Justice For Myanmar (JFM) အဖွဲ့က ၂၀၂၅ ခုနှစ်အတွက် Right Livelihood Award (မှန်ကန်သောအသက်မွေးဝမ်းကြောင်းဆု) ရရှိသူအဖြစ် ရွေးချယ်ခံခဲ့ရပြီး အဆိုပါဆုဟာ စစ်ရာဇဝတ်ဂိုဏ်း ဖျက်သိမ်းရေး မြန်မာလူထုရဲ့ ကြိုးစားရုန်းကန်နေမှုကို ဖော်ကျူးလိုက်တာဖြစ်တယ်လို့ JFM က ဒီနေ့ ထုတ်ပြန်ပါတယ်။

Right Livelihood Award ဟာ လူသားအားလုံးအတွက် ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ ရေရှည်တည်တံ့မှုတို့အတွက် ကြိုးပမ်းဆောင်ရွက်တဲ့ ကမ္ဘာတဝန်းက အပြောင်းအလဲ ဖော်ဆောင်နိုင်သူတွေကို အသိအမှတ်ပြု ပေးအပ်တာဖြစ်ပြီး ပစိဖိတ်ကျွန်းစု၊ ထိုင်ဝမ်နဲ့ ဆူဒန်တို့က ဆုရှင်တွေနဲ့အတူ JFM ကို အသိအမှတ်ပြုပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

JFM အနေနဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်အာဏာသိမ်းကြိုးပမ်းမှု စတင်ခဲ့ပြီး ၅နှစ်နီးပါးကြာမြင့်တဲ့အထိ ကိုယ်ကျိုးစွန့်ပေးဆပ်မှုတွေနဲ့ စစ်အုပ်စုကို ဂုဏ်ရောင်ပြောင်မြောက်စွာ ဆန့်ကျင်တော်လှန်နေတဲ့ မြန်မာပြည်သူတွေရဲ့ အံမခန်းသတ္တိဗျတ္တိကို ဂုဏ်ပြုတဲ့အနေနဲ့ အဆိုပါဆုကို လက်ခံရယူကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်ရာဇဝတ်ဂိုဏ်းကို အံ့မခန်း သတ္တိ၊ ဂုဏ်သိက္ခာ၊ ခွန်အားတွေနဲ့ ဂုဏ်ရောင်ပြောင်မြောက်စွာ ဆက်လက်ခုခံတော်လှန်နေသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို ကျွန်မတို့ လက်ခံရယူပါတယ်။ ဒီဆုဟာ စစ်တပ်ရဲ့ အကြမ်းဖက်ရက်စက်မှုတွေ ကင်းစင်တဲ့ အနာဂတ်တစ်ခု ရရှိရေးအတွက် မိမိတို့ အသက်ခန္ဓာကို ပေးဆပ်ခဲ့ကြတဲ့ မြောက်များစွာသော မြန်မာပြည်သူပြည်သားတွေအတွက် ဖြစ်ပါတယ်။ ဒီဆုဟာ နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်မှုတွေကြားက မယိမ်းမယိုင် ရပ်တည်နေကြသူတွေ၊ စစ်အုပ်စုရဲ့ နိုင်လိုမင်းထက်ပြု အုပ်ချုပ်မှုတွေကို အပြီးတိုင်ဖျက်သိမ်းရေးအတွက် ဘယ်အရာကိုမှမမှုဘဲ ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ သတင်းပေးထုတ်ဖော်သူတွေနဲ့ လူ့အဖွဲ့အစည်းတွေအတွက်လည်း ဖြစ်ပါတယ်။ ဒီဆုက ကျွန်မတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ခိုင်မာလာစေပါတယ်။ ဒါဟာ မြန်မာပြည်သူတွေကို ကမ္ဘာကြီးက စောင့်ကြည့်လျက်ရှိကြောင်းနဲ့ မေ့လျော့ထားလိမ့်မှာမဟုတ်ကြောင်းကို စစ်အုပ်စုနဲ့ သူ့ရဲ့အားပေးကူညီသူတွေထံ ရှင်းလင်းတဲ့ သတင်းစကား ပါးလိုက်တာလည်း ဖြစ်ပါတယ်” လို့ ပြောဆိုထားပါတယ်။

၁၉၈၀ ခုနှစ်ကစလို့ Right Livelihood Award ကို ကမ္ဘာလုံးဆိုင်ရာပြဿနာတွေကို လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတွေနဲ့ ဖြေရှင်းဆောင်ရွက်နိုင်သူတွေ ချီးမြှင့်ပေးအပ်ခဲ့တာဖြစ်ပြီး နှစ်စဥ် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတွေအတွက် ဆု ၄ ဆုပေးအပ်ခဲ့ရာ ဒီနေ့အချိန်အထိ နိုင်ငံပေါင်း ၈၁ နိုင်ငံမှ ဆုရရှိသူပေါင်း ၂၀၃ ယောက် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဆုဟာ ဖက်ဒရယ်ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုအတွက် မြန်မာပြည်သူတွေရဲ့ ရုန်းကန်ကြိုးပမ်းမှုတွေကို ကမ္ဘာကြီးက မေ့လျော့ထားတာမရှိကြောင်းပြသတဲ့ အသိပေးနှိုးဆော်ချက်တစ်ရပ်လည်း ဖြစ်တယ်လို့ JFM က ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ဟာ လူအစုအပြုံလိုက် သတ်ဖြတ်မှုတွေ၊ ဥပဒေမဲ့ဖမ်းဆီးမှုတွေ၊ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ မုဒိန်းကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ လူနေကျေးရွာတွေကို အစီအစဉ်ချ မီးရှို့ဖျက်ဆီးမှုတွေနဲ့ နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ဆင်ရေးကို လုပ်ဆောင်နေတယ်လို့လည်း JFM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူသတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်တပ်ကို ဘဏ္ဍာငွေနဲ့ စစ်လက်နက်တွေ ထောက်ပံ့ခြင်း၊ လိုအပ်တဲ့ စွမ်းဆောင်ရည်မြင့်ပစ္စည်းတွေ တပ်ဆင်ပေးခြင်းနဲ့ လေ့ကျင့်သင်ကြားပေးခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေတဲ့ အစိုးရတွေ၊ နိုင်ငံတကာကော်ပိုရေးရှင်းတွေ၊ နိုင်ငံတကာဘဏ်တွေနဲ့ မြန်မာခရိုနီတွေကြောင့်လည်း စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးက သက်ဆိုးရှည်နေတာဖြစ်တယ်လို့လည်း JFM က ထောက်ပြထားပါတယ်။

စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သူတွေ ကျူးလွန်နေတာဖြစ်ပြီး ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဟာ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ စုံစမ်းစစ်ဆေးမှုအောက် ရောက်ရှိနေသလို ကျူးလွန်သူတွေကိုလည်း အာဂျင်တီးနားနိုင်ငံရဲ့ ဖက်ဒရယ်ရာဇဝတ်ခုံရုံးက ဖမ်းဝရမ်းတွေ ထုတ်ထားတယ်လို့ JFM က ဆိုပါတယ်။

စစ်အုပ်စုဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ အတုအယောင်ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ ပြင်ဆင်နေပြီး ခုခံတော်လှန်မှုတွေကို ဖြိုခွဲနှိမ်နှင်းဖို့အတွက် အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ အရှိန်မြှင့်တင်ဆောင်ရွက်လာပေမယ့် စစ်အုပ်စုရဲ့ အချီးနှီးကြိုးပမ်းမှုဟာ ကျရှုံးမှာသာ ဖြစ်တယ်လို့ JFM က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာလည်း အတိမ်းအစောင်းမခံတဲ့ အခြေအနေမှာ ရောက်ရှိနေပြီး JFM အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ တရားမဝင်စစ်အုပ်စုကို ကျားကန်ထောက်ကူပေးထားတဲ့ ကွန်ရက်တွေကို ဖော်ထုတ်ဟန့်တားဖို့နဲ့ အရေးယူတာဝန်ခံစေရေး ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေနဲ့ ကမ္ဘာ့စစ်လက်နက်ရောင်းဝယ်ရေးလုပ်ငန်းကြီးတွေအပါအဝင် စစ်အုပ်စုရဲ့ အသက်သွေးကြောလုပ်ငန်းတွေအပေါ် ဆန့်ကျင်တဲ့ လှုပ်ရှားတောင်းဆိုမှုတွေဟာ စစ်အုပ်စုဆက်နွယ် ထုတ်ကုန်တွေကို သပိတ်မှောက်ခဲ့တဲ့ သာမန်နိုင်ငံသားတွေ၊ ခြိမ်းခြောက်မှုတွေကိုမမှုဘဲ ဆန္ဒဖော်ထုတ်သူတွေ၊ အမှန်တရားဖော်ထုတ်ဖို့အတွက် အရာရာကိုစွန့်စားရင်းနှီးခဲ့တဲ့ သူ့လူကိုယ့်ဘက်သား သတင်းပေးဖော်ထုတ်သူတွေ စတဲ့ မြန်မာပြည်သူတွေရဲ့ ပြောင်မြောက်လှတဲ့ ရဲစွမ်းသတ္တိတို့ကနေ ပေါက်ဖွားလာခဲ့တာဖြစ်တယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေနဲ့အတူ ကမ္ဘာတဝန်းက လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကလည်း ပူးပေါင်းခဲ့ပြီး စစ်ရာဇဝတ်ဂိုဏ်းကို အပြီးတိုင်ဖျက်သိမ်းရေး မြန်မာပြည်သူတွေရဲ့ ခိုင်မာပြတ်သားတဲ့ အားထုတ်မှုတွေမှာ သွေးစည်းညီညွတ်စွာ ရပ်တည်ခဲ့သလို မြန်မာပြည်သူတို့ရဲ့ လှုပ်ရှားရုန်းကန်မှုဟာ ကမ္ဘာလုံးဆိုင်ရာတိုက်ပွဲတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်ကြောင်း Right Livelihood Award က ထပ်လောင်းအတည်ပြုလိုက်တာဖြစ်တယ်လို့ JFM က ဆိုပါတယ်။

မြန်မာစစ်ရာဇဝတ်ဂိုဏ်းကို အပြီးတိုင်ဖျက်သိမ်းရေးအတွက် ကမ္ဘာတဝန်းရှိ လူပုဂ္ဂိုလ်တွေနဲ့ အစိုးရတွေရဲ့ ပံ့ပိုးကူညီမှုတွေ ပိုမိုလိုအပ်နေပြီး အကြမ်းဖက်မြန်မာစစ်အုပ်စုကို လက်တွေ့အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်ဖို့ အခုအချိန်မှာ အရေးကြီးဆုံးဖြစ်တယ်လို့လည်း မရတနာမောင်က ပြောဆိုထားပါတယ်။

“ကမ္ဘာတဝန်းက အစိုးရတွေအနေနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့၊ ပြည်သူအပေါ် ကျူးလွန်တဲ့ စစ်အုပ်စုရဲ့အကြမ်းဖက်စစ်ဆင်ရေးကို သက်ဆိုးရှည်စေတဲ့ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာနဲ့ လေယာဉ်ဆီစီးဝင်မှုလမ်းကြောင်းတွေကို ရပ်တန့်ရေး ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေကို ညှိနှိုင်းချမှတ်ကြဖို့ တောင်းဆိုပါတယ်။ ကုမ္ပဏီတွေ၊ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာနဲ့ လေယာဉ်ဆီ ရရှိနေမှုတွေကို ဖြတ်တောက်ဖို့ မဖြစ်မနေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” လို့ မရတနာမောင်က ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့် မန္တလေးရဲ့ နာမည်ကျော် စျေးချို တောင်/မြောက်တိုက်တန်းကြီးမှ အဆောက်အအုံများကို ဖျက်သိမ်းမည်

ငလျင်ဒဏ်သင့်ခဲ့တဲ့ မန္တလေးရဲ့ နာမည်ကျော် စျေးချိုတော်ရဲ့ နေရာအချို့မှာ ကြံ့ခိုင်မှု အားနည်းနေတာကြောင့် ဖျက်သိမ်းမှုတွေ ပြုလုပ်သွားမယ်လို့ စျေးအကျိုးတော်ဆောင်အဖွဲ့တွေထံက သိရပါတယ်။
Read More

Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၁၀ လောင်း ထပ်မံတွေ့ရှိ

အင်အားပြင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုအဆောက်အဦးကနေ စုစုပေါင်း ရုပ်အလောင်း (၁၀)လောင်းကို ဒီနေ့ ဧပြီလ ၇ ရက်နေ့မှာ ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တပ်ပျက်ပြီး ဆုတ်ပြေးသွားသည့် စစ်ကော်မရှင်စစ်ကြောင်းမှ ကျန်ရစ်ခဲ့သည့် သေဆုံးစစ်သားအလောင်းများအား တော်လှန်ရေးတပ်များက ခက်ခက်ခဲခဲ မီးရှို့ သဂြိုလ်ပေးခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားရတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းက ကျန်ရစ်ခဲ့တဲ့ သေဆုံးစစ်သားအလောင်းတွေကို လိုက်လံကောက်ယူ မီးရှို့ရှင်းလင်းခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲအတွင်း စွန့်ပစ်ခံထားရတဲ့ စစ်အုပ်စုဝင်အလောင်းတွေကို ခင်ဦးပကဖ နဲ့ တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာလ ၂၈ရက် မနေ့တစ်နေ့လုံး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရင်းနဲ့ မီးရှို့သဂြိုလ်ပေးခဲ့ရတာဖြစ်တယ်လို့ သိရတာပါ။
Read More

တိုက်ပွဲအပြန် ထိခိုက်ဒဏ်ရာနဲ့ ကျဆုံးသွားခဲ့တဲ့ တပ်စုမှူး ရဲဘော် အာကြီးရဲ့ စျာပန… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၃၀) အနေနဲ့ တိုက်ပွဲကအပြန် ထိခိုက်ဒဏ်ရာနဲ့ ကျဆုံးသွားခဲ့တဲ့ တပ်စုမှူး ရဲဘော် အာကြီးရဲ့ စျာပနအခမ်းအနားမှာ တပ်ရင်းရဲဘော်တွေက ​အမိန့်ပြန်တမ်း ဖတ်ရှုကာ အလေးပြုပြီး ကျန်ရစ်သူမိသားစုအပါ ပြည်သူတွေနဲ့အတူ မီးရှို့သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာ ပျူစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာ ပျူစောထီးစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ (မြိုင်) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာကို တစ်ရက်အတွင်း  ၃ ကြိမ် စစ်တပ်လေကြောင်းတိုက်ခိုက်၊ တနင်္သာရီမြို့နယ်မှာ ၂ လနီးပါး တိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော် ၇ ဦးထက်မနည်း သေဆုံးခဲ့

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာကို တစ်ရက်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။