှာ အကြမ်းဖက်စစ်တပ်ကြောင့် လူငယ်လူရွယ် တော်တော်များများ ဆက်လက် ဖမ်းဆီးစုဆောင်းခံနေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီနဲ့ ပူးပေါင်းသူမှန်သမျှကို ပြတ်ပြတ်သားသား ရှင်းထုတ်ခြင်းရဲ့ ပြယုဂ် (သို့) ပန်ဝါမြို့ကို သိမ်းပိုက်ခြင်း

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Read More

ဟန်ပြအရေးယူမှုတွေကြား လုံခြုံရေးအထပ်ထပ်နဲ့ တိုးချဲ့လာနေတဲ့ ကျားဖြန့်လုပ်ငန်းများ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး ဟန်ပြတားမြစ်မှုတွေ၊ သတိပေးမှုတွေ ရှိနေပေမယ့် မြေပြင်မှာတော့ ဒီရာဇဝတ်လုပ်ငန်းတွေဟာ အရှိန်ကောင်းကောင်းနဲ့ ဆက်လက်လည်ပတ်နေဆဲ ဖြစ်ပါတယ်။