စစ်မှုထမ်းဥပဒေပြဋ္ဌာန်း ပြီးချိန်က စလို့ ဒီကနေ့အထိ Burma Revolution Rangers တပ်ဖွဲ့ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ နီးပါး အလင်းဝင်ခိုလှုံထားကြောင်း တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုဒီမွန်က မောင်းကို ပြောပါတယ်။

အလင်းဝင်ရောက်လာသူတွေထဲ အကုန်လုံးနီးပါးဟာ စစ်ကော်မရှင်ရဲ့ အတင်းအကျပ် စစ်မှုထမ်း စုဆောင်းခံထားရသူတွေဖြစ်ပြီး မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် တပ်မ (၁၀၁) အပါအဝင် လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခလရ (၂၅၁) နဲ့ (၂၅၂) တပ်တွေဆီကနေ ထွက်ပြေးလာသူတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့  ဇူလိုင်လ ၁၂ ရက်နေ့က စလို့ အခုလ (သြဂုတ်) ၅ရက်နေ့အထိ တစ်လမပြည့်ခင် အချိန်အတွင်းမှာပဲ Burma Revolution Rangers တပ်ဖွဲ့ထံ စစ်မှုထမ်းတပ်သားအယောက် ၂၀ အထိ အလင်းဝင်ရောက်ခဲ့တယ်လို့လည်း တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုဒီမွန်က ပြောပါတယ်။

အလင်းဝင်ရောက်လာသူတွေဟာ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကန့်ဘလူ၊ ရေစကြိုနဲ့ မြိုင်တို့က စစ်မှုထမ်းစုဆောင်းခံခဲ့ရသူတွေဖြစ်ကြပြီး အွန်လိုင်းပေါ်ကတဆင့် အဆင့်ဆင့်ချိတ်ဆက်ပြီး အလင်းဝင်ရောက်ဖို့ ကြိုးစားရာမှာ တပ်ဖွဲ့ဝင်တွေက သွားရောက်ခေါ်ထုတ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

Burma Revolution Rangers ထံ အလင်းဝင်ရောက်လာသူများ

“အခု တစ်လမပြည့်သေးခင်မှာတင် ဝင်လာတာ အယောက် ၂၀ ရှိပါပြီ။ ဒါတွေက စစ်မှုထမ်းတွေပါ။ လက်နက်ပါတဲ့ ကလေးဘက်က ၁ ယောက်နဲ့ဆို ၂၁ ယောက်ပေါ့။ ဒီနှစ်ပိုင်းအတွင်းဆို ၂၇ ယောက် ကျော်ပါပြီ။ ပြီးခဲ့တဲ့နှစ်ကအပါနဲ့ဆို အယောက် ၃၀ လောက် ရှိပါတယ်။ အများဆုံးကတော့ စစ်မှုထမ်းတွေပါပဲ” လို့ Burma Revolution Rangers  တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုဒီမွန်က မောင်းကိုပြောပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးအလင်းဝင်ရောက်လာသူတွေကို တပ်ဖွဲ့က ကောင်းကောင်းမွန်မွန် ထိန်းသိမ်းစောင့်ရှောက်ထားသလို ကာယကံရှင်တွေရဲ့ ဆန္ဒအတိုင်း မိသားစုဝင်တွေနဲ့ တွေ့ဆုံနိုင်အောင် စီစဥ်ပေးတာ၊ သွားလိုတဲ့နေရာအထိ လိုက်ပါပို့ဆောင်ပေးတာတွေ လုပ်ပေးခဲ့တယ်လို့လည်း ကိုဒီမွန်က ပြောပါတယ်။

ဒါ့အပြင် လက်နက်နဲ့ ကျည်ဆံခဲယမ်းတွေ ယူဆောင်လာမယ်ဆိုရင် ဆုကြေးငွေ ချီးမြှင့်တာတွေရှိသလို စစ်ကောင်စီကို ပြန်တိုက်လိုစိတ်ရှိသူတွေကိုလည်း တပ်ဖွဲ့အတွင်း လက်ခံပေးထားတယ်လို့ သိရပါတယ်။

“ကျနော်တို့ကို ချိတ်ဆက်လာတဲ့အခါမှာ လိုအပ်တာတွေစစ်ဆေးပြီး သူတို့ကို လာနိုင်တဲ့အထိ ခေါ်ထုတ်တယ်။ ပြီးမှ သွားခေါ်ထုတ်ရတာပေါ့။ စကစနယ်မြေထဲအထိ ခက်ခက်ခဲခဲ အန္တရာယ်တွေကြားထဲ သွားခေါ်ရတာမျိုးတွေလည်း ရှိပါတယ်။ ဒီဘက်ကိုရောက်ပြီဆိုတာနဲ့ နေရေး၊ ထိုင်ရေး၊ စားရေးသောက်ရေး စီစဥ်ပေးပြီး မိသားစုနဲ့ဆက်သွယ်ပေးတယ်။ ပြန်ချင်တယ်ဆို လမ်းကြောင်းချိတ်ဆက်ပေးတာမျိုး၊ ပြန်ပို့ပေးတာမျိုးတွေရှိပါတယ်။ အကုန်လုံးမိသားစုတွေဆီ ပြန်ရောက်နေပြီဆိုပေမယ့် ပြီးခဲ့တဲ့လက ဝင်လာတဲ့ ၂ ယောက်ကတော့ ကျနော်တို့နဲ့အတူ စစ်တပ်ကို ပြန်တိုက်ဖို့ရှိပါတယ်” လို့ Burma Revolution Rangers  တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုဒီမွန်က ပြောပါတယ်။

Burma Revolution Rangers ထံ အလင်းဝင်ရောက်လာသူများ

စစ်အုပ်စုအနေနဲ့  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ကစလို့ မတရားစစ်မှုထမ်းဥပဒေကို အတင်းအကျပ် ပြဋ္ဌာန်းရင်း စစ်မှုထမ်းတပ်သားသစ်စုဆောင်းမှုတွေကို နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ဆောင်ခဲ့ရာ လက်ရှိမှာ အပတ်စဥ် ၁၆ အထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် တစ်ဖက်မှာလည်း တပ်ထဲကနေ လက်နက်ယူ ထွက်ပြေးမှုတွေ တိုးလာနေတာကြောင့် စစ်မှုထမ်းတပ်သားတွေကို လက်နက် တော်ရုံ ပေးမကိုင်တော့ဘူးလို့လည်းသိရပါတယ်။

“ကျနော်တို့ဆီ ဝင်လာတဲ့ အရင်လူတွေထဲ ၁ယောက်လောက်ပဲ လက်နက်ယူလာတာရှိပါတယ်။ အခုနောက်ပိုင်းတော့ စစ်မှုထမ်းဆိုတာနဲ့ သေနတ်ပေးမကိုင်တော့ မပါလာကြပါဘူး။ သူတို့ပြောပြချက်အရဆို တပ်ထဲမှာ စစ်မှုထမ်းတပ်သားရယ်၊ သက်ကြီးရွယ်အိုတွေရယ်၊ ဒဏ်ရာရတဲ့သူတွေရယ်ပဲ များနေတယ်ပေါ့။ အများစုက ရှေ့တန်းထွက်နေကြရတယ်ပြောတယ်။ အခုဆို အလင်းဝင်ချင်တဲ့သူတွေက အများကြီးရှိတယ်။ ဒါပေမယ့် မရဲတာရယ်၊ ထွက်မရတာရယ်ပေါ့။ နောက်ပြီး သင်တန်းကျောင်းမှာရော တပ်ထဲမှာရောက ကျနော်တို့ဆီလာမယ်ဆို အသတ်ခံရမယ်ဆိုပြီး ခြိမ်းခြောက်ခံထားရတယ်။ PDF တွေနဲ့ ဘယ်တိုက်ပွဲတွေမှာ သူတို့တွေဘယ်လိုနိုင်ပြီဆိုပြီး ဝါဒဖြန့်ထားတယ်။ ဒါပေမယ့်လည်း ဦးနှောက်ပါတဲ့သူတွေကတော့ မယုံပါဘူး။ ကျနော်တို့ကတော့ အလင်းဝင်ချင်တယ်ဆို လက်နက်ပါမှ မဟုတ်ဘူး။ အကောင်းဆုံးဆောင်ရွက်ပေးပါတယ်” လို့ Burma Revolution Rangers  တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုဒီမွန်က မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်သား ၈ ဦး သေသည့် စစ်ကွင်းတာဆုံဂိတ် စီးနင်းတိုက်ခိုက်မှု၊ “ဒဏ်ရာရတဲ့ ၄ကောင် မှာလည်း ၃ကောင်က အခြေအနေ မကောင်းဘူး။ ဗိုက်ပွင့်တဲ့သူကပွင့် ခြေပြတ်တဲ့သူက ပြတ်နဲ့ပါ”

ရန်ကုန်-ပြည် လမ်းပိုင်းပေါ်က အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကွင်းတာဆုံဂိတ်ကို ၂ရက်ဆက် တိုက်ခိုက်မှုမှာ စစ်အုပ်စု ၈ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားနဲ့ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက  ​မောင်းကို ပြောပါတယ်။
Read More

လူထုကြား ပျောက်နေသည့် ဗိုလ်ချုပ်တာဘုန်းကျော် တအာင်းပညာရေးအကယ်ဒမီ ကျောင်းဆင်းပွဲတွင် ပြန်ထွက်ပေါ်လာ

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် TNLA က မိုးကုတ်မြို့ကို အကြမ်းဖက်ကော်မရှင်ထံ ပြန်ပေးလိုက်ပြီးနောက် မြို့ထဲကို စစ်တပ် ဘယ်လိုပြန်ဝင်လာမလဲဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားနေချိန် လူထုရှေ့ ထွက်မလာတာကြာပြီဖြစ်တဲ့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်ဟာ တအာင်းပညာရေးအကယ်ဒမီ ကျောင်းဆင်းပွဲနဲ့အတူ လူထုရှေ့ ပြန်ထွက်ပေါ်လာခဲ့ပါတယ်။
Read More

ကန့်ဘလူတွင် မြို့ပေါ်ရော ကျေးရွာများပါမကျန် စစ်အုပ်စု ပေါ်တာဆွဲမှုများ ဆိုးဆိုးရွားရွားလုပ်ဆောင်နေ၊ စစ်မှုထမ်း အစားထိုးကြေး သိန်း ၈၀ အထိ စျေးပေါက်နေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အရက်ဆိုင်ထိုင်သူတွေအပါအဝင် မြို့ပေါ်နဲ့ ကျေးရွာတွေက အရပ်သား ၁၀၀နီးပါးကို စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တော်လှန်ရေးတပ်များ စီးနင်းသိမ်းပိုက်ခဲ့သည့် မုံရွာ တာဝါတိုင်စခန်းကုန်းကို စစ်ကောင်စီ လေကြောင်း၊ မြေပြင်စစ်ကူထိုးပြီး ပြန်လည်သိမ်းယူ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဗောဓိတစ်ထောင် ဘုရားတောင်ပေါ်က တော်လှန်ရေးတပ်များ သိမ်းပိုက်ခဲ့တဲ့  MRTV တာဝါတိုင်စခန်းကုန်းကို လေကြောင်းပစ်ကူများသုံးပြီး စစ်ကောင်စီက ပြန်လည်တပ်စွဲထားကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

ကရင်နီက ရေဘေးသင့်ပြည်သူတွေအတွက် အမှတ် ၁၀၀၅ တပ်ရင်း (ရှမ်းတောင် PDF) ထောက်ပို့ပံ့ပိုးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၅) တပ်ရင်း၊ ရှမ်းတောင် (SSPDF)က ရေဘေးသင့် ပြည်သူများလိုအပ်နေတဲ့ ပြည်တွင်းပြည်ပ အလှူရှင်တွေက ပေးပို့လာတဲ့ ဆန်၊ဆီ နဲ့ခေါက်ဆွဲခြောက် (စားနပ်ရိက္ခာတချို့)ကို ‌ကရင်နီဒေသအတွင်းမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေဆီ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ပိုမိုအားကောင်းသည့် တော်လှန်ရေးဦးဆောင်မှုတစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်းနေပြီး ဖက်ဒရယ်ယူနစ်များ အားကောင်းခိုင်မာအောင် ညှိနှိုင်းဆောင်ရွက်နေကြောင်း NUG ပြော

ပြီးခဲ့တဲ့ရက်ပိုင်းက အစိုးရအဖွဲ့ အပြောင်းအလဲတချို့ လုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို လုပ်ငန်းစဥ်တစ်ခုအနေနဲ့ လုပ်ဆောင်ကာ မိုမိုအားကောင်းတဲ့ တော်လှန်ရေးဦးဆောင်မှုတစ်ရပ် ပေါ်ပေါက်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောခဲ့ပါတယ်။