မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ခလရ ၅၀ တပ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်တွေဟာ ပျားကျေးရွာကို ဝင်ရောက်ရင်း ကျေးရွာပတ်ပတ်လည်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။

သြဂုတ်လ ၁၄ ရက် ဒီမနက်မှာ ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ကနေ ကားလေး ၁စီး၊ ကားကြီး ၃ စီးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ ပျားရွာအတွင်းက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေထဲ ဝင်ရောက်တပ်စွဲခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ပျားရွာ ပတ်ဝန်းကျင်နေရာတွေဆီ ဒရုန်းတွေနဲ့ ဗုံးသီးတွေ ဆက်တိုက်ကြဲချခဲ့ကြောင်း ကိုမင်းဒဿက ပြောပါတယ်။ ဒါ့အပြင် ခလရ ၅၀ တပ်ထဲကနေ မြစ်သာမြစ်အနောက်ခြမ်း နေရာတွေဆီ ဟောင်ဝစ်ဇာ လက်နက်ကြီး ၆ ချက် ပစ်ခတ်ခဲ့ပါသေးတယ်။

“ပျားရွာအနီးနား တောတွင်းနေရာတွေကို ဒရုန်းချတာပါ။ ထိခိုက်မှုတော့ မသိရသေးဘူး။ တော်လှန်ရေးတပ်တွေ ရှိမယ်အထင်နဲ့ ချတာပါ။ ၄လုံးထက်မနည်းဘူး။ ရွာခံအချို့ကတော့ ရှောင်နေကြရပါတယ်” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကိုပြောပါတယ်။

ပျားကျေးရွာဟာ ဂန့်ဂေါမြို့တောင်ဘက် တစ်မိုင်အကွာမှာ တည်ရှိပြီး စစ်အုပ်ချုပ်ရေးစိုးမိုးတာကြောင့် မကြာခဏ ဆိုသလို ဝင်ရောက်စီးနင်နေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အင်အား ၁၀၀ ပါ အထက်ပါစစ်ကြောင်းဟာ ပျားကျေးရွာအတွင်းမှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။

“စစ်ကြောင်းပြန်ထွက်တယ်တော့ မကြားသေးဘူး။ ပျားရွာမှာပဲ ရှိနေသေးတယ်။ သူတို့ရဲ့ ညကာကင်းစခန်းနဲ့ အောင်မြင်ရွာက မြစ်သာမြစ်ပဲခြားတာပါ”လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက ဆိုပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါမြို့နယ်ဟာ အကြမ်းဖက်စစ်ခေါင်းဆောင် အရေးပေါ် အခြေအနေ ထုတ်ပြန်ထားတဲ့ မြို့နယ်တွေထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

“ဂန့်ဂေါက စစ်အုပ်ချုပ်ရေးနယ်မြေထဲမှာမို့ စစ်ကြောင်းတွေထွက်ပါတယ်။ အခုရက်ပိုင်း ခပ်စိပ်စိပ် ထွက်နေပါတယ်။ ဘမောင်လို့ အများသိတဲ့ ခလရ ၅၀ ဗျူဟာမှူးဟာ မြို့ကို ကျနော်တို့ တိုက်မှာစိုးလို မြို့နယ် ၅ မိုင် ပတ်လည် စစ်ကြောင်းတွေထွက်နေတာပါ” လို့ ဂန့်ဂေါမြို့နယ် ပကဖတပ်ဖွဲ့ဝင် တစ်ယောက်ကလည်း မောင်းကိုပြောခဲ့ပါတယ်။

ဒါဟာ သြဂုတ်လ ၁၄ ရက် ဒီနေ့မနက်ပိုင်း ဂန့်ဂေါမြို့တောင်ဘက်၊ ရှောက်ပင်ရွာ ခေါ် အောင်မြင်ရွာအတွင်းက စစ်အုပ်စု စခန်းတွေဆီ တောင်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်အပြီး ထိခိုက်မှုရှိခဲ့တဲ့ စစ်အုပ်စုဘက်ကနေ တန်ပြန်လုပ်ဆောင်လာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ရှေ့တန်းမှ ပြန်လာသည့် 96 Soldiers – အညာ​တပ်ခွဲမှ ရဲဘော်များကို ပြည်သူတွေ ကြိုဆို… (ဓာတ်ပုံသတင်း)

ရှေ့တန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ 96 Soldiers - အညာ​တပ်ခွဲက ရဲဘော်တွေကို တပ်ဖွဲ့စိုးမိုးနယ်မြေအတွင်းရှိ ဒေသခံပြည်သူတွေ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုနှင့် စဉ့်ကူးကို ဆက်သွယ်ထားသည့် ရတနာသိင်္ခ ဧရာဝတီမြစ်ကူးတံတား ဖောက်ခွဲခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတား မိုင်းခွဲခံရမှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေထံက သိရပါတယ်။
Read More

မန္တလေးတိုင်းတွင် ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စု၏ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၆၅ ဦး သေဆုံးခဲ့

မန္တလေးတိုင်းအတွင်း ၂၀၂၅ ခုနှစ် ပထမ ၆ လတာခန့်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အရပ်သားပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၆၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမှာ စစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ရင်း အရပ်သား ၁၂၀ ကျော်ကို အကြောင်းမဲ့ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အရပ်သား ၁၂၂ယောက်ကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်ထားကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ရေး​အခြေအနေတင်းမာမှုတွေကြောင့် လမ်းပိုင်းများ အသုံးမပြုဖို့ ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်တွန်းအသိပေး…

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ရေးအခြေအနေတင်းမာမှုတွေ ရှိနေတဲ့ လမ်းပိုင်းတစ်ချို့ကို အရပ်သားပြည်သူတွေ အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်တွန်းပါတယ်။
Read More

အကြမ်းဖက် စစ်ခေါင်းဆောင် မန္တလေးမြို့ကို ရောက်နေချိန် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးမြို့ကို ရောက်ရှိနေချိန် တော်လှန်ပြည်သူတွေက အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။