ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖီလစ်ပို ဂရန်ဒီဟာ ကမ္ဘာကြီးရဲ့ အမေ့လျော့ခံ မြန်မာ့အကျပ်အတည်းအတွက် အကူအညီနဲ့ ရန်ပုံငွေတွေ ပိုမိုထောက်ပံ့ပေးကြဖို့ စက်တင်ဘာလ ၁၁ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

မြန်မာပြည်ကို သုံးရက်ကြာ ခရီးသွားရောက်ခဲ့ကာ မြန်မာပြည်သူ သန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးနောက် အခုလို တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

“မြန်မာပြည်သူ သန်းပေါင်းများစွာရဲ့ ဆင်းရဲဒုက္ခဟာ အတိုင်းအဆမရှိပါပဲ။ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ၊ ပိုင်ဆိုင်မှု ဖျက်ဆီးခံရတာတွေ၊ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခံရမှုတွေကြောင့် သူတို့ရဲ့ နေ့စဉ်ဘဝဟာ အသက်ဘေးအတွက် ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဘေးကင်းရာရှာဖွေရင်း ရပ်ရွာတွေကနေ ထပ်ကာထပ်ကာ ထွက်ပြေးနေကြရတယ်။ အရပ်သားပြည်သူတွေဖြစ်တဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အကြမ်းဖက်မှုကနေ ကာကွယ်စောင့်ရှောက်ခံရဖို့ လိုသလို၊ သူတို့ရဲ့နေအိမ်တွေကို လုံလုံခြုံခြုံနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ဖို့အတွက်လည်း နည်းလမ်းတွေရှာဖွေရမယ်” လို့ မဟာမင်းကြီး ဂရန်ဒီက ပြောကြားခဲ့ပါတယ်။

မဟာမင်းကြီးဟာ အခုနှစ် မတ်လက ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသတွေကိုလည်း သွားရောက်ခဲ့ပြီး ပြည်တွင်းနေရပ်စွန့်ခွာရသူတွေ၊ နိုင်ငံမဲ့ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ 

ပြီးခဲ့သည့် မတ်လတွင် ငလျင်ဒဏ်ခံစားခဲ့ရသည့် ပျဥ်းမနားမြို့မှ မိသားစုနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖီလစ်ပို ဂရန်ဒီ တွေ့ဆုံခဲ့စဥ် (ဓာတ်ပုံ UNHCR/Pan Pwint)

နေပြည်တော်မှာတော့ သူဟာ လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် လမ်းကြောင်းတွေ ပိုဖွင့်ပေးဖို့ တိုက်တွန်းခဲ့ပြီး အဓမ္မနေရပ်စွန့်ခွာရသူတွေအတွက် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ 

“ပြည်တွင်းမှာရော ဒေသတွင်းမှာပါ ဒုက္ခသည်တွေအဖြစ် အဓမ္မနေရပ်စွန့်ခွာနေရတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေဟာ သူတို့ရဲ့နေအိမ်တွေကို ပြန်လာဖို့ကလွဲလို့ တခြားဘာမှ မလိုချင်ကြပါဘူး။ သူတို့က ငြိမ်းချမ်းရေးနဲ့အတူ ပါလာမယ့် ဘေးကင်းလုံခြုံမှုကို တောင်းဆိုနေကြတာဖြစ်ပြီး ဒါဟာ သူတို့ရထိုက်တဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်” လို့ ဂရန်ဒီက ဆိုပါတယ်။

ဂရန်ဒီအနေနဲ့ စက်တင်ဘာလကုန်ပိုင်း နယူးယောက်မြို့မှာ ကျင်းပမယ့် ရိုဟင်ဂျာနှင့် မြန်မာနိုင်ငံရှိ အခြားလူနည်းစုများဆိုင်ရာ အဆင့်မြင့်ညီလာခံကို တက်ရောက်မှာပါ။ သူတို့အတွက် ဆန္ဒအလျောက်၊ လုံခြုံစိတ်ချစွာနဲ့ ဂုဏ်သိက္ခာရှိရှိ၊ ရေရှည်တည်တံ့တဲ့ ပြန်လည်နေထိုင်ရေး အခြေအနေတွေကို ဖန်တီးပေးနိုင်ဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်တွေ ပိုမိုတိုးမြှင့်ပေးရေး ညီလာခံမှာ သူ့အနေနဲ့ တောင်းဆိုသွားမယ်လို့လည်း UNHCR ရဲ့ သတင်းထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာလည်း ဂရန်ဒီက မြန်မာပြည်သူတွေနဲ့ ဒေသတွင်းက ဒုက္ခသည်တွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ငွေကြေးထောက်ပံ့မှုတွေ ပိုမိုပေးအပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

UNHCR အနေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေအပြင် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး နေရပ်စွန့်ခွာပြည်သူတွေနဲ့ နိုင်ငံမဲ့ပြည်သူတွေကို ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနေကြောင်း၊ သို့ပေမယ့် နေရာအတော်များများမှာ လမ်းကြောင်းတွေကန့်သတ်ခံထားရသေးတာကြောင့် ပြည်သူတွေအတွက် အရေးပါတဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပြတ်တောက်နေဆဲဖြစ်တယ်လို့ ဆိုထားပါတယ်။ 

UNHCR ဟာ အခုနှစ်အတွင်း မြန်မာနိုင်ငံက လိုအပ်နေသူတွေကို ကူညီဖို့အတွက် အမေရိကန်ဒေါ်လာ ၈၈.၃ သန်း ရန်ပုံငွေလိုအပ်ပေမယ့် ၃၃ ရာခိုင်နှုန်းသာ ရရှိသေးကြောင်း၊ ၂၀၂၅ ခုနှစ်အတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်နဲ့ တုံ့ပြန်မှုစီမံကိန်းအတွက် လိုအပ်တဲ့ ဒေါ်လာ ၁.၄ ဘီလီယံမှာလည်း ၂၂ ရာခိုင်နှုန်းကိုသာ လက်ခံရရှိထားကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံက ပြင်းထန်ငလျင်ဒဏ်သင့် ဒေသတွေကို အမေရိကန်က ကူညီမည်ဟု ဒေါ်နယ်ထရန့်က ပြော

မြန်မာနိုင်ငံကပြင်းထန်စွာ ငလျင်ဒဏ်သင့်ခံစားရတဲ့ဒေသများကို အမေရိကန်က ကူညီပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။
Read More

ထိုင်းအမျိုးသမီးကိုသတ်ပြီး အလောင်းဖျောက်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသမှာ  ထိုင်းအမျိုးသမီးကိုသတ်ပြီး အလောင်းဖျောက်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံထားရတယ်လို့ ထိုင်းအခြေစိုက်သတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် အုန်းဖျန်မြို့က ဂီတဖျော်ဖြေပွဲမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား၊ ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရ…

ထိုင်းနိုင်ငံနယ်စပ်က မြန်မာနဲ့ ကရင်လူမျိုးတွေ အများအပြား နေထိုင်တဲ့ အုန်းဖျံမြို့မှာ ဒီဇင်ဘာလ ၁၃ ရက် ညပိုင်းက ဂီတပွဲတော် လုပ်နေချိန် ဗုံးပေါက်ကွဲပြီး ပွဲလာရောက်ကြည့်ရှုသူ ၃ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်အုပ်စု၏ ဟန်ပြရွေးကောက်ပွဲကို တရားမျှတဖို့မျှော်လင့်ကြောင်း မိုဒီပြော

မြန်မာအာဏာသိမ်းစစ်အုပ်စုက လာမယ့်နှစ်ကုန်မှာ စတင်ပြုလုပ်ဖို့ စီစဉ်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို တရားမျှပြီး သက်ဆိုင်သူအားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်လာဖို့‌ မျှော်လင့်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီက ဩဂုတ်လ ၃၁ ရက်မှာ ပြောဆိုပါတယ်။
Read More

နော်ဝေနိုင်ငံ၊ လီလီစထရွန်းမြို့ (Lillestrøm)တွင် ကျင်းပသည့် အာရှပွဲတော်သို့ NUG နော်ဝေနိုင်ငံဆိုင်ရာကိုယ်စားလှယ် တက်ရောက်

နော်ဝေနိုင်ငံ၊ လီလီစထရွန်းမြို့ (Lillestrøm) မှာ ပြုလုပ်ခဲ့တဲ့ အာရှပွဲတော်ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နော်ဝေနိုင်ငံဆိုင်ရယ ကိုယ်စားလှယ် ဦးမောင်မောင်မြင့်တက်ရောက်ခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံ ဒုတိယအကြိမ် စေလွှတ်သည့် ထိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မန္တလေးမြို့ကို ရောက်ရှိ

မြန်မာ့မြေငလျင်ဘေး ကူညီပေးဖို့အတွက် ထိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ၂ က နေပြည်တော်ကနေ မန္တလေးမြို့ကို ရောက်ရှိပြီး ဧပြီ ၇ ရက်မှာ လုပ်ငန်းတွေစတင်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။