စစ်ကောင်စီရဲ့ မဟာမိတ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) ကို အရှေ့တောင်အာရှ လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ကနေ ချက်ချင်းဖယ်ရှားပေးဖို့ နိုင်ငံတကာသမဂ္ဂအဖွဲ့တွေက ပူးတွဲတောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ သတင်းလွတ်လပ်ခွင့်ကို စနစ်တကျ ဖိနှိပ်ဖျက်ဆီးနေပြီး နိုင်ငံရဲ့ ကျန်ရှိနေတဲ့ လွတ်လပ်သော မီဒီယာတွေကို နှိပ်စက်နေခြင်းကြောင့် အခုလို ဖိအားပေးတောင်းဆိုတာလို့ GUF-APRO ရဲ့ အဖွဲ့ဝင် နိုင်ငံတကာ ဂျာနယ်လစ်များအဖွဲ့ချုပ် (IFJ) က ဆိုပါတယ်။

အဆိုပါပူးတွဲတောင်းဆိုချက်ကို နိုင်ငံတကာလုပ်သားသမဂ္ဂများအဖွဲ့ချုပ်-အာရှပစိဖိတ် (ITUC Asia-Pacific) နဲ့ ကမ္ဘာလုံးဆိုင်ရာသမဂ္ဂများအဖွဲ့ချုပ်-အာရှပစိဖိတ်ဒေသဆိုင်ရာအဖွဲ့အစည်းများ (GUF-APRO) တို့က စက်တင်ဘာ ၄ ရက်က ထုတ်ပြန်ထားတာဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက် လေးနှစ်တာကာလအတွင်း စစ်အုပ်စုရဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ‘လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတွေ’ ကို စုံစမ်းစစ်ဆေးဖို့ MNHRC ရဲ့ ပျက်ကွက်မှုကို ပြစ်တင်ရှုတ်ချထားပါတယ်။

IFJ ရဲ့ အဖွဲ့ဝင် မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) ရဲ့ အဆိုအရ အာဏာသိမ်းပြီးနောက် သတင်းသမား အနည်းဆုံး ၇ယောက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။

International Centre for Not-for-Profit Law ရဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအထိ သတင်းသမားအနည်းဆုံး ၂၂၃ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၉၁ ယောက်ကို စုစုပေါင်းထောင်ဒဏ် ၅၁၁ နှစ် ချမှတ်ခဲ့ကြောင်း၊ ထောင်ဒဏ်ချမှတ်ခံရသူတွေအနက် ၂၂ ရာခိုင်နှုန်းမှာ ထောင်ဒဏ် ၁၀ နှစ်ကနေ ၂၇ နှစ်အထိ ပြင်းထန်ထောင်ဒဏ်တွေ ကျခံနေရပြီး သတင်းသမား ၄၉ ယောက်ဟာ ထောင်ထဲမှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။

စစ်တပ်ဟာ ဥပဒေတွေကို မတရား အဓိပ္ပာယ်လွဲမှားစွာ အသုံးပြုပြီး သတင်းသမားတွေ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေအပါအဝင် လွတ်လပ်မှန်ကန်တဲ့ အသံတွေကို အကန့်အသတ်မရှိ ဖမ်းဆီးချုပ်နှောင်ဖို့နဲ့ နှုတ်ပိတ်ဖို့ လုပ်ဆောင်ခဲ့ကြောင်း IFJ က စောင့်ကြည့်ထားပါတယ်။

SEANF အဖွဲ့ဝင်အဖွဲ့အစည်းတွေကို MNHRC အား အဖွဲ့ဝင်အဖြစ် ဆက်လက်ထားရှိခြင်းအပေါ် သူတို့ရဲ့ ရပ်တည်ချက်ကို လူသိရှင်ကြား ရှင်းလင်းဖို့၊ လူ့အခွင့်အရေးအတွက် ပါရီစည်းမျဉ်းတွေ (Paris Principles) နဲ့အညီ ဖိုရမ်ရဲ့ အဖွဲ့ဝင်ဖြစ်မှုဆိုင်ရာ စံနှုန်းတွေကို ပြုပြင်ပြောင်းလဲဖို့၊ MNHRC ကို SEANF ကနေ ချက်ချင်းဆိုင်းငံ့ဖို့ သို့မဟုတ် ဖယ်ရှားဖို့နဲ့ MNHRC ပါဝင်တဲ့ ဘယ်ပူးတွဲစီမံကိန်းကိုမဆို ငြင်းပယ်ဖို့ GUF အဖွဲ့အစည်း ၈ခုက တိုက်တွန်းခဲ့ပါတယ်။

သတင်းသမားတွေကို တရားလက်လွတ် သတ်ဖြတ်ခြင်းနဲ့ အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်းများအပေါ် MNHRC ရဲ့ နှုတ်ဆိတ်နေခြင်းဟာ ‘သတင်းလွတ်လပ်ခွင့်ကို ထိခိုက်စေပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အားပေးခြင်း’ ဖြစ်ကြောင်း ကြေညာချက်အတွင်း ဖော်ပြခဲ့ပါတယ်။

MNHRC ဟာ ပါရီစည်းမျဉ်းတွေနဲ့ မကိုက်ညီတာကြောင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာမဟာမိတ်အဖွဲ့ ရဲ့ အသိအမှတ်ပြုမှုကနေ ဖယ်ရှားခံခဲ့ရသလို ၂၀၂၅ ခုနှစ်၊ မေလမှာလည်း အာရှပစိဖိတ်ဖိုရမ်ကနေ ဖယ်ရှားခံခဲ့ရပါတယ်။

ဒါ့အပြင် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) ကလည်း မြန်မာစစ်ကောင်စီဟာ အလုပ်သမားအခွင့်အရေး၊ အထူးသဖြင့် အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့်နှင့် အဓမ္မလုပ်အားပေးမှု ပိတ်ပင်ရေးတို့ကို အမြဲတစေ ချိုးဖောက်နေကြောင်း တွေ့ရှိခဲ့တာကြောင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်မှာ စစ်ကောင်စီကို ပိတ်ဆို့အရေးယူဖို့ ILO ဖွဲ့စည်းပုံပါ အခန်း ၃၃ ကို သမိုင်းဝင်အသုံးပြုခဲ့ပါတယ်။

“MNHRC ဟာ လွတ်လပ်တဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းတခုလို ပြုမူဆောင်ရွက်ခြင်းမရှိဘဲ စစ်တပ်ရဲ့ ပြောစကားအတိုင်း အစဉ်တစိုက်ပြောဆိုနေတာက သတင်းသမားတွေ၊ လုပ်သားသမဂ္ဂခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သားတွေကို ဖိနှိပ်နေတဲ့ အစိုးရတရပ်ကို တရားဝင်ဖြစ်စေဖို့ လုပ်ဆောင်နေတယ်” လို့ IFJ က ပြောပါတယ်။

ဒါ့အပြင် “မြန်မာနိုင်ငံအတွင်းနဲ့ ပြည်ပရောက် မီဒီယာအသိုင်းအဝိုင်းဟာ အကြမ်းဖက်မှု၊ ဖမ်းဆီးခံရမှု၊ နှောင့်ယှက်ခံရမှု၊ ခြိမ်းခြောက်ခံရမှုတွေနဲ့ ဆက်လက်ရင်ဆိုင်နေရချိန်မှာ SEANF ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေမှုကို ဆက်လက်အားမပေးသင့်ဘဲ MNHRC ကို ချက်ချင်း ဖယ်ရှားသင့်ပါတယ်” လို့ ထုတ်ပြန်ချက်အတွင်း တိုက်တွန်းထားပါသေးတယ်။
0 Shares:
You May Also Like
Read More

ခက်ခဲဒုက္ခရောက်နေသည့် မြန်မာပြည်သူများကို ဖေးမကူညီမည်ဟု ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပြော

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

(၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံတွင် NUG ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေ

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ အောက်တိုဘာလ ၁၉ ရက်ကနေ ၂၃ ရက်အထိ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဒေါက်တာဝင်းမြတ်အေးနဲ့ ဒေါ်ဇင်မာအောင်တို့ ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မြန်မာမှာ အပစ်ရပ် သက်တမ်းတိုးဖို့ မလေးရှားတိုက်တွန်း

လူသားချင်းစာနာမှုလုပ်ငန်းတွေကို အထူးသဖြင့် ငလျင်ဒဏ်သင့်နေရာတွေမှာ လုံခြုံဘေးကင်းပြီး အဟန့်အတားမရှိ လုပ်ကိုင်နိုင်ဖို့အတွက် ဗုဒ္ဓဟူးနေ့က သက်တမ်းကုန်သွားခဲ့တဲ့ မြန်မာပြည်ရဲ့ လက်ရှိ အပစ်အခတ်ရပ်စဲရေးကို ထပ်မံ တိုးချဲ့ဖို့နဲ့ သက်တမ်းတိုးဖို့ မလေးရှားက တောင်းဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီနှင့် ရိုဟင်ဂျာအရေးဆွေးနွေးတာ ရလဒ်မထွက်ဘူးဟု ဘင်္ဂလားဒေ့ရှ်ပြော

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ နှစ်နိုင်ငံကြား အပြန်အလှန်ဆွေးနွေးမှုဟာ ဘာရလဒ်မှ ထွက်မှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md Touhid Hossain က မေလ ၄ ရက်မှာ ပြောပါတယ်။
Read More

ဂျပန်နိုင်ငံရှိ မြို့ကြီးများတွင် စစ်ကောင်စီကို ထောက်ခံ ကူညီနေမှုများ ရပ်တန့်ရန်နှင့် မြန်မာ့အ​ရေး မစွက်ဖက်ရန် တရုတ်အစိုးရကို ချီတက်ဆန္ဒပြ

ဂျပန်နိုင်ငံရှိ မြို့တော် တိုကျိုအပါအဝင် မြို့ကြီး ၄ မြို့မှာ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံကူညီနေတာတွေ ရပ်တန့်ဖို့နဲ့ မြန်မာ့အရေး ဝင်ရောက်မစွက်ဖက်ဖို့ တရုတ်အစိုးရကို ချီတက်ဆန္ဒပြခဲ့တယ်လို့ NUG Support Team Japan က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြောက်ဦးဆေးရုံကို စစ်တပ် ဗုံးကြဲတိုက်ခိုက်မှု ကုလ ရှုတ်ချ၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများ လိုအပ်ဟု ထုတ်ပြန်

ရှေးဟောင်းယဥ်ကျေးမှုဇုန် မြောက်ဦးမြို့ရှိ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကို ကုလသမဂ္ဂအနေနဲ့ ရှုတ်ချကြောင်း ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။