အခုလက်ရှိ ဖြတ်သန်းနေတဲ့ နွေဦးတော်လှန်ရေးဟာ အတိတ်သမိုင်းမှာ ကြိုးပမ်းခဲ့တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေရဲ့ အဆက်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တည်ထောင်ခြင်း (၃၇) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့တာပါ။

“ကျွန်တော်တို့အားလုံး ယခုဖြတ်သန်းနေတဲ့ နွေဦးတော်လှန်ရေးဟာ အတိတ်သမိုင်းမှာ ကြိုးပမ်းခဲ့တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေရဲ့ အဆက်ဖြစ်ပါတယ်။ ရှေ့မျိုးဆက်ခေါင်းဆောင်တွေ ကြိုးပမ်းတည်ဆောက်ခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို ပခုံးပြောင်းတာဝန်ယူခြင်းလည်း ဖြစ်ပါတယ်။ ပိုပြီး ကျယ်ပြန့်လာတာကတော့ ဖက်ဒရယ်အရေးကိစ္စကိုပါ ကျွန်တော်တို့အားလုံး ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်လာကြတဲ့ ကိစ္စဖြစ်ပါတယ်။” လို့ NUG ယာယီသမ္မတက ပြောဆိုထားပါတယ်။

လူထုလွတ်လပ်ခွင့်အတွက် အာမခံချက်ရှိတဲ့ အခြေအနေကို ဖန်တီးဖို့အတွက် သမိုင်းအစဉ်အလာကြီးမားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရဲ့ ဦးဆောင်ပါဝင်မှုကို ပြည်သူတစ်ရပ်လုံးက ဆက်လက်အလိုရှိနေတယ်လို့လည်း ယာယီသမ္မတက ပြောဆိုထားပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ … နွေဦးတော်လှန်ရေးမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်လာအောင် ဆက်လက်ကူညီပေးဖို့ မေတ္တာရပ်ခံချင် ပါတယ်။ လူထုလွတ်လပ်ခွင့်အတွက် အာမခံချက်ရှိတဲ့ အခြေအနေကို ဖန်တီးဖို့အတွက် သမိုင်းအစဉ်အလာကြီးမားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးဆောင်ပါဝင်မှုကို ပြည်သူတစ်ရပ်လုံးက ဆက်လက် အလိုရှိနေကြပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

နွေဦးတော်လှန်ရေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၇ နှစ်ကစတင်ခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ အဆက်လို့ ယူဆနိုင်ပြီး အဆိုပါ ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ NLD ပါတီဟာ ကြီးမားတဲ့ ထည့်ဝင်မှုကို ကာယကံမြောက် မြှုပ်နှံခဲ့တဲ့ နိုင်ငံရေးပါတီကြီး တစ်ခုဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေး ခေါင်းဆောင်အားလုံးဟာ NLD ပါတီရဲ့ ကာယကံမြောက် ပေးဆပ်မြှုပ််နှံမှုတွေကို လေးနက်စွာဂုဏ်ပြုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ဒီနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အကြောင်း ပြောဆိုရာမှာ ကျွန်တော်တို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို မေ့ထား/ ဖျောက်ထားလို့ မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီရဲ့ အဖွဲ့ခေါင်းဆောင်ဆိုတာထက်ပိုပြီး နိုင်ငံရဲ့ အဖိုးမဖြတ်နိုင်တဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်မှာ ကျွန်တော်တို့ လေးစားအားကျတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းဖက်မင်းအောင်လှိုင်နှင့် စစ်အုပ်စုက မတရားဖမ်းဆီးချုပ်နှောင် ခံထားလျက် ရှိပါတယ်။ ကျွန်တော်တို့အားလုံးအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် မတရား ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးကို ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။

NLD ခေါင်းဆောင်တွေဟာ စစ်အာဏာရှင်အဆက်ဆက် ရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို စိတ်ဓာတ်သတ္တိအပြည်နဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့တာဖြစ်ပြီး NLD ဟာ ပြည်သူ့အကျိုးစီးပွားကို အစဉ်တစိုက်ရှေးရှုခဲ့တယ်ဆိုတာ ထင်ရှားတယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

မြန်မာ့အရေးဝင်စွက်ဖက်နေတဲ့ တရုတ်ကို မြန်မာပြည်သူတွေ ဆိုးလ်မှာ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ…

တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ်မြို့မှာ တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြယ်လှယ်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချတဲ့ လမ်းလျှောက်ချီတက်ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးပြီး ၁၁ရက်အကြာမှာ NLD လျှပ်စစ်ဝန်ကြီးဦးဝင်းခိုင် ကွယ်လွန် ကျန်းမာရေးဆိုးရွားပြီး ဆေးရုံပေါ် အသက်လုနေချိန်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်

မန္တလေးဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်(ICU) မှာ ဆေးကုသမှုခံယူနေရတဲ့ ဦးဝင်းခိုင်ကို စစ်ကောင်စီက အောက်တိုဘာ ၂၉ရက်နေ့မှာ လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ၁၁ရက်အကြာမှာပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
Read More

စက်ဘီးဖြင့် စစ်ရှောင်ထွက်ပြေးသည့် သားအမိကို စစ်တပ် ဗုံးလိုက်ကြဲ၊ သားအမိ ၂ ဦးလုံး သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ရှောင်ထွက်ပြေးတဲ့ သားအမိ ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ လိုက်လံဗုံးကြဲလို့ ၂ ယောက်လုံး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၁) ထံက သိရပါတယ်။
Read More

တော်လှန်ရေးရဲဘော်သစ်တွေကို MBT တပ်ဖွဲ့ ဖိတ်ခေါ်နေ

မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) ကနေ တော်လှန်ရေးရဲဘော်အသစ်တွေကို ဖိတ်ခေါ်နေကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲထံက သိရပါတယ်။ 
Read More

နိုင်ငံတဝန်း တည်ငြိမ်အေးချမ်းဖို့ တိုက်ပွဲများ ရပ်တန့်ပေးကြရန် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တိုက်တွန်း 

နိုင်ငံတဝန်း တည်ငြိမ်အေးချမ်းမှု ရှိနေစေဖို့ လက်နက်ကိုင်တိုက်ပွဲတွေ ရပ်တန့်ပေးကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

အင်းတော်မှာတိုက်ပွဲပြန်ဖြစ်ပြီး တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေ

အင်းတော်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၃ခုကို တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်တိုက်ခိုက်နေလို့ တိုက်ပွဲတွေပြင်းထန်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။