ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၁) ယောက် အပါအဝင် (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့ မနက်ပိုင်းက သီပေါမြို့တွင်းရှိ မိုက်ခရိုဝေ့ဗ် ဆက်သွယ်ရေးထဲကို ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀) ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁)နှစ်အရွယ် ကလေးငယ်၊ အသက် (၂၃)နှစ်အရွယ်နဲ့ အသက် (၂၆)နှစ်အရွယ် အမျိုးသားလူငယ် (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် မိုက်ခရိုဝေ့ပ်အဆောက်အဦးနဲ့ ပြည်သူလူထုရဲ့ နေအိမ် (၁)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ ဂျက်ဖိုက်တာဟာ သီပေါမြို့ကို တိုက်ခိုက်ပြီး ၃ မိနစ်သာခြားကာ နမ္မတူမြို့ မြို့မစျေး ရပ်ကွက်(၂)ရှိ ပြည်သူလူထုတည်ရှိရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးတွေ လာရောက်ကြဲချတိုက်ခဲ့ရာ နေအိမ် (၆)လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက် ရရှိထားတဲ့ နေရာတွေမှာ အကြမ်းဖက်မှု အမျိုးမျိုးနဲ့ ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့လည်း TNLA က ထုတ်ပြန်ထားပါတယ်။