မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ခလရ ၅၀တပ်က ကျေးရွာတွေထဲ စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားတွေကို အကြောင်းမဲ့ ဖမ်းဆီးနေသလို စားနပ်ရိက္ခာတွေကိုလည်း ကားတွေနဲ့ ခိုးယူသယ်ဆောင်နေကြောင်း ယောအလင်းတန်းအဖွဲ့တာဝန်ရှိသူတွေက မောင်းကို ပြောပါတယ်။

ဂန့်​ဂေါမြို့နယ်အခြေစိုက် အမှတ်(၅၀) ခြေလျင်တပ်ရင်းက ဗျူဟာမှူးလှမျိုးထွဋ်ဆိုသူ ဦးဆောင်တဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ဂန့်ဂေါမြို့နယ်အတွင်း စစ်တပ်စိုးမိုးရာ ကျေးရွာတွေမှာ ရိက္ခာတွေ စိတ်ကြိုက်ခိုးယူနေသလို သူတို့လက်လှမ်းမမှီနိုင်တဲ့ ကျေးရွာတွေဆီ မကြာခဏဆိုသလို စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားတွေကို တော်လှန်ရေးတပ်တွေနဲ့ အကြောင်းပြကာ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၄ရက်၊ မနေ့က မနက်အစောပိုင်းမှာ ရှောက်ပင် (ခေါ်) အောင်မြင်ရွာအတွင်း အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ ခလရ ၅၀က ထွက်လာတဲ့ စစ်ကြောင်းတို့ဟာ အနောက်ဂန့်ဂေါကျေးရွာနဲ့ ရှုံးရှီကျေးရွာတွေထဲ ပူးပေါင်းဝင်ရောက်ရင်း အရပ်သား၁၂ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက ပြောပါတယ်။

အရပ်သားတွေကို ဖမ်းဆီးပြီးနောက်မှာတော့ ရှောက်ပင်ရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေဟာ ရွာအတွင်း ပြန်လည်ဆုတ်ခွာသွားသလို ခလရ ၅၀တပ်က စစ်ကြောင်းဟာလည်း We Love GanGaw တံတားထိပ်မှာ အမျိုးသမီး၂ယောက်ကိုပြန်လွှတ်ပေးရင်း ကျန်သူတွေကို ကား၃စီးနဲ့တင်ဆောင်ကာ ဂန့်ဂေါမြို့ပေါ် ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ် နည်းဗျူဟာမှူးဖလား ဘောလုံးပြိုင်ပွဲတွင် တွေ့ရသည့် ဗျူဟာမှူး လှမျိုးထွဋ် (စစ်ဝတ်စုံဝတ်ထားသူ)

“ဖမ်းသွားတာ ရှုံးရှီ ၅ယောက်၊ အနောက်ဂန့်ဂေါ ၅ယောက်၊ စုစုပေါင်း၁၀ယောက်မှာ အခုသိရသလောက် ၆ယောက် ပြန်လွတ်လာပြီ။ ရှုံးရှီရွာက အမျိုးသား၂ယောက်၊ အမျိုးသမီး၁ယောက်နဲ့ အနောက်ဂန့်ဂေါက အမျိုးသား၁ယောက် စုစုပေါင်း ၄ယောက်ကျန်နေပါသေးတယ်။ အဓိကအကြောင်းပြချက်ကတော့ ရွာမှာတော်လှန်ရေးနဲ့ပတ်သက်တဲ့သူတွေ မနေရအောင်လုပ်တဲ့ သဘောပါ။ မြို့ပတ်ချာလည်ကို တော်လှန်ရေးရဲဘော်တွေ မနေရဲအောင်၊ တော်လှန်ရေးရဲဘော်တွေရှိရင် မလုံခြုံဘူးဆိုတာမျိုး ပြည်သူတွေခံစားရအောင် ဖမ်းတဲ့သဘောပါ။” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကို​ ပြောပါတယ်။

ဒါ့အပြင် ဒီနေ့မနက်အစောပိုင်းမှာလည်း ခလရ ၅၀ တပ်က စစ်ကော်မရှင်တပ်သားတွေဟာ သူတို့အခြေချထားတဲ့ အောင်မြင် (ခေါ်) ရှောက်ပင်ရွာကို ကားကြီး ၂စီးနဲ့ဝင်ရောက်ရင်း အရပ်သားစားနပ်ရိက္ခာတွေနဲ့ အခြားပစ္စည်းတွေကို ခိုးယူသယ်ဆောင်သွားတယ်လို့ သိရပါတယ်။

အောင်မြင်(ခေါ်) ရှောက်ပင်ရွာမှာ ပြီးခဲ့တဲ့ မတ်လ ၁၈ရက်​နေ့ကစလို့ အကြမ်းဖက်စစ်ကော်မရှင်တပ်တွေ ပြန်လည်တပ်စွဲနေတာဖြစ်ပြီး ကာကင်းစခန်းအထိုင်ချကာ အနီးအနားကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်နေတာ ဖြစ်ပါတယ်။

အခုလိုမျိုး ဂန့်ဂေါမြို့နယ်အတွင်း စစ်ကြောင်းထိုး လူဖမ်းတာတွေနဲ့ စိတ်တိုင်းကျ မွှေနှောက်မှုတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ရက်နေ့က စစ်ကော်မရှင်အဖွဲ့နဲ့ ပူးပေါင်းသွားတဲ့ ဂန့်ဂေါမြို့နယ်၊ ရွာစည်ကျေးရွာ ပအဖအဖွဲ့ဝင် အောင်မျိုးဝင်းအပါအဝင် ရွာခံ သတင်းပေးဒလန်တွေရဲ့ လက်ထောက်ချပေးနေမှုတွေကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီလို ဖမ်းဆီးမှုတွေကို ခလရ ၅၀ ဗျူဟာမှူး လှမျိုးထွဋ်က အဓိက ဦးဆောင်လုပ်​ကိုင်နေတာဖြစ်တယ်လို့လည်း ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက ပြောပါတယ်။

“လူတွေဖမ်းတာကလည်း တလရနဲ့ သက်ဆိုင်နိုင်တယ်ဆိုတဲ့သူတွေကို အဓိကဖမ်းတာပါ။ ဒလန်ရဲ့သတင်းနဲ့ပေါ့လေ။ အခုက မြို့ကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးကြဲမှာကြောက်လို့ ဂျမ်မာတွေတပ်ထားတော့ ဆက်သွယ်ရေး ခက်ခဲနေတာပေါ့။ နောက်ပြီး အောင်မြင်ရွာက သူတို့တပ်စွဲထားတော့ စိတ်ကြိုက်ခိုးယူနေတာပါ။ ဒါတွေကို ရခိုင် နခခ ၅ ကနေ မကွေး၊ မကွေးကနေ ဂန့်ဂေါကိုပြောင်းလာတဲ့ ဗျူဟာမှူး လှမျိုးထွဋ်ဆိုတဲ့ သူက ဦးဆောင်လုပ်နေတာပါ။” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကိုပြောခဲ့ပါတယ်။

 

0 Shares:
You May Also Like
Read More

မန္တလေးအိုးဘိုအကျဉ်းထောင်တွင်း အကျဉ်းချခံနေရသည့် NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသား ဦးမြင့်ဝေ အူအတက်ပေါက် ဝေဒနာနှင့် ကျဆုံးခဲ့

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ အကျဥ်းချခံနေရတဲ့ NLD ပါတီဝင် နိုင်ငံရေးအကျဥ်းသား ဦးမြင့်ဝေဟာ အလွယ်တကူ ခွဲစိတ်တဲ့ကုသနိုင်တဲ့ အူအတက်ပေါက်တဲ့ ရောဂါဝေဒနာနဲ့ ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထပ်မကျူးလွန်ရန် သတိပေးထားသည့် မူးယစ်ဆေးရောင်းဝယ်သူ စစ်တပ်သတင်းပေးသူလျှိုကို ကော့သောင်း ပကဖ ရှင်းလင်းခဲ့

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ ပြစ်မှုတွေ ထပ်မကျူးလွန်ဖို့ သတိပေးထားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူ၊ အကြမ်းဖက်စစ်တပ်ရဲ့ သတင်းပေးသူလျှိုကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ အညာဒေသက PDF ရဲဘော်တွေကို ပြည်သူတွေ သောင်းသောင်းဖြဖြ ကြိုဆို (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၆ ၊ ၇ ၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၂ ၊ ၁၆ နဲ့ ဗျူဟာ ၅၂ ၊ ၅၃ က တော်လှန်ရေးရဲဘော်တွေကို ဒေသခံ ပြည်သူတွေ သောင်းသောင်း ကြိုဆိုနေတဲ့ ပုံရိပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဝမ်းတွင်းတွင် စစ်ကောင်စီက နေအိမ်ပေါ်အထိတက်ပြီး ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေ

"အခုလိုတွေဖြစ်လာမှာမလို့ ငုံမခံဘဲ တုန့်ပြန်ကြဖို့နဲ့ အချိန်မှီ တလရ အဖွဲ့တွေဆီ ပူးပေါင်းကြဖို့ အကြိမ်ကြိမ် အသိပေးခဲ့ပေမယ့်လည်း ရေပေါ်ဆီဘဝနဲ့ နေသာသလိုနေခဲ့ကြတဲ့ အကျိုးဆက်တွေသာ ဖြစ်ပါလိမ့်မယ်။ အခုဆို မတရားမှုဟာ တံခါးလာခေါက်တာတင် မဟုတ်တော့ပါဘူး အိမ်ပေါ်ကဆွဲချတဲ့အထိဖြစ်နေပြီ။ ရေပေါ်ဆီလူငယ်တွေအတွက် အာဏားရူး မင်းအောင်လှိုင် ပို့ပေးတဲ့ ရှေ့တန်းသေလမ်းမှတပါး ရွေးစရာမရှိတော့ဘူး။" လို့ Voice Of Wundwin အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အခြေခံစစ်သင်တန်းတက်ရင်း အမျိုးသမီး ၁ ဦး နှလုံးဖောက် သေဆုံး

မွန်ပြည်သစ်ပါတီကနေ သင်ကြားပို့ချပေးနေတဲ့ အခြေခံစစ်သင်တန်းမှာ တက်ရောက်နေတဲ့ မွန်အမျိုးသားကောလိပ် ကျောင်းသူ ၁ယောက်ဟာ သင်တန်းတက်ရောက်နေချိန် ကာလအတွင်းမှာပဲ နှလုံးဖောက် သေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

သံဖြူဇရပ်မှာ စစ်ကောင်စီစစ်ကြောင်းကို ပြောက်ကျားပစ်ခတ်ရာ ၂ ယောက် သေပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရ…

သံဖြူဇရပ်မြို့နယ် ရှိ ကလိန်ပဒေါ ရွာ အနောက်ဖက်မှာ အင်အား (၁၇၀) ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို တောင်ညိုစစ်ကြောင်းနဲ့ KNLA (Karen National Liberation Army) တပ်ရင်း (၂၇) တို့ ပူးပေါင်းပြီး ပြောက်ကျား ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။