အိန္ဒိယအာဏာပိုင်တွေဟာ ရိုဟင်ဂျာဒုက္ခသည် ရာနဲ့ချီကို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံဆီ အတင်းအကျပ် နှင်ထုတ်နေပြီး ဥပဒေရေးရာ အကာအကွယ်တွေ မပေးဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ဩဂုတ်လ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၅ ခုနှစ်၊ မေလကစလို့ ဒီလိုမျိုးတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒုက္ခသည်ရာနဲ့ချီကိုလည်း ထင်သလိုဖမ်းဆီးချုပ်နှောင်ကာ လူ့ဂုဏ်သိက္ခာထိခိုက်အောင် ပြုမူဆက်ဆံခဲ့တယ်လို့ HRW က ဆိုပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ (BJP) အစိုးရလက်အောက်မှာရှိတဲ့ ပြည်နယ်တွေဟာ ပြီးခဲ့တဲ့မေလက ရိုဟင်ဂျာနဲ့ ဘင်္ဂါလီစကားပြော မွတ်ဆလင်တွေကို “တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ” တွေအဖြစ် သတ်မှတ်ပြီး နှင်ထုတ်ရေးစီမံကိန်းကို စတင်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ နှင်ထုတ်ခံရသူတွေထဲမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) မှာ မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာ ၁၉၂ ယောက် ပါဝင်ပါတယ်။ အာဏာပိုင်တွေဟာ ရိုဟင်ဂျာဒုက္ခသည် အယောက် ၄၀ ကိုလည်း သင်္ဘောတစီးပေါ် တင်ပြီး မြန်မာနိုင်ငံကမ်းရိုးတန်းအနီးမှာ ရေထဲချကာ ကမ်းခြေကို ရေကူးစေခဲ့ပါတယ်။ ဒီနှင်ထုတ်မှုတွေကြောင့် ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ အိန္ဒိယကနေ ဘင်္ဂလားဒေ့ရှ်ကို ထပ်မံ ထွက်ပြေးခဲ့ကြရတယ်လို့ HRW က ဆိုပါတယ်။

HRW ဟာ အိန္ဒိယကနေ မကြာသေးမီက ရောက်ရှိလာတဲ့ ရိုဟင်ဂျာ အမျိုးသားနဲ့ အမျိုးသမီး ၉ ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇာ ဒုက္ခသည်စခန်းတွေမှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ သူတို့ထဲက ၆ ယောက်ဟာ အိန္ဒိယအာဏာပိုင်တွေက သူတို့ကို ရိုက်နှက်ခဲ့ပြီး ငွေ၊ လက်ကိုင်ဖုန်းနဲ့ UNHCR ကတ်တွေကို သိမ်းယူခဲ့တယ်လို့ ပြောပါတယ်။ ကျန်တဲ့ ၃ ယောက်ကတော့ ရဲတွေရဲ့ ထင်သလို ဖမ်းဆီးချုပ်နှောင်မှုအန္တရာယ်ကို ကြောက်ရွံ့ပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့တာလို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံ၊ Madanpur Khadar ဒုက္ခသည်စခန်းတွင် ရိုဟင်ဂျာအမျိုးသမီးတစ်ဦးသည် ဇန်နဝါရီ ၁၄၊ ၂၀၂၄ ခုနှစ်အတွင်း သောက်သုံးရေများ သယ်ဆောင်လာစဉ် (ဓာတ်ပုံ Pradeep Gaur/SOPA Images/Sipa USA/ AP)

အာသံပြည်နယ်၊ Goalpara ခရိုင်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာအမျိုးသမီး ၁ယောက်ကတော့ အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ သူမ၊ သူမရဲ့ခင်ပွန်းနဲ့ ကလေး ၃ ယောက်ကို သေနတ်နဲ့ ချိန်ပြီး ဘင်္ဂလားဒေ့ရှ်ဆီ အတင်းအကျပ် မောင်းထုတ်ခဲ့ကြောင်း ပြောပါတယ်။

“ကျမတို့မှာ ပိုက်ဆံလည်းမရှိ၊ ဒီဒေသကိုလည်း မသိ၊ သူတို့က ကျမတို့ကို အတင်းဖြတ်ခိုင်းနေတော့ ဘယ်သွားရမလဲဆိုပြီး ကျမယောက်ျားကမေးတာ သူတို့က အားနဲ့ ပါးရိုက်လိုက်တာ ခုထိ ကောင်းကောင်းမကြားနိုင်သေးဘူး။ ထပ်မေးရင် သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ကြတယ်” လို့ အဲဒီအမျိုးသမီးက ဆိုပါတယ်။

မေလ ၆ ရက်နေ့က ဒေလီမှာရှိတဲ့ မွတ်ဆလင်နဲ့ ခရစ်ယာန် ရိုဟင်ဂျာ အယောက် ၄၀ ကို အချက်အလက်ယူဖို့ဆိုပြီး ထင်သလို ဖမ်းဆီးခဲ့ပါတယ်။ အာဏာပိုင်တွေဟာ သူတို့ကို Andaman နဲ့ Nicobar ကျွန်းတွေဆီ လေယာဉ်နဲ့ခေါ်သွားပြီး အိန္ဒိယရေတပ်သင်္ဘောပေါ် အတင်းအကျပ် တင်ခဲ့ပါတယ်။ မြန်မာ့ကမ်းရိုးတန်းနားရောက်တဲ့အခါ စစ်သားတွေက အသက်ကယ်အင်္ကျီတွေပေးပြီး သင်္ဘောပေါ်ကနေ ပင်လယ်ထဲ တွန်းချခဲ့တယ်လို့ နှင်ထုတ်ခံရသူတွေရဲ့ ဆွေမျိုးတွေ ပြောပြချက်ကို HRW က ဖော်ပြထားပါတယ်။

ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီမှာ မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာဒုက္ခသည် ၄၀,၀၀၀ ခန့်ဟာ အိန္ဒိယမှာ နေထိုင်နေကြပါတယ်။ အိန္ဒိယဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားခြင်း မရှိပေမယ့် နိုင်ငံတကာဓလေ့ထုံးတမ်းဥပဒေအရ လူတွေကို အသက်အန္တရာယ် သို့မဟုတ် လွတ်လပ်ခွင့်ခြိမ်းခြောက်မှုတွေရှိတဲ့ နေရာတွေကို ပြန်ပို့တာ၊ နှင်ထုတ်တာတွေကို တားမြစ်ထားတဲ့ ‘non-refoulement’ ဆိုတဲ့မူကို လိုက်နာဖို့တာဝန်ရှိကြောင်း HRW က ထောက်ပြပါတယ်။

“အိန္ဒိယအစိုးရရဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နှင်ထုတ်မှုဟာ လူ့အသက်ကို လုံးဝဂရုမစိုက်တဲ့အပြင် နိုင်ငံတကာဥပဒေကိုပါ လျစ်လျူရှုတာ ဖြစ်တယ်” လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှဒါရိုက်တာ Elaine Pearson က ပြောပါတယ်။

အိန္ဒိယတရားရုံးချုပ်က ရိုဟင်ဂျာတွေကို “ဒုက္ခသည်” လား ဒါမှမဟုတ် “တရားမဝင် ဝင်ရောက်လာသူ” လားဆိုတာ ဆုံးဖြတ်ဖို့ရှိနေပြီး စက်တင်ဘာ ၂၃ ရက်မှာ ကြားနာဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ မေလမှာ တရားရုံးက နှင်ထုတ်တာတွေ ရပ်ဆိုင်းဖို့ ငြင်းဆိုခဲ့ပြီး ပင်လယ်ထဲ တွန်းချခဲ့တဲ့ ဖြစ်ရပ်ကိုလည်း “ကြားကောင်းအောင် ဇာတ်လမ်းဆင်ထားတာ” လို့ ပြောဆိုကာ ပယ်ချခဲ့ပါတယ်။

မူရင်းသတင်း – India: Scores of Rohingya Refugees Expelled

 

0 Shares:
You May Also Like
Read More

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဆက်လက်အသိအမှတ်ပြုသည်ဟု အတည်ပြု

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဆက်လက် အသိအမှတ်ပြုကြောင်း နိုင်ငံတကာပါလီမန်များညီလာခံရဲ့ အမှုဆောင်ကောင်စီအစည်းအဝေးကတဆင့် အတည်ပြုခဲ့ပါတယ်။
Read More

နိုင်ငံတကာအနေဖြင့် အတုအယောင်ရွေးကောက်ပွဲကို ပံ့ပိုးကူညီခြင်းသည် အကြမ်းဖက်စစ်အုပ်စု၏ နျူကလီးယား ရည်မှန်းချက်ကို အားပေးကူညီရာရောက်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

နိုင်ငံတကာအနေနဲ့ အတုအယောင်ရွေးကောက်ပွဲ လုပ်ငန်းတွေကို ပံ့ပိုးကူညီမယ်ဆိုရင် ဒါဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ နျူကလီးယား ရည်မှန်းချက်ကို အားပေးကူညီရာရောက်မှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

မြန်မာဘက်မှ ထွက်ပြေးလာသည့် နယ်ခြားစောင့်တပ်နဲ့ စစ်ကော်မရှင်တပ်က တပ်သား ၅ ဦး ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အဖမ်းခံရ

မြန်မာဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင် တပ်သား ၁ ယောက်နဲ့ နယ်ခြားစောင့်တပ်သား ၄ ယောက်ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမှာ ဖော်ပြထားပါတယ်။
Read More

ချင်းမိုင်မှာ ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေသူတွေကို ဆင်တွေနဲ့ စားနပ်ရိက္ခာ လိုက်လံထောက်ပံ့

ထိုင်းနိုင်ငံမြောက်ပိုင်းက စံချိန်တင်ရေကြီးနေတဲ့ ချင်းမိုင်ခရိုင်အတွင်း ပိတ်မိနေသူတွေဆီ ဆင်တွေနဲ့ စားနပ်ရိက္ခာတွေ လိုက်လံထောက်ပံ့ပေးနေတာတွေကို ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Read More

မြန်မာငါးဖမ်းလှေတစ်စီး ထိုင်းရေပိုင်နက်အတွင်း ဖမ်းဆီးခံရ

လူ ၆ ယောက် လိုက်ပါလာပြီး ပုစွန်ငါးပိ ကီလို ၄၀၀၀ တင်ဆောင်လာတဲ့ မြန်မာငါးဖမ်းလှေတစ်စီးကို ထိုင်းနိုင်ငံတောင်ပိုင်းမှာ ထိုင်းရေတပ်က ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
Read More

အကူအညီတွေ ဖြတ်တောက်မှုနောက် မြန်မာပြည်ရဲ့ ငတ်မွတ်မှု သိသိသာသာ မြင့်တက်လာ

ပြည်တွင်းစစ်ကာလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကူအညီတွေဖြတ်တောက်မှု လုပ်ဆောင်ချက်အပြီးမှာ မြန်မာပြည်ရဲ့ ပဋိပက္ခဒဏ်အခံရဆုံး ဒေသတခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ငတ်မွတ်ခေါင်းပါးမှု သိသိသာသာ မြင့်တက်လာတာကိုတွေ့ရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဩဂုတ်လ ၁၂ ရက်မှာ ပြောပါတယ်။