ပြည်တွင်းစစ် ပြင်းထန်စွာဖြစ်ပွားနေတဲ့အကြား စစ်အုပ်စုက သူတို့ရဲ့ ထွက်ပေါက်ဖြစ်စေမယ့်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ပြုလုပ်မယ်လို့ ဩဂုတ်လ ၁၈ ရက်က ကြေညာခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မဲမသမာမှုလို့ စွပ်စွဲပြီး အာဏာသိမ်းခဲ့တဲ့ စစ်အုပ်စုဟာ ဒီမိုကရေစီဘက်တော်သား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ လူမျိုးစုတော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် နိုင်ငံအနှံ့ နေရာအများအပြား လက်လွှတ်ထားရတာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ ရွေးကောက်ပွဲအပြီး လာမယ့် ဘယ်အစိုးရအဖွဲ့မျိုးမှာမဆို သမ္မတ၊ စစ်တပ်ချုပ် ဒါမှမဟုတ် ရာထူးနေရာအသစ် တနေရာရာယူပြီး အာဏာဆက်လက် ချုပ်ကိုင်ထားဖွယ်ရှိတယ်လို့ အကဲခတ်တွေက သုံးသပ်ပြီးဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်ဟာ နိုင်ငံရဲ့ အမြင့်ဆုံးရာထူးတွေဖြစ်တဲ့ ယာယီသမ္မတ၊ စစ်တပ်ချုပ်နဲ့ စစ်ကောင်စီဝန်ကြီးချုပ်ရာထူးတွေကို ရယူခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်က ထပ်မံ ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် လုံခြုံရေးနဲ့ အေးချမ်းသာယာရေး ကော်မရှင် (နလအ) မှာလည်း မင်းအောင်လှိုင်က ဥက္ကဋ္ဌရာထူးကို ဆက်လက်ရယူထားတာ ဖြစ်ပါတယ်။

“ကမ္ဘာမကုန်သရွေ့ စစ်အာဏာရှင်တွေကို အာဏာပေးထားနိုင်အောင် ဒီရွေးကောက်ပွဲလုပ်တာလို့ ထင်ပါတယ်” ဆိုပြီး ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်းနေ မြန်မာပြည်သူတယောက်က ပြောဆိုကြောင်း AFP က သတင်းဖော်ပြပါတယ်။

“ရွေးကောက်ပွဲက ပြည်သူတွေအတွက် အရေးပါမယ်လို့ မထင်ဘူး” လို့ လုံခြုံရေးအကြောင်းပြချက်ကြောင့် အမည်မဖော်လိုတဲ့ အဆိုပါ အသက် ၆၃ နှစ်အရွယ် အမျိုးသားက ထပ်ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြောင့် လူပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့ပြီး နိုင်ငံတဝက်ကျော် ဆင်းရဲမွဲတေကာ လူပေါင်း ၃ ဒဿမ ၅ သန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

စစ်အုပ်စုဟာ ရွေးကောက်ပွဲကို ပဋိပက္ခအဆုံးသတ်ရေးနည်းလမ်းအဖြစ် အမွှန်းတင်နေပြီး ရွေးကောက်ပွဲမတိုင်မီ လက်နက်ချလိုတဲ့ အတိုက်အခံအင်အားစုတွေကို ဆုကြေးငွေတွေနဲ့ ဖြားယောင်းနေခဲ့ပါတယ်။

“တိုင်းပြည်ကို ပြန်ပြီး တည်ငြိမ်စေချင်ပါတယ်” “ရွေးကောက်ပွဲကြောင့် တိုင်းပြည် ပိုတည်ငြိမ်ပြီး ငြိမ်းချမ်းမယ်ဆိုရင်တော့ ကျမတို့ ပါမှာပါ” လို့ မန္တလေးမြို့က စစ်ဘေးရှောင် အမျိုးသမီးတယောက်က ပြောပါတယ်။

၂၀၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် တပ်မတော်နေ့ အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်၌ အကြမ်းဖက်တပ်သားများ ချီတက်ပွဲ ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ AFP/STR)

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်လည်း အဖမ်းခံခံထားရဆဲ၊ အာဏာသိမ်းမှုမှာ ဖြုတ်ချခံလိုက်ရတဲ့ အခြားသော အတိုက်အခံ လွှတ်တော်အမတ်တွေကလည်း ရွေးကောက်ပွဲကို ဆက်လက်သပိတ်မှောက်ထားဆဲ ဖြစ်တဲ့အပြင် ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကလည်း ရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေး ဆက်လက်တည်မြဲဖို့ ရည်ရွယ်တဲ့ “အလိမ်အညာ” တခုအဖြစ် တံဆိပ်ကပ်ထားတာဖြစ်ပါတယ်။

“လွှတ်တော်တခုစီအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပထမအဆင့်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် တနင်္ဂနွေနေ့မှာ စတင်မှာပါ” “နောက်ဆက်တွဲအဆင့်တွေအတွက် ရက်စွဲတွေကို နောက်ပိုင်း ကြေညာပါမယ်” လို့ စစ်အုပ်စုရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ပဋိပက္ခစောင့်ကြည့်လေ့လာသူတွေကတော့ ရွေးကောက်ပွဲအတွင်း အကြမ်းဖက်မှုနဲ့ မငြိမ်မသက်မှုတွေ မြင့်တက်လာမယ်လို့ ခန့်မှန်းကြပါတယ်။

ပြီးခဲ့လက စစ်ကောင်စီဟာ ရွေးကောက်ပွဲကို ဆန့်ကျင်၊ တိုက်ခိုက်၊ ပျက်စီးစေသူတွေကို အမြင့်ဆုံး သေဒဏ်အထိ ပေးနိုင်တဲ့ ဥပဒေတခု ထုတ်ပြန်ခဲ့ပါတယ်။

အကဲခတ်တွေကတော့ ရွေးကောက်ပွဲဟာ စစ်အုပ်စုဆန့်ကျင်သူတွေကို ရွေးကောက်ပွဲမှာ ပါဖို့ရှိမရှိအပေါ် မူတည်ပြီး အုပ်စုကွဲသွားစေလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ သန်းခေါင်စာရင်း ကောက်ယူရေးမှာလည်း နိုင်ငံလူဦးရေ ၅၁ သန်းအနက် ၁၉ သန်းရဲ့ အချက်အလက်တွေကို မကောက်နိုင်ခဲ့ဘူးလို့ ယာယီရလဒ်တွေက ဆိုပါတယ်။

ဒါဟာ ပြည်တွင်းစစ်အကြား ရွေးကောက်ပွဲရဲ့ လက်လှမ်းမီမှု ဘယ်လောက်အကန့်အသတ်ရှိသလဲဆိုတာကို ပြသနေတာဖြစ်ပြီး “အရေးကြီးတဲ့ လုံခြုံရေး ကန့်သတ်ချက်တွေ” ကို ဖော်ပြနေတာဖြစ်ပါတယ်။

မူရင်းသတင်း – Myanmar junta sets Dec 28 poll date despite raging civil war

0 Shares:
You May Also Like
Read More

မန္တလေးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှု ပြုလုပ်…

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ အသက်ဆုံးရှုံးနေတဲ့အပေါ် “ STOP THE JUNTAS WAR ON THE CHILDREN OF MYANMAR - ဒို့ကလေး တွေကို သတ်ဖြတ် နေတဲ့ ဖက်ဆစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ အမြန်ဆုံး ရပ်” ဆိုတဲ့ စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့်နယ်ရှိ မှော်စီစာလမ်းဆုံထောင့်မှာ အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများကို အမည်မသိအဖွဲ့တစ်ခု လာရောက်စွန့်ပစ်သွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ၊ မှော်စီစာလမ်းဆုံတောင့်မှာ အမျိုးသား ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို အမည်မသိအဖွဲ့တစ်ခုက လာရောက်စွန့်ပစ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်ကို ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆိတ်ညံရေတင်ရုံးရှိ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်တွင် အကြမ်းဖက်စစ်တပ် ပြန်ဝင်လာမည်ကို မလိုလားသည့် ပြည်သူများ သံပုံးတီး ဆန္ဒပြ

အကြမ်းဖက်စစ်တပ် ရောက်လာမှာကို မလိုလားကြတဲ့ မိုးကုတ်မြို့နေပြည်သူတွေက နိုဝင်ဘာလ ၆ ရက် မနေ့ညပိုင်းမှာ မြို့လုံးကျွတ် သံပုံးတီး ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။
Read More

အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်လို့ ပြည်သူတွေရဲ့ စားဝတ်နေရေးဖူလုံဖို့ ဆောင်ရွက်ပေးမယ်လို့ မင်းအောင်လှိုင် ဆိုပြန်

အုပ်ချုပ်သူအစိုးရ၊ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေရဲ့စားရေးမှာ ဖူလုံမှုရှိစေရေးကို ဖြေရှင်းဆောင်ရွက်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

စဥ့်ကူးမှာ လူစည်ကားရာ စျေးကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၆)ဦးအပါ ပြည်သူ (၂၇)ဦး သေဆုံး၊ အယောက် ၃၀ ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာက စျေးတန်းကို အကြမ်းဖက်စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၆) ယောက် အပါအဝင် ပြည်သူ (၂၇) ယောက် သေဆုံးခဲ့တယ်လို့ MDY-PDF က ဒီနေ့မှာ ထပ်မံ ထုတ်ပြန်ပါတယ်။