Justice For Myanmar (JFM) နဲ့ ICJ Norway တို့ဟာ နော်ဝေအခြေစိုက် တယ်လီနောနဲ့ တယ်လီနောမြန်မာ စီမံခန့်ခွဲမှုအဖွဲ့ကို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း နော်ဝေဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ခြင်းအတွက် နော်ဝေရဲတပ်ဖွဲ့ဆီ တိုင်ကြားချက် ဖွင့်လှစ်ခဲ့တယ်လို့ JFM က ထုတ်ပြန်ပါတယ်။

အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှုတွေဆိုတာ နော်ဝေရဲ့ မြန်မာနိုင်ငံဆိုင်ရာစည်းမျဥ်း (‘Myanmarforskriften’) ဖြစ်ပြီး တိုင်ကြားချက်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်မှာ တင်သွင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နော်ဝေရုပ်သံလိုင်း NRK ဟာ မကြာသေးမီက မြန်မာနိုင်ငံက တယ်လီနောရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို nrk.no၊ Podcasts ၊ တီဗွီ နဲ့ ရေဒီယိုမှာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်ခဲ့ပါတယ်။

အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်အာဏာသိမ်း ကြိုးပမ်းမှုအပြီး စစ်အုပ်စုနဲ့ အန္တရာယ်ကြီးတဲ့ ကွန်ရက်အချက်အလက်ဒေတာတွေ မျှဝေခဲ့တာအပြင် မြန်မာနိုင်ငံက တယ်လီနောရဲ့ အခန်းကဏ္ဍကို အကျယ်တဝင့် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

တယ်လီနောအနေနဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်အုပ်စုထိန်းချုပ်မှုအောက် ရောက်ရှိသွားတဲ့ မြန်မာအစိုးရ စောင့်ကြည့်ထောက်လှမ်းရေးစင်တာနဲ့ ဆက်နွယ်တဲ့ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ စောင့်ကြည့်ထောက်လှမ်းရေးစက်ပစ္စည်းကို တပ်ဆင်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းနဲ့ တည်ဆောက်ခြင်းတို့မှာ ပါဝင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တယ်လီနောဟာ စစ်အုပ်စုရဲ့ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်မှာလည်း သူတို့ရဲ့ မြန်မာနိုင်ငံလုပ်ငန်းကို ရောင်းချမှုရဲ့ အစိတ်အပိုင်းအနေနဲ့ M1 Group ရဲ့ ကုမ္ပဏီခွဲတစ်ခုဆီ စောင့်ကြည့်ထောက်လှမ်းရေး ပစ္စည်းကို လွှဲပြောင်းပေးအပ်ခဲ့ရာ တယ်လီနောဟာ သုံးစွဲသူတွေ အန္တရာယ်ကျရောက်လွယ်တဲ့ အချက်အလက်တွေကိုပါ စစ်အုပ်စုဆီ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


ICJ Norway ရဲ့ ဘုတ်အဖွဲ့အကြီးအကဲ Terje Einarsen က “နော်ဝေနဲ့ အခြား အနောက်နိုင်ငံတွေအနေနဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေအပါအဝင် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာမှုမြှင့််တင်ဖို့၊ အပြစ်ပေးအရေးယူခံရမှုကနေ ကင်းလွတ်နေတာကို တိုက်ဖျက်ဖို့အတွက် လူပုဂ္ဂိုလ်တစ်ဦးချင်းအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ နယ်ပယ်အလိုက် ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြှင့်အသုံးပြုနေချိန်မှာ အခုတိုင်ကြားချက်က အများပြည်သူအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ မြန်မာဒဏ်ခတ်ပိတ်ဆို့မှုတွေကို တယ်လီနောအုပ်စု ချိုးဖောက်မှုရှိမရှိ စုံစမ်းဖော်ထုတ်ရမှာ ဖြစ်ပါတယ်” လို့လည်း ပြောကြားထားပါတယ်။

တယ်လီနောဟာ ဟွာဝေးရဲ့ အကျိုးဆောင်မှုနဲ့အတူ ဂျာမဏီကုမ္ပဏီ Utimaco GmbH ဆီက ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ တရားဝင်ကြားဖြတ်စောင့်ကြည့်ဂိတ်ဝေး “Lawful Interception Gateway (‘LIG’)” ကို ဝယ်ယူခဲ့ပြီးနောက် အဲ့ဒီစက်ပစ္စည်းတွေကို ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ “နယ်မြေရှင်းလင်းရေး” အပြီး မကြာမီ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

“တယ်လီနောဟာ စစ်အုပ်စုကို အသက်အန္တရာယ်အထိ ကျရောက်နိုင်တဲ့ သုံးစွဲသူရဲ့ ကွန်ရက် အချက်အလက်ဒေတာတွေ မျှဝေတာအပြင် ကုမ္ပဏီရဲ့ တယ်လီဖုန်းကွန်ရက်တွေကို အချိန်နဲ့အမျှ စောင့်ကြည့်ထောက်လှမ်းနိုင်အောင် မြန်မာစစ်အုပ်စုနဲ့ချိတ်ဆက်ပြီး တရားဝင်ကြားဖြတ် ကိရိယာတွေ တပ်ဆင်ခွင့်ပေးခဲ့တဲ့ တာဝန်မဲ့လုပ်ရပ်ကို သေသေချာချာ ခရေစေ့တွင်းကျ စုံစမ်းစစ်ဆေးဖို့ လိုပါတယ်” လို့ Justice For Myanmar က ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောဆိုထားပါတယ်။

“နော်ဝေရဲ့ မြန်မာနိုင်ငံဆိုင်ရာ စည်းမျဥ်းက နော်ဝေကုမ္ပဏီ ဒါမှမဟုတ် နိုင်ငံသားတွေကို မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေမှာ ဘယ်လိုနည်းနဲ့မှ ကူညီနေတာမျိုး မဖြစ်အောင် ကာကွယ်ဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့် စစ်အုပ်စုဆီ ဒီစက်ပစ္စည်းနဲ့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေ ရောက်နေတာက မြန်မာနိုင်ငံဆိုင်ရာစည်းမျဥ်းကို ထင်ထင်ရှားရှား ချိုးဖောက်နေတာဖြစ်ပြီး ဒါတွေကို မဖြစ်မနေ တာဝန်ခံရမှာဖြစ်ပါတယ်။ တယ်လီနောဟာ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ကွပ်မျက်ခံရမှုမှာ တရားမ၀င်အကြမ်းဖက်စစ်အုပ်စုဆီ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သိသိကြီးနဲ့ ပေးအပ်ခဲ့တဲ့ ကုမ္ပဏီရဲ့လုပ်ရပ်တွေအပါအဝင် လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေမှာ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ကိစ္စတွေမှာလည်း ပြည့်ပြည့်စုံစုံ စုံစမ်းစစ်ဆေးဖို့လိုပါတယ် ” လို့လည်း မရတနာမောင် ပြောကြားထားပါတယ်။

0 Shares:
You May Also Like
Read More

ဩစတေးလျနှင့် တောင်ကိုရီးယားတွင် ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အကြို လူထုလှုပ်ရှားမှုများ ပြုလုပ်

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့နဲ့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ မကြာခင် ကျရောက်တော့မယ့် ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုကို ပြည်ပရောက်မြန်မာတွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးအင်အားစုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ မင်းအောင်လှိုင်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တိုက်တွန်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝါထရာက တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

စစ်အာဏာရှင်စနစ် အမြစ်ပြတ်မှသာ လူကုန်ကူးမှုအပါအဝင် ဆိုက်ဘာမှုခင်းများကို‌ အပြီးတိုင် တိုက်ဖျက်နိုင်မည်ဟု  ဦးကျော်မိုးထွန်း ပြောကြား

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းအောင် လုပ်ဆောင်နိုင်မှသာ မြန်မာနိုင်ငံအတွင်း ကင်ဆာရောဂါသဖွယ် ပြန့်ပွားလာနေတဲ့ လူကုန်ကူးမှုအပါအဝင် ဆိုက်ဘာမှုခင်းတွေကို အပြီးတိုင် တိုက်ဖျက်နိုင်မှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောပါတယ်။
Read More

မြန်မာလူငယ် ၂၀၀ ခန့်ကို ရနောင်းမှ ကော့သောင်းသို့ ထိုင်းအာဏာပိုင်များ ပြန်ပို့

ထိုင်းနိုင်ငံတောင်ပိုင်းက အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား အယောက် (၂၀၀) ခန့်ကို ထိုင်းအာဏာပိုင်တွေက ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်ကတဆင့် နေရပ်ပြန်ပို့လိုက်တယ်လို့ ထိုင်းသတင်းတွေနဲ့ ထိုင်းတော်ဝင်ရေတပ် ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို အာဆီယံခေါင်းဆောင်များ ပြတ်သားစွာ ငြင်းပယ်ရမည်ဟု တွမ်အင်ဒရူးစ် တိုက်တွန်း

မြန်မာနိုင်မှာ စစ်အုပ်ချုပ်ရေးကို ပိုမိုခိုင်မာစေပြီး နိုင်ငံတကာဖိအားတွေ လျှော့ချဖို့ကိုသာ ရည်ရွယ်ထားတဲ့ စစ်ကော်မရှင်ရဲ့ တရားမဝင် ရွေးကောက်ပွဲကို အာဆီယံခေါင်းဆောင်တွေ ပြတ်ပြတ်သားသား ငြင်းပယ်ရမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောဆိုလိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား ၆၀ ကျော် နစ်နာကြေးမရဘဲ အလုပ်ထုတ်ခံရမှုကို NUG အလုပ်သမားရေးဝန်ကြီးဌာန အမှုဖွင့်တိုင်ကြား…

ထိုင်းနိုင်ငံ၊ ချွန်ပူရီမြို့ရှိ ပါကေးစက်ရုံမှာ မြန်မာလုပ်သား အယောက် ၆၀ ကျော် နစ်နာကြေးမရရှိဘဲ အလုပ်ကနေ မတရားထုတ်ခံရတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားရေးဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။