ကရင်နီပြည်နယ်၊ မော်ချီးဒေသက အရပ်သားပြည်သူတွေ နေထိုင်ရာနေရာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃၂ ယောက်အထိ ရှိလာနေပြီလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က သတင်းထုတ်ပြန်လာပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နေ့ တရက်တည်းမှာပဲ မော်ချီးဒေသကို စစ်သုံးလေယာဉ်တွေနဲ့ ၂ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပထမကြိမ်တိုက်ခိုက်မှုဟာ မနက် ၈ နာရီမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မော်ချီးဒေသအတွင်းက လိုခါးလို တိုက်နယ်ဆေးရုံကို ဗုံးထိမှန်ခဲ့ကာ အမျိုးသား လူငယ် ၂ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး တိုက်နယ်ဆေးရုံကတော့ ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒုတိယအကြိမ်အဖြစ် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ မော်ချီး ၁၆ ကုန်းလို့ခေါ်တဲ့ လူနေရပ်ကွက်တစ်ခုကို ပေါင် ၅၀၀ ဗုံးလို့ ယူဆရတဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ဒုတိယအကြိမ်မှာ လူ ၃၂ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ၃၀ ဦးကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပြီး ကျန် ၂ ဦးကတော့ ဆေးရုံ/ဆေးခန်းကိုအသွား လမ်းခုလတ်မှာ သေဆုံးသွားခဲ့ပါတယ်” လို့ IEC ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ ခူးပလူးရယ်က မောင်းကို ပြောပါတယ်။

သေဆုံးသူ ၃၂ ယောက်ထဲမှာမှ ၂၆ ယောက်ကို ကျား/မ၊ အမည်၊ နေရပ် စတာတွေကို ခွဲခြားသိရှိနိုင်ခဲ့ပေမယ့် ကျန်တဲ့ ၆ ယောက်ကတော့ ခန္ဓာကိုယ် အပိုင်းအစတွေ ဖြစ်ကုန်တာကြောင့် မည်သူမည်ဝါ ကျား/မ ခွဲခြားဖို့ အတော်ခက်ခဲသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သေဆုံးသွားတဲ့ သူတွေထဲမှာ အမျိုးသမီး ၈ ယောက်ပါဝင်ပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနိုင်တယ်လို့ သိရပါတယ်။

စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ မော်ချီးဒေသရဲ့ လူနေရပ်ကွက်/ကျေးရွာတွေဟာ ကျဉ်းမြောင်းတဲ့ တောင်ကုန်း တောင်စောင်းတွေမှာ တည်ရှိနေတာဖြစ်ပြီး တဝမ်းတခါးအတွက် အလုပ်လုပ်နေကြတဲ့ အရပ်သူ အရပ်သားတွေသာ နေထိုင်ကြတာ ဖြစ်ပါတယ်။

IEC ၏ ထုတ်ပြန်ချက်

ခူးပလူးရယ်က “ဘယ်တော်လှန်ရေးတပ်ဖွဲ့ကမှ အဲဒီလိုနေရာမျိုးမှာ စခန်းမချကြဘူး။

ပြည်သူတွေကတော့ ကြောက်ရွံ့ထိတ်လန့်ကုန်တာပေါ့ဗျ။ ဩဂုတ်လ ၁၇ ရက်က တနင်္ဂနွေနေ့လည်းဖြစ်တော့ ဘုရားကျောင်းတက်သူတွေ၊ အွန်လိုင်းသုံးသူတွေ၊ ဘော်လီဘော/ ခြင်းလုံးကစားနေသူတွေနဲ့ဆိုတော့ လူတွေက စုဝေးနေကြပြီး အနားယူနေကြတဲ့ အခြေအနေမျိုးမှာ မထင်မှတ်ဘဲ ဗုံးကြဲတိုက်ခိုက်ခံလိုက်ရတော့ အခုလို အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ကြရတာဖြစ်ပါတယ်”လို့ ဆက်ပြောပါတယ်။

အခုနှစ် ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်က မော်ချီးဒေသကို စစ်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ (၁၁) ကြိမ်ခန့် ရှိနေပြီ ဖြစ်ပါတယ်။

“ပထမဦးစွာ သေဆုံးသွားတဲ့ အပြစ်မဲ့ အရပ်သူအရပ်သားတွေအတွက်ရော ထိခိုက်ဒဏ်ရရသူတွေအတွက်ပါ အထူးဝမ်းနည်းရပါကြောင်း ပြောကြားလိုပါတယ်။ နောက်တစ်ခုက စစ်ကော်မရှင်ရဲ့ လူမဆန်တဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ပါ။ တိုက်ပွဲဖြစ်ပွားတဲ့ နေရာလည်းမဟုတ်၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းလည်းမဟုတ်၊ အရပ်သူအရပ်သား ပြည်သူတွေချည်း နေထိုင်တဲ့ လူနေရပ်ကွက်/ကျေးရွာမှာ အပြစ်မဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး အညှာအတာမရှိ ဗုံးကြဲတိုက်ခိုက်တာက အင်မတန်ကြီးလေးတဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်တာပါပဲ” လို့ ခူးပလူးရယ်က ဆိုပါတယ်။

အခုလို စစ်တပ်ရဲ့ ကျူးလွန်မှုကို နှုတ်အားဖြင့်ဖြစ်စေ၊ ငွေကြေးအားဖြင့်ဖြစ်စေ၊ နည်းပညာအားဖြင့်ဖြစ်စေ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်တဲ့နည်းနဲ့ အားပေးကူညီထောက်ခံနေတဲ့ ဘယ်လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့၊ နိုင်ငံအစိုးရဖြစ်စေ စစ်ရာဇဝတ်မှုကို ကျူးလွန်နေခြင်းပဲဖြစ်တယ်လို့လည်း သူက မှတ်ချက်ပေးခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ညောင်လေးပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်းဒေသခံတွေဆီက သိရပါတယ်။
Read More

မိုးဗြဲမြို့တိုက်ပွဲအတွင်း Loikaw Local PDF Alpha (2) တပ်ရင်း အမှတ်(၂) တပ်စုမှူး ကျဆုံး

ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်းတိုက်ပွဲအတွင်း လွိုင်ကော်မြို့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ်(၂) - Loikaw Local PDF Alpha (2) က တပ်စုမှူး ရဲဘော် ကျော်ထက်(ခ) ထက်ကြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ပဲခူးတိုင်းအရှေ့ပိုင်းမှ ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာ အကူအညီများ ထောက်ပံ့ပေးနေ

မြန်မာနိုင်ငံတစ်ဝှမ်း မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့်ခဲ့ရတဲ့ ပဲခူးတိုင်းအရှေ့ပိုင်းက ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ကာ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

အလုပ်သမားရှားပါးမှုပြဿနာ ရှိလာတာကြောင့် ဘ၀လုံခြုံမှုရှိသည့် ပြည်တွင်းမှာ အလုပ်လုပ်ကြရန် မင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံအတွင်း အလုပ်သမားရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် ပြည်သူတွေအနေနဲ့ ဘ၀လုံခြုံမှုရှိတဲ့ ပြည်တွင်းမှာ အလုပ်လုပ်ဖို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေလ ၁ ရက် ဒီနေ့ ထုတ်ပြန်တဲ့ အလုပ်သမားနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။
Read More

တော်လှန်ရေးရဲဘော်များကို စစ်သားထင်ပြီး ဧည့်ခံဖို့ပြင်နေရင်း ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းအုပ်စု၊ ရှမ်းကုန်းရွာက စစ်မှုထမ်းဟောင်းလည်းဖြစ်တဲ့ ရာအိမ်မှူး ဦးမြင့်အောင်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ Black Tiger ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တပခကို တိုက်ခိုက်အပြီး တစ်နေ့တည်းမှာပဲ ကေတုမတီလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံး ထပ်မံပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီရဲ့ အရေးပါတဲ့ လေတပ်စခန်းတွေထဲက တစ်ခုဖြစ်တဲ့ တောင်ငူလေတပ်စခန်း (ကေတုမတီ) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM အဖွဲ့ကနေ သတင်းထုတ်ပြန်ထားပါတယ်။