တော်လှန်ရေးရဲ့ အရေးကြီး အလှည့်အပြောင်း ဖန်တီးနိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတိုင်းမှာ ဟန်ချက်ညီစစ်ဆင်ဖို့ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် ၄ နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အထွေထွေထိုးစစ်ဆင်နွှဲနိုင်အောင် မိမိတပ်ကိုပြင်ဆင်ခြင်း၊ ဘဏ္ဍာရံပုံငွေ ပြင်ဆင်ခြင်း၊ ခဲယမ်းမီးကျောက်ဖြည့်တင်းခြင်းတို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေအပေါ် အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖိအားပေးမှု၊ ခြိမ်းခြောက် အကျပ်ကိုင်မှုတွေကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းက ထိုးစစ်တွေ တွန့်ဆုတ်ရပ်တန့်နေချိန်ကို အခွင့်ကောင်းယူပြီး စစ်အုပ်စုက တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ အခြေအနေကြည့်ကာ တိုက်ခိုက်သွားဖို့ NUG က ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မှာ အတွေ့အကြုံကောင်းတွေ၊ အားသာချက်တွေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတိုင်းမှာ ဟန်ချက်ညီစစ်ဆင်ဖို့ ပြင်ဆင်နေပြီး အဓိက ကြုံနေရတဲ့ စိန်ခေါ်မှု(၇)ချက် ရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

PDF တပ်မတော် ကြုံနေရတဲ့ စိန်ခေါ်ချက်တွေကတော့ လက်နက်ကိုယ်စီ တပ်ဆင်မှု မပြုနိုင်သေးခြင်း၊ ခဲယမ်းမီးကျောက် အားနည်းခြင်း၊ ရိက္ခာအပါအဝင် အခြေခံလိုအပ်ချက်တွေအတွက် ပိုမိုထောက်ပံ့ဖို့ လိုအပ်ခြင်း၊ စံကိုက်လေ့ကျင့်မှုနဲ့ သင်တန်းတွေ လိုအပ်ခြင်း၊ တိုက်စွမ်းရည် မြှင့်တင်ဖို့ လိုအပ်ခြင်း၊ အိမ်နီးချင်းနဲ့ နိုင်ငံကြီးတချို့က မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ ဒုက္ခအပေါ် လျစ်လျူရှုပြီး အာဏာသိမ်းစစ်အုပ်စုကို ရုပ်ပိုင်း၊ စိတ်ပိုင်း ရပ်တည်ထောက်ပံ့အားပေးနေခြင်း၊ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ဆင်ရေးအဆင့် (Operational level) ထက်ပိုတဲ့ မဟာဗျူဟာအဆင့် (Strategic Level) ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ လိုအပ်ခြင်းနဲ့ စစ်ဘေးသင့် ပြည်သူတွေကို ထောက်ပံ့စောင့်ရှောက်နိုင်ရေးအတွက် သီးခြားရံပုံငွေ အစီအစဉ်တစ်ရပ် ထားရှိဖို့ လိုအပ်ခြင်းတို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုကလည်း အဓမ္မစစ်သားစုဆောင်းမှုနဲ့ အရေအတွက်အင်အား ပြန်လည်ဖြည့်တင်းလာနိုင်ခြင်း၊ ဒရုန်းသုံးစွဲလာနိုင်ခြင်း၊ အိမ်နီးချင်းနိုင်ငံကြီးရဲ့ မျက်နှာသာပေးမှု ရရှိခြင်းတို့ကို အကြောင်းပြုပြီး စစ်မျက်နှာတချို့မှာ အင်အားကို စုစည်းကာ တန်ပြန်ထိုးစစ် အစီအမံတွေ ဆောင်ရွက်လာတာကို တွေ့ရတယ်လို့လည်း NUG က ဆိုပါတယ်။

အခုနှစ်ကုန်ပိုင်းမှာ စစ်အုပ်စုက ကျင်းပမယ့် ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက် တရားဝင်မှုရှာဖွေဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အရာထင်မှာမဟုတ်တဲ့အပြင် တော်လှန်ရေးအင်အားစုတွေကို ပိုမိုစုစည်းညီညွတ်စေလျက် ပိုမိုပြင်းထန်တဲ့ ပြည်သူ့ခုခံစစ်နဲ့ တုံ့ပြန်ဖို့ တွန်းအား ဖြစ်စေလိမ့်မယ်လို့လည်း NUG က ဖော်ပြထားပါတယ်။

 

0 Shares:
You May Also Like
Read More

ဟားခါးမှာ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်၊ ကျပ်သိန်း ၄၀ ဆု ချီးမြှင့်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်ရောက်လာတာကြောင့် ကျပ်သိန်း ၄၀ ဆုချီးမြှင့်ခဲ့တယ်လို့ Senthang Revolution Force က ထုတ်ပြန်ထားပါတယ်။
Read More

ရေကြီးမှုကြောင့် မယ်စဲ့တံတားကျိုးကျ

ကရင်နီဒေသ၊ မယ်စဲ့မြို့က မယ်စဲ့တံတား ရေကြီးနစ်မြုပ်မှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ စက်တင်ဘာလ ၂၁ရက်၊ မနေ့က မနက်ပိုင်းမှာ တံတား ကျိုးကျသွားတာဖြစ်ပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှု လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်အရုံး (KNU) လက်အောက်ခံတပ်တွေ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဝက်လက်မှာ ချေမှုန်းခံရတဲ့ အင်အား ၇၀ ပါ အကြမ်းဖက်စစ်ကြောင်းကနေ ၄၇ ယောက်သေ၊ ၆ ယောက် ဖမ်းမိ၊  ၁၇ ယောက် ပျောက်ဆုံးနေကြောင်း အမှတ် ၁ စစ်ဒေသ တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာအနီး အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၇၀ ပါ စစ်ကြောင်းကို ချေမှုန်းတိုက်ခိုက်ရာ ၄၇ ယောက် သေပြီး ၆ ယောက် အရှင်ဖမ်းမိကာ ၁၇ ယောက်ပျောက်ဆုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

လေးကေ့ကော်မြို့သစ် အနီးတဝိုက်နဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က လေယာဥ် ၂ စီးနဲ့ ပျံဝဲကာ ခြိမ်းခြောက်နေ

ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်နဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က Y12 လေယာဥ် ၂ စီးနဲ့ ပျံဝဲကာ ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က နေ့စဥ်ဆိုသလို လေကြောင်းဗုံးကြဲတိုက်ခိုက်နေ

ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ စစ်ရေးရှုံးနိမ့်နေတဲ့ အာဏာသိမ်းစစ်တပ်က နေ့စဉ်ဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။