ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ (၃၃)နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းလိုက်ပြီလို့ ဒီနေ့ ဩဂုတ်လ ၂၇ရက်မှာ သက်ဆိုင်ရာ တပ်ဖွဲ့တွေက အသိပေး ထုတ်ပြန်ပါတယ်။

ဗျူဟာ ၃၃ နဲ့ MSRF တပ်ဖွဲ့တို့ဟာ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ချိန်ကစတင်ပြီး ၂နှစ်ကျော်ကာလအတွင်းမှာ စစ်ရေးဖော်ဆောင်မှုပေါင်း ၄၀ ခန့် ဆောင်ရွက်ခဲ့ကာ စစ်တပ်ရဲ့ စခန်းသိမ်းတိုက်ပွဲပေါင်း (၆) ကြိမ်ထက်မနည်း ဖော်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုလို အတူတကွ စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်လာခဲ့ရာက ရဲဘော်ရဲဘက်တွေကြား သွေးစည်းညီညွတ်မှု၊ အနစ်နာခံမှုနဲ့ ယုံကြည်မှုတွေဟာ ညီနောင်ပမာ ခိုင်မာလာပြီဖြစ်တာကြောင့် ဗျူဟာ ၃၃ နဲ့ MSRF တို့ဟာ “ညီနောင်တပ်ဖွဲ့” ဖွဲ့စည်းကြောင်းကို ကြေညာလာတာပဲ ဖြစ်ပါတယ်။

“ကျနော်တို့တွေက ၂၀၂၃ ကတည်းက မဟာမိတ်အဖြစ် ပူးပေါင်းပြီး အလုပ်လုပ်ခဲ့ကြတာပေါ့နော်။ တိုက်တဲ့ နေရာမှာလည်း ကျနော်တို့တွေ အောင်မြင်မှုတွေ ရခဲ့တာလည်း ရှိတယ်။ မဟာမိတ်ဆိုတာထက်ကို ပိုမိုခိုင်မာတဲ့ ကျနော်တို့ PDF တပ်ဖွဲ့ဝင်တွေနဲ့ မွန်တပ် ၂ဖက်သဘောတူ ပူးပေါင်းပြီးတော့ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်” လို့ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကိုက မောင်းကို ပြောပါတယ်။

ညီနောင်တပ်ဖွဲ့ဟာ အနာဂတ်တော်လှန်ရေးခရီးတလျှောက်မှာ တူညီတဲ့ ရည်မှန်းချက်တွေနဲ့ စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး ရင်ဆိုင်ကြုံတွေ့လာရမယ့် ဘယ်အခြေအနေမျိုးမှာမဆို အသက်ပေး ကာကွယ်သွားဖို့ အချင်းချင်း သဘောတူညီချက်တွေ ထားရှိထားတယ်လို့ သိရပါတယ်။

MSRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က “ကျမတို့ ဒီညီနောင်မဟာမိတ်တပ်ဖွဲ့ဟာဆိုလို့ရှိရင် ရဲဘော် ရဲဘက်ချင်း တသားတည်းကျ တထပ်တည်းကျပြီးတော့ ရင်းနှီးမှု၊ သစ္စာရှိမှုကို အခြေခံပြီး ဖွဲ့စည်းလိုက်တဲ့ တပ်ဖွဲ့ဖြစ်တယ်။ အပေါ်ယံ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့မဟုတ်ဘဲ အနှစ်သာရကို အခြေခံပြီးတော့ ဖွဲ့စည်းလိုက်တဲ့ ညီနောင်တပ်ဖွဲ့ပဲ ဖြစ်ပါတယ်။ ပြီးတော့ မွန်နဲ့ တနင်္သာရီရဲ့ နိုင်ငံရေးစစ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက်ကို ပဏာမ ခြေလှမ်းတရပ်လည်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

PDF နဲ့ မွန်တပ်ဖွဲ့ ပေါင်းစည်းထားတဲ့ ညီနောင်တပ်ဖွဲ့ဟာ စစ်အာဏာရှင်နဲ့ ဘယ်လိုအာဏာရှင်စနစ်ကိုမဆို အဆုံးတိုင် တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းနိုင်တဲ့အထိ တိုက်ပွဲဝင် သွားမယ်လို့ သန္နိဌာန်ချထားကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

KIA ၊ AA ၊ BPLA နဲ့ KPDF တို့ တက်ရောက်ခဲ့တဲ့ ABSDF အမှတ် ၂ စစ်ကြောင်းရဲ့ ၈၈၈၈ လူထုအရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားနှင့် အခြေခံစစ်ပညာ သင်တန်းဆင်းပွဲအခမ်းအနား

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)၊ ABSDF အမှတ် - ၂ စစ်ကြောင်းမှာ (၃၇) နှစ်မြောက် ရှစ်လေးလုံး လူထု အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားနဲ့ အမှတ်စဉ် (၂/၂၀၂၅) အပတ်စဉ် (၁၀) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၈ ရက်က ကျောင်းသားတပ်မတော် အမှတ် ၂ စစ်ကြောင်း အခြေခံစစ်ပညာ သင်တန်းဌာနမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-ကျောက္ကာလမ်းပိုင်းရှိ ရေနံကုန်းကွက်သစ်ကို စစ်အုပ်စု အင်အားအလုံးအရင်းသုံး မီးဝင်ရှို့

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာ-ကျောက္ကာလမ်းပိုင်းမှာ သံချပ်ကာကားတွေ အသုံးပြုစစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ရေနံချက်ဖိုတွေရှိရာ ရေနံကုန်းကွက်သစ်ကို ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
Read More

ခလရ ၂၅၁ တွင် တာဝန်ထမ်းဆောင်နေသည့် စစ်မှုထမ်းတပ်သားတစ်ဦး ခဲယမ်းများနှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ မြိုင်မြို့ဘက်ကို ရိက္ခာကားတန်းနဲ့အတူလိုက်ပါလာတဲ့ ခလရ ၂၅၁ မှာတာဝန်ထမ်းဆောင်နေသူစစ်မှုထမ်းတပ်သား တစ်ယောက်ဟာ ခဲယမ်းတွေယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း-၃၀၁၁ ဆီက သိရပါတယ်။
Read More

စစ်ကောင်စီက လူငယ်တွေကို အပျော်အပါးနဲ့ ဖျက်ဆီးကာ စစ်မှုထမ်းဖို့ ဆွဲဆောင်နေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်မှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်ကောင်စီက ပျော်ပါးခွင့် အပြည့်ပေးထားကာ စစ်မှုထမ်းဖို့ ဆွဲဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Read More

ဘုတလင်မြို့နယ်၊ ကျောက်အိုး (မြောက်) ရွာကို စစ်တပ်စစ်ကြောင်းဝင်ပြီး အရပ်သားတွေကို လူသားဒိုင်းလုပ်ဖမ်းကာ အိမ်တွေကိုမီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ရွာစဥ်လှည့်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ကျောက်အိုး(မြောက်)ရွာကို ဝင်ရောက်မီးရှို့ကာအရပ်သားတွေကို ဓားစာခံလူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်းထံက သိရပါတယ်။
Read More

စစ်တပ် နိုင်ငံရေးက ထွက်မယ်ဆိုတဲ့ ကတိရမှ ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ CNF ပြော

စစ်ကောင်စီ နိုင်ငံရေးကထွက်မယ်ဆိုတဲ့ ကတိအပါအ၀င် အချက် ငါးချက်နဲ့ စဉ်းစားပြီးမှသာ တွေ့ဆုံရေးလမ်းကြောင်းကို ဦးတည်မယ်လို့  ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဋ္ဌ ၂ ဒေါက်တာ ရွှေခါး က ပြောပါတယ်။