ရှမ်းပြည်နယ်ထဲက မြို့တွေမှာ TNLA၊ MNDAA အပါအဝင် တော်လှန်ရေးအင်အားစုတွေကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲတွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့လုပ်ရပ်ဟာ ရှမ်းပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒ မပါဝင်ဘဲ လူမျိုးစုအချင်းချင်းကြား ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်လုပ်ဆောင်နေတာဖြစ်တယ်လို့ သျှမ်းလူငယ်ကွန်ဂရက် Dai Youth Congress (DYC) တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။

သြဂုတ်လ ၁၈ ရက်က စလို့ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့တွေမှာ စစ်တပ်ထောက်ခံသူ ကြံ့ခိုင်ရေး၊ မဘသနဲ့ လက်အောက်ခံဝန်ထမ်းတွေ ဦးဆောင်ပြီး TNLA နဲ့ MNDAA အပါ တော်လှန်ရေးအင်အားစုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ရှိလာနေတာ ဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲတွေအတွက် လူအင်အားလိုချက်ရှိတဲ့ အကြမ်းဖက်စစ်တပ်က ဌာနေအရပ်သားတွေကို တစ်အိမ်ထောင်တစ်ယောက်နှုန်း မလိုက်မနေရ ပုံစံနဲ့ အတင်းအကျပ် ခေါ်ဆောင်တာမျိုးတွေရှိခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအထိပါ ဆက်လက်လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆန္ဒပြပွဲလာတဲ့အခါ ရှမ်းဝတ်စုံ မဖြစ်မနေဝတ်ဆင်လာကြဖို့နဲ့ သိန္ဒီ၊ ကျောက်မဲနဲ့ သီပေါမြို့တွေက TNLA နဲ့ MNDAA တို့ ထွက်ခွာပေးရေး၊ ရှမ်းပြည်နယ်ငြိမ်းချမ်းရေးကို ထိခိုက်စေသည့် အကြမ်းဖက်မှုများကို အလိုမရှိ စတဲ့ စာသားတွေကို အော်ဟစ်ကြွေးကြော်ခိုင်းခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်အနေနဲ့ ဒီဆန္ဒပြပွဲတွေကို သြဂုတ်လ (၁၈)ရက်နေ့မှာ မိုးနဲ၊ မိုင်းပန်၊ ကွန်ဟိန်၊ ခိုလန် မြို့တွေမှာ လုပ်ဆောင်ခဲ့ပြီး သြဂုတ်လ (၁၉)ရက်နေ့မှာတော့ တောင်ကြီး၊ ပင်လုံ၊ လဲချား၊ နမ့်စန်၊မောက်မယ် စတဲ့ ပြည်နယ်တောင်ပိုင်းက မြို့တွေမှာ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ဒီနေ့ သြဂုတ်လ ၂၀ ရက်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက မိုင်းရယ်နဲ့ နမ့်လန်မြို့တွေမှာပါ ဆက်လက် လုပ်ဆောင်နေကြောင်း၊ ဒီလုပ်ရပ်ဟာ ရှမ်းပြည်နေ လူမျိုးစုအချင်းချင်း ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်နေတယ်လို့လည်း သျှမ်းလူငယ်ကွန်ဂရက် Dai Youth Congress (DYC) က ထုတ်ပြန်ထားပါတယ်။

“စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လူမျိုးရေးပဋိပက္ခကို မီးမွှေးနေတာဖြစ်တယ်၊ အဲ့ဒီလိုမီးမွှေးတဲ့အထဲ ပြည်သူတွေက အသုံးချခံရတာဖြစ်တဲ့အကြောင်း သိစေချင်လို့ ဒီစာကိုထုတ်တာပါ၊ သူတို့ရဲ့လုပ်ရပ်တွေကို ကန့်ကွက်ကြောင်းလည်း ထုတ်ဖော်ပြောကြားချင်လို့ပါ။” လို့ သျှမ်းလူငယ်ကွန်ဂရက် Dai Youth Congress (DYC) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တောင်ကြီးမြို့နေ ဒေသခံတစ်ယောက်ကလည်း ဆန္ဒပြပွဲတွေနဲ့ပက်သက်ပြီး “တောင်ကြီးကတော့ သူတို့ အပိုင်လိုကိုဖြစ်နေတာ၊ မြို့ငယ်တွေက လူစိမ်းဆို ချက်ချင်းသိတယ်။ တောင်ကြီးလိုမြို့ကြီးကျ ဆန္ဒပြအင်အားတွေထည့်လို့ရတယ်။ ဒါပေမယ့် ဆန္ဒပြတဲ့သူတွေက တောင်ကြီးမြို့ခံတွေ မဟုတ်ဘူး။ အပေါ်က ကရင်အင်္ကျီနဲ့ အောက်က အင်းဘောင်းဘီဝတ်ပြီး ဇွတ် ရှမ်းတွေပါ။” လို့ မောင်းကိုပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ ဒီလုပ်ရပ်တွေဟာ ယခင်စစ်အာဏာရှင်အဆက်ဆက် ကျင့်သုံးခဲ့တဲ့ သွေးခွဲဖိနှိပ်တဲ့ အုပ်ချုပ်ရေးစနစ်တွေသာဖြစ်ကြောင်းနဲ့ အခုလို ဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့ အရပ်သားတွေဟာလည်း နိုင်ငံရေးအသုံးချခံတွေသာဖြစ်ကြောင်း၊ စစ်အုပ်စုရဲ့ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနဲ့ ဆန္ဒပြပွဲတွေဟာ သျှမ်းပြည်သူလူထုတစ်ရပ်လုံးရဲ့သဘောဆန္ဒတွေ မပါဝင်ကြောင်း သျှမ်းလူငယ်ကွန်ဂရက်  Dai Youth Congress (DYC) က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးရဲဘော်များကို စစ်သားထင်ပြီး ဧည့်ခံဖို့ပြင်နေရင်း ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းအုပ်စု၊ ရှမ်းကုန်းရွာက စစ်မှုထမ်းဟောင်းလည်းဖြစ်တဲ့ ရာအိမ်မှူး ဦးမြင့်အောင်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ Black Tiger ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဝက်လက်တွင် အကြမ်းဖက်စစ်ကြောင်းများနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက် စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၂ ရက်ဆက် ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိကာ စစ်ကြောင်းတွေ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ညီနောင်မဟာမိတ် စိတ်ဓာတ်နဲ့အတူ တော်လှန်ရေးခရီး ဆက်လျှောက်မယ်လို့ TNLA ထံ MNDAA နဲ့ AA သဝဏ်လွှာပေးပို့

တစ်ဖွဲ့ရဲ့လိုအပ်ချက်ကို တစ်ဖွဲ့က မဟာမိတ်စိတ်ဓာတ်အပြည့်နဲ့ ကူညီပံ့ပိုးရင်း တော်လှန်ရေးခရီးကို ဆက်လက်လျှောက်လှမ်းမယ်လို့ တအာင်းတပ်မတော် TNLA ထံ ညီနောင်မဟာမိတ် နှစ်ဖွဲ့ဖြစ်တဲ့ MNDAA နဲ့ AA တို့က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

မလှိုင်မြို့နယ်တွင် အသက်မပြည့်သေးသည့် ကလေးငယ်နှင့် မိခင်အပါ ၄ ဦးကို စစ်ကော်မရှင် သတ်ခဲ့၊ နွားထိုးကြီးနယ်ရှိ ဒေသခံ ၈ ဦးကိုလည်း ဓားစားခံအဖြစ် ဖမ်းဆီးကာ သတ်ဖြတ်သွား

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ထဲကို မိတ္ထီလာကနေထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ စက်တင်ဘာ ၂၅ ရက်နေ့ ညပိုင်းလောက်မှာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပြည်သူတွေလက်မခံတဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက် စစ်အုပ်စု ကြေညာ

ပြည်တွင်းစစ် ပြင်းထန်စွာဖြစ်ပွားနေတဲ့အကြား စစ်အုပ်စုက သူတို့ရဲ့ ထွက်ပေါက်ဖြစ်စေမယ့်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ပြုလုပ်မယ်လို့ ဩဂုတ်လ ၁၈ ရက်က ကြေညာခဲ့ပါတယ်။
Read More

ငလျင်ဘေးသင့် ဒေသများကို ထွေအုပ်ရုံးများမှတဆင့် လှူဒါန်းဖို့ စစ်ကောင်စီ ထုတ်ပြန်

ကျန်းမာရေးရှုထောင့် အကြောင်းပြကာ ငလျင်ဘေးသင့်ဒေသတွေမှာ ကုန်ခြောက်တွေကိုသာ ထွေအုပ်ရုံးတွေကတဆင့် လှူဒါန်းဖို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။