ထိုင်းအစိုးရသစ်သက်တမ်းရဲ့ ပထမဆုံး လေးလအတွင်း ထိုင်းကိုလာမယ့် နိုင်ငံခြားသား ခရီးသွားတွေဆီကနေ ပြည်ဝင်ကြေးအနေနဲ့ ဘတ် ၃၀၀ စတင်ကောက်ခံသွားမယ်လို့ ထိုင်းရဲ့ ခရီးသွားလာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာလိုက်တယ်လို့ Khaosod သတင်းဌာနက ဖော်ပြထားပါတယ်။

ဒီလိုကောက်ခံတာဟာ ဝင်ငွေပိုရဖို့၊ ခရီးသွားတွေရဲ့ လုံခြုံရေးကိုမြှင့်တင်ဖို့နဲ့ ၂၀၁၉ ကိုဗစ်မတိုင်ခင်က ထိုင်းရဲ့ အမြင့်ဆုံးခရီးသွားစံချိန် ၃၉.၉ သန်းကို ပြန်ရဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၃ ရက်မှာ ခရီးသွားလာရေးနဲ့ အားကစားဝန်ကြီး Atthakorn Sirilatthayakorn က အခုလိုပြောကြားခဲ့တာဖြစ်ပြီး ဒီဝင်ကြေးကောက်ခံမယ့်ကိစ္စကို အစိုးရလက်ထက် လေးလအတွင်း ပြန်သုံးသပ်ပြီး အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း၊ ဒီဝင်ကြေးက ခရီးသွားတွေရဲ့ ကောင်းကျိုးအတွက် ရည်ရွယ်တာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောပြသွားမယ်လို့လည်း ဆိုပါတယ်။

“ဒီဝင်ကြေးကို ရှုထောင့်နှစ်မျိုးနဲ့ ကြည့်လို့ရတယ်။ ခရီးသွားတွေကတော့ ဒါကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို့ မြင်ကောင်း မြင်နိုင်ပေမယ့်၊ ဒီပိုထည့်ရတဲ့ ဘတ် ၃၀၀ က သူတို့ ဘေးကင်းဖို့၊ ကောင်းဖို့၊ ခရီးသွား အခြေခံအဆောက်အအုံတွေ ပိုကောင်းဖို့၊ ပိုအဆင်ပြေဖို့ဆိုတာကို အစိုးရက သေချာနားလည်အောင် ရှင်းပြပေးမှာပါ” လို့ ၎င်းက ဆိုပါတယ်။

ဒီဘတ် ၃၀၀ ခရီးသွားအခွန်ကိစ္စကို ပြီးခဲ့တဲ့နှစ်တွေအတွင်း အစိုးရအဆက်ဆက်ကို အဆိုပြုခဲ့တာဖြစ်ကြောင်း၊ လေ့လာမှုတွေပြီးခဲ့ပေမဲ့ ဘယ်တုန်းကမှ လက်တွေ့အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း၊ အစိုးရရဲ့ လုပ်ငန်းစီမံချက်အတိုင်း နောက်လေးလမှာ အကောင်အထည်ဖော်ဖို့ ရည်ရွယ်ကြောင်း ၎င်းက ဆက်ပြောပါတယ်။

၂၀၂၅ ခုနှစ်ရဲ့ ကျန်ရှိနေတဲ့ကာလအတွက် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးနဲ့ ပတ်သက်လို့ Atthakorn က လုံခြုံရေးဟာ ထိပ်တန်းဦးစားပေးဖြစ်ကြောင်း၊ ၎င်းတို့ပစ်မှတ်ဟာ ကိုဗစ်မတိုင်ခင် မှတ်တမ်းတင်ထားတဲ့ ခရီးသွား ၃၉.၉ သန်းအထိ ရောက်လာဖို့ဖြစ်ကြောင်း၊ နိုင်ငံခြားဧည့်သည် ပိုများလာစေဖို့နဲ့ ခရီးသွားလုပ်ငန်း ဝင်ငွေတိုးလာစေဖို့ ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့ (TAT) နဲ့ ပူးပေါင်း ဆွေးနွေးနေကြောင်းလည်း သူကပြောပါတယ်။

ဒီလိုကောက်ခံမှုဟာ အစိုးရရဲ့ ဘဏ္ဍာရေးဝန်ကို လျှော့ချဖို့ရည်ရွယ်ပြီး ၎င်းကရတဲ့ ရန်ပုံငွေကို ခရီးသွားအာမခံနဲ့ အခြား ခရီးသွားဖွံ့ဖြိုးရေးအတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။

ပြည်ဝင်ကြေးကောက်ခံရာမှာ လေကြောင်းကနေလာသူတွေအနေနဲ့ အခေါက်တိုင်းအတွက် ဘတ် ၃၀၀ ကောက်ခံမှာဖြစ်ပြီး၊ ကုန်လမ်းနဲ့ ရေလမ်းကြောင်းတို့က လာသူတွေကိုတော့ တခေါက်ကို ဘတ် ၃၀၀ နဲ့ ရက် ၃၀ ကနေ ၆၀ အတွင်း အကြိမ်ကြိမ် ဝင်ခွင့်ပြုမှာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ စက်တင်ဘာ ၂၈ ရက်အထိ နိုင်ငံတကာ ခရီးသွား ၂၄ သန်းနီးပါး လက်ခံခဲ့ပြီး ခရီးသွားတွေရဲ့ အသုံးစရိတ်ကနေ ဘတ် ၁.၁၁ ထရီလီယံ (ဒေါ်လာ ၃၄ ဘီလီယံ) ခန့်ထိ ဝင်ငွေရရှိခဲ့ပါတယ်။ ထိုင်းကို ခရီးသွား အများဆုံး လာရောက်တဲ့ ထိပ်ဆုံးငါးနိုင်ငံကတော့ မလေးရှား (၃.၄၆ သန်း)၊ တရုတ် (၃.၃၈ သန်း)၊ အိန္ဒိယ (၁.၇၆ သန်း)၊ ရုရှား (၁.၂၇ သန်း) နဲ့ တောင်ကိုရီးယား (၁.၁၃ သန်း) တို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
News- Khaosod

0 Shares:
You May Also Like
Read More

စစ်အုပ်စု၏မဟာမိတ် လူ့အခွင့်အရေးကော်မရှင်ကို ဖယ်ရှားပေးရန် နိုင်ငံတကာသမဂ္ဂများ ပူးပေါင်းတောင်းဆို

စစ်ကောင်စီရဲ့ မဟာမိတ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) ကို အရှေ့တောင်အာရှ လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ကနေ ချက်ချင်းဖယ်ရှားပေးဖို့ နိုင်ငံတကာသမဂ္ဂအဖွဲ့တွေက ပူးတွဲတောင်းဆိုလိုက်ပါတယ်။
Read More

တရုတ်ငြိုငြင်မှာစိုးလို့ ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို အာဏာသိမ်းစစ်ကောင်စီ ပြည်ဝင်ခွင့် မပြု

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ထိခိုက်မှာ စိုးတာကြောင့် အာဏာသိမ်း စစ်ကောင်စီက ငလျင်အတွက် လာရောက်မယ့် ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို ပြည်ဝင်ခွင့်မပြုတာ ဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာပါတယ်။
Read More

မြန်မာပြည်က ရေဘေးသင့်ပြည်သူတွေကို ကုလသမဂ္ဂနဲ့ အီးယူက ကူညီမည်ဟုဆို

ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အနေနဲ့ မြန်မာပြည်က ရေဘေးသင့်ပြည်သူ ၅သိန်းခန့်ကို တစ်လတာ အရေးပေါ်စားနပ်ရိက္ခာတွေ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။
Read More

မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲက အာဆီယံ ဘုံသဘောတူညီချက် ဆက်လက်အကောင်အထည်ဖော်ရေးအတွက်ပဲလို့ လာအိုအရာရှိပြော

ဘန်ကောက်မှာ အခုလအတွင်း ပြုလုပ်မယ့် မြန်မာ့အကျပ်အတည်းအရေး အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက်ကို ပံ့ပိုးကူညီပေးနိုင်တယ်လို့ လာအို အကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ဥကရစ်ထစစ်ကောင်စီတပ်စခန်းကို KNU ပူးပေါင်းတပ်များ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၁၀၀ နီးပါး ထိုင်းနိုင်ငံဘက် ထွက်ပြေး

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဥကရစ်ထတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်တွေနဲ့ ပူးပေါင်းတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်နဲ့ ထိုင်းသတင်းတွေအရ သိရပါတယ်။
Read More

ဖုန်းမှတဆင့် သဘာဝဘေးအချက်ပြသည့်စနစ် စမ်းသပ်ရန် ထိုင်းပြင်ဆင်

ထိုင်းနိုင်ငံအနေနဲ့ ဆဲလ်ဖုန်းတွေကတဆင့် သဘာဝဘေး အချက်ပြပေးတဲ့ စနစ်တစ်ခုကို စမ်းသပ်သွားမှာဖြစ်ကြောင်း ထိုင်းအစိုးရအရာရှိတွေက ဧပြီလ ၂၃ ရက်မှာ ပြောပါတယ်။