ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ (၂) ရက် နေ့လယ်ပိုင်းက ရွှေကျင်မြို့နယ်၊ သံဆိပ်မင်းလမ်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ-၅၇ တပ်ရင်းကနေ ပျဉ်ရေ ကျေးရွာအတွင်း ဒရုန်းနဲ့ ပစ်ခတ်ခဲ့ရာ နေအိမ် (၁) လုံး ပျက်စီးခဲ့ပြီး အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အောက်တိုဘာလ (၁) ရက် မနက်ပိုင်းကလည်း တော်ဝိကျေးရွာရှိ အကြမ်းဖက် စစ်တပ်ရဲ့ ခလရ-၂၀ ကနေ (၈၁) မမ လက်နက်ကြီး (၁) လုံး ပစ်ခတ်ခဲ့ရာ ကွင်းဒလကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး (၅၄) နှစ်အရွယ် အမျိုးသမီး ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ နေ့စဉ်နဲ့အမျှ ထိခိုက်သေဆုံးနေပြီး ကျန်တဲ့ပြည်သူတွေလည်း စိုးရိမ် ထိတ်လန့် စွာ အသက်ရှင်နေထိုင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။