မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အင်အားအလုံးအရင်းသုံး ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းက ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးရင်း လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၂ ယောက် သေဆုံးခဲ့ကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းကစလို့ ပခုက္ကူတပ်မ ၁၀၁ကနေ ထွက်လာတဲ့ ရိက္ခာကားတန်း တစ်ရာကျော်ပါ အကြမ်းဖက်စစ်ကြောင်းဟာ သြဂုတ်လ ၂၀ ရက်နေ့မှာ ပေါက်မြို့နယ်အရှေ့ဘက်က ရေယာဥ်ကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ရေယာဥ်ကျေးရွာကို အကြမ်းဖက်စစ်ကြောင်းနဲ့ ယာကြီးပြင်ရွာခံ ပျူစောထီးတပ်တွေက ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တာဖြစ်ပြီး နေအိမ် အလုံး ၃၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် အကြမ်းဖက်စစ်ကြောင်းဟာ ပေါက်မြို့အတွင်း ဝင်ရောက်သွားခဲ့ပြီး Non CDM ဝန်ထမ်းတွေ၊ ဒေသခံပျူစောထီးနဲ့ စစ်တပ်အသိုင်းအဝိုင်းက မိသားစုတွေကို တင်ဆောင်ကာ သြဂုတ်လ ၂၂ ရက်နေ့မှာ မြို့ကနေ ပြန်လည်ထွက်ခွာလာခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းမှာ ကားအစီးရေ ၈၀ ကျော် ပါဝင်ပြီး ပခုက္ကူမြို့ဘက်ကို အင်အားအလုံးအရင်းသုံး ပြန်လည်ထွက်ခွာလာတာဖြစ်သလို လေကြောင်းပစ်ကူတွေလည်း ယူခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းပြန်ထွက်ခွာလာတဲ့ သြဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်းမှာပဲ စစ်အုပ်စုတွေက ပေါက်မြို့နယ်အရှေ့ပိုင်း၊ ဆယ်ဝကျေးရွာကို ဂျက်ဖိုက်တာတွေနဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်သွားခဲ့တယ်လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဆယ်ဝကျေးရွာနေ အရပ်သားပြည်သူ ၂ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၆ယောက် ရှိခဲ့ကြောင်း သိရပါတယ်။ ဗုံးကြဲတိုက်ခိုက်မှု မလုပ်ဆောင်ခင် ၅ရက်အလိုကလည်း အဆိုပါ ဆယ်ဝကျေးရွာကို စစ်အုပ်စုတွေက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
သြဂုတ်လ ၂၅ ရက်နေ့မှာတော့ စစ်ကြောင်းဟာ ပေါက်မြို့နဲ့ ရေပြာရွာအကြား ရောက်ရှိခဲ့ပြီး ပေခုနှစ်ပင်ကျေးရွာကိုပါ ဝင်ရောက်မီးရှို့ခဲ့ကြောင်း သိရပါတယ်။

“မနေ့က နေ့ခင်းလောက်ဝင်ရှို့တာပါ။ ရွာကို အခုထိ ကျနော်တို့တွေ ဝင်လို့မရသေးတော့ အခြေအနေက ပြောဖို့ခက်ပါတယ်” လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါစစ်ကြောင်းဟာ ကမ္မ၊ မြိုင်နဲ့ ပခုက္ကူဘက်တွေဆီ ပြန်လည်ဦးလှည့်ရွေ့လျားလာနေတာကြောင့် ပေါက်-ရေပြာ-ကမ္မ-ပခုက္ကူလမ်းပိုင်းက ကျေးရွာတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရပါတယ်။

သြဂုတ်လ ၂၀ ရက်နေ့တွင် စစ်အုပ်စုမီးရှို့သွားသည့် ရေယာဥ်ကျေးရွာမြင်ကွင်း (ဓာတ်ပုံ အညာမြေတပ်ပေါင်းစု)

0 Shares:
You May Also Like
Read More

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပိုင်းကို မလိုအပ်ဘဲ ခရီးမသွားဖို့ တနင်္သာရီ စစ်ဗျူဟာ အသိပေး

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမှာ စစ်ကောင်စီက ပြည်သူတွေကို လူသားတံတိုင်းပြုလုပ်လာနိုင်တာကြောင့် ခရီးသွားလာခြင်းတွေကို ရှောင်ရှားဖို့ တနင်္သာရီတိုင်း စစ်ဌာနဗျူဟာ ၃၅ က အသိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

ဓားစာခံများအား ဖမ်းဆီးလာသည့် စစ်အုပ်စု ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးကာ ပြည်သူ ၇ဦး ထွက်ပြေးလွတ်မြောက်

“ကလေးငယ်တွေအပါအဝင် အမျိုးသမီးနဲ့ အမျိုးသား ၄၀ လောက်ကို ဖမ်းတယ်။ ၂၃ရက်နေ့မှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ပြန်လွှတ်ပေးတယ်။ ၂၄ရက်နေ့ကျ ဘန့်ဘွေးကုန်းရွာက စခ စခန်းဆီ အမျိုးသားတွေ ဖမ်းခေါ်လာတယ်သတင်းရလို့ စောင့်တိုက်တာ။ ဘန့်ဘွေးကုန်းက စခ စခန်းကို မသာ ၁၅လောင်းနဲ့ ဒဏ်ရာရ ၃ကောင် သယ်လာတယ်လို့ ကြားသိရတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နွေဦးတော်လှန်ရေးဟာ အတိတ်သမိုင်းမှာ ကြိုးပမ်းခဲ့သည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ၏ အဆက်ဖြစ်ကြောင်း NUG ယာယီသမ္မတ ပြောကြား… သမိုင်းအစဉ်အလာကြီးမားတဲ့ NLD ၏ ဦးဆောင်ပါဝင်မှုကို ပြည်သူတစ်ရပ်လုံးက ဆက်လက်အလိုရှိနေဟု ဆို…

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ... နွေဦးတော်လှန်ရေးမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်လာအောင် ဆက်လက်ကူညီပေးဖို့ မေတ္တာရပ်ခံချင် ပါတယ်။ လူထုလွတ်လပ်ခွင့်အတွက် အာမခံချက်ရှိတဲ့ အခြေအနေကို ဖန်တီးဖို့အတွက် သမိုင်းအစဉ်အလာကြီးမားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးဆောင်ပါဝင်မှုကို ပြည်သူတစ်ရပ်လုံးက ဆက်လက် အလိုရှိနေကြပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
Read More

မူဆယ်မှာ စစ်ကောင်စီတပ် လက်ကျန် မိုင်းနင်းမိပြီး အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ်၊ နမ့်ဟွယ်ကျေးရွာမှာ အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အညာဒေသ စစ်ဘေးရှောင် စာသင်ကျောင်းတွေအတွက် လေကြောင်းရန်ကာကွယ်နိုင်ဖို့ စကားပြောစက်တွေ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဆားလင်ကြီးမြို့နယ်က စစ်ဘေးရှောင် စာသင်ကျောင်းအတွက် စကားပြောစက်တွေကို မနေ့က နိုဝင်ဘာလ ၇ ရက်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့က သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
Read More

PDF နှင့် မဟာမိတ် တိုင်းရင်းသားတပ်ဖွဲ့များ လက်တွဲညီညီ ကြိုးစားရင် တော်လှန်ရေး ဘုံရည်မှန်းချက်များ မဝေးတော့ ဟု NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအားလုံး လက်တွဲညီညီ ကြိုးစားမယ်ဆိုရင် ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးဟာ မဝေးတော့တဲ့ လက်တကမ်းအကွာမှာ ရောက်ရှိနေပြီလို့ NUG က ပြောပါတယ်။