ကရင်နီပြည်နယ်ရှိ လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆိုမြို့နယ်တွေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ မြို့နယ်တို့မှာ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်က အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ဗဟိုက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၂၈ ရက်ကစလို့ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက လွိုင်လင်လေးဒေသရှိ လင်ဖုံကြီးကျေးရွာဖက် အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာခဲ့တာကြောင့် ကရင်နီတော်လှန်ရေး ပူးပေါင်း တပ်တွေနဲ့ ၃ ရက်နီးပါးကြာ ထိတွေ့တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ဒီနေ့အထိ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ် ၊ ဒေါငံခါးရပ်ကွက်နဲ့ တနန်းဥကွိုင်ကျေးရွာတို့မှာ အကြမ်းဖက်စစ်ကြောင်းနဲ့ တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး စစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေ အသုံးပြုပြီး ဆက်လက် တိုက်ခိုက်နေတယ်လို့ KNDF က ဆိုပါတယ်။

ဒီးမော့ဆို – ဖရူဆိုလမ်းမကြီးတစ်လျှောက်မှာလည်း အကြမ်းဖက်စစ်တပ်နဲ့ ကရင်နီ တော်လှန်ရေးတပ်တွေအကြား နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်က အရာရှိလို့ ယူဆရသူ အချို့သေဆုံးကာ စစ်ကား တစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖရူဆိုမြို့ အခြေစိုက် စစ်တပ်စခန်းတွေအတွင်းမှာလည်း စစ်ယာဉ်တန်းကားတွေ ဖြန့်ခွဲစုဖွဲ့ထားတဲ့အပြင် အမှတ် ၁၄ တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းအနီးရှိ ကျေးရွာတွေကနေ ဘောလခဲဘက် ဦးတည်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းအချို့ လှုပ်ရှားနေတာ ကြောင့် ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

ကရင်နီ – ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ်၊ တောင်စလုံးကျေးရွာဘက်မှာလည်း အကြမ်းဖက်စစ်တပ်နဲ့ PNO တို့ပူးပေါင်းတပ်ဖြန့်ထားပြီး အနီးဝန်းကျင်ရှိ ကျေးရွာတွေကို လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်ကလည်း လွိုင်ကော်မြို့နယ်၊ အရှေ့ဘက်ခြမ်း လွိုင်လင်လေးမြို့ အခြေစိုက် ခမရ ၅၃၀ တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ကျေးရွာတစ်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၁၀ နှစ်အရွယ် ကလေး ၂ ယောက် ထိမှန်ခဲ့ရာ ကလေးငယ် တစ်ယောက် ပခုံးထိမှန်ပြီး ကျန်တစ်ယောက် လက်တစ်ဖက်ပြတ်တောက် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၈ ရက်ကလည်း လွိုင်ကော်အရှေ့ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အသက် ၅၀ အရွယ် အရပ်သားအမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အခုတစ်ပတ်အတွင်းမှာလည်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းတွေကနေ စစ်သား ၃ ယောက် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေဆီ လက်နက်ခဲယမ်းတွေနဲ့အတူ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာ-မန္တလေးလမ်းတွင် ဆက်ကြေးကောက်ငွေညှစ်နေသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၄ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်မှာ ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ နေရာမှာတင် ၄ယောက်သေဆုံးကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လက်ရှိ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အစွမ်းကုန် ကြိုးပမ်းကာကွယ်သွားမယ်လို့ TNLA ပြော

TNLA က လက်ရှိထိန်းချုပ်ထားတဲ့ နယ်မြေမှာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ထပ်မံအခြေမစိုက်နိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းကာကွယ်သွားရမယ်လို့ PSLF/TNLA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားလိုက်ပါတယ်။
Read More

ကန့်ဘလူတွင် စစ်အုပ်စုနှင့် ပျူစောထီးများလိုက်ပါလာသည့် ကား၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ တပ်ကြပ်ကြီး နေရာတင်သေပြီး ၃ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်အုပ်စုတွေလိုက်ပါလာတဲ့ ကား၂စီးကို မလယ်-ဇီးကုန်းလမ်းပိုင်းအတွင်း မိုင်းဆွဲတိုက်ခိုက်ရာ တပ်ကြပ်ကြီး အဆင့်ရှိသူ ပွဲချင်းပြီးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကန့်ဘလူခရိုင် တပ်ရင်း-၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်ကောင်စီအတွက် ပေါ်တာဆွဲပေးနေသူကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စု၊ နတ္တလင်းကျေးရွာမှာ နေထိုင်တဲ့ ခင်စိုး ဆိုသူဟာ စစ်ကောင်စီအတွက် ပေါ်တာဆွဲပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဟန်ပြအပစ်ရပ်ထားသည့် စစ်ကောင်စီတပ် မေလအတွင်း TNLA ထိန်းချုပ်နယ်မြေများတွင် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၈) ဦးသေဆုံး၊ (၁၈) ဦး ထိခိုက်ဒဏ်ရာရ

အပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီတပ်က တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေမှာ မေလတစ်လအတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၈) ယောက် သေဆုံးပြီး (၁၈) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF က အမှတ် (၃၁) တပ်ရင်း ဖွဲ့စည်း…

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ စစ်ဗျူဟာ အမှတ် (၁) က ဖယ်ခုံမြို့နယ် အခြေစိုက်တဲ့ အမှတ်(၃၁)တပ်ရင်းကို စက်တင်ဘာလ ၂ ရက်က တိုးချဲ့ဖွဲ့စည်းခဲ့တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။