အခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီက PDF နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဝင်တွေ နိုင်ငံ့အကျိုးလက်တွဲဖော်ဆောင်ဖို့ဆိုတဲ့ အလိုအလျောက် မက်ဆေ့စာတိုတွေကို ဖုန်းအော်ပရေတာတွေကတဆင့် ပေးပို့နေတာ တွေ့ရပါတယ်။

ဒီလိုမျိုး ဖုန်းအော်ပရေတာတွေကတဆင့် ဝါဒဖြန့်မက်ဆေ့တွေ ပေးပို့မှုကို စစ်ကောင်စီက အရင်ကလည်းလုပ်ခဲ့ဖူးပြီး လက်ရှိမှာတော့ အော်ရီဒူးနဲ့ အက်တမ်ဆင်းကဒ် အသုံးပြုတွေဆီ ပို့ဆောင်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် တိုင်းနဲ့ပြည်နယ် အသီးသီးမှာ NUG လက်အောက်ခံ PDF တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက စစ်ကောင်စီထံ ဆက်တိုက်ဆိုသလို ဆက်သွယ်အလင်းဝင်ရောက်နေတယ်ဆိုပြီး သူတို့ထိန်းချုပ်ထားရာ သတင်းချန်နယ်တွေ၊ သတင်းစာတွေကတဆင့် ဝေဝေဆာဆာ လိမ်ညာဖော်ပြလာနေပါတယ်။
စစ်ကောင်စီက အခုလ(ဇူလိုင်) အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ၊ ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLA)နဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDY- PDF) စတဲ့ တော်လှန်ရေးတပ်တွေက တပ်ဖွဲ့ဝင် ၁၀၀ ကျော် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာကြောင်း သတင်းတွေ ထုတ်ပြန်ထားပါတယ်။

“သူတို့ ထိန်းချုပ်တဲ့ တယ်လီကွန်တွေကနေတဆင့် အခုလိုတွေ smsပို့တာကို စိတ်အနှောင့်အယှက်ဖြစ်တာကလွဲရင် ကျနော်တို့အတွက် တခြား ဘာမှမခံစားရပါဘူး။ သူတို့ကတော့ သိပ်ပြီး မသိတဲ့သူတွေကို ပစ်မှတ်ထားပြီး ကြောက်အောင်လုပ်တယ်လို့ပဲ မြင်ပါတယ်။ ကျနော်တို့အဖို့တော့ သူတို့ကို ပိုတိုးပြီး တော်လှန်ရမယ်ဆိုတဲ့ ပိုင်းဖြတ်မှုကလွဲရင် ဘာမှကို မခံစားရတာပါ” လို့ မြိုင်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။

လက်ရှိအခြေအနေအရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) MOD လက်အောက်ခံ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ ပသုံးလုံးယန္တရားတွေရဲ့ အချင်းချင်း ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုကြား အထက်အောက် အပြန်အလှန် အငြင်းပွားမှုတွေ၊ ပွတ်တိုက်မှုပြသာနာတွေရှိလာတဲ့အပေါ် စစ်ကောင်စီက အချိန်ကိုက်သွေးခွဲလာတာလို့လည်း နေပြည်တော်အခြေစိုက် PDF တပ်ဖွဲ့ဝင် ၁ ယောက်က သုံးသပ်ပါတယ်။

“အခု လက်ရှိ NUG ၊ MOD လက်အောက်ခံ PDF တွေနဲ့ ပကဖ တွေရဲ့ ပွတ်တိုက်မှုဖြစ်တာတွေ အပျက်သဘောဆောင်တဲ့ တချို့သောသတင်းတွေက စကစ အတွက် အားရစရာတွေ ဖြစ်လာတယ်။ ဒါကို စကစ ဘက်က တော်လှန်ရေးအဟုန်ကို ရပ်တန့်ဖို့အတွက် နည်းမျိုးစုံ သုံးလာတဲ့သဘောပါပဲ။ ပြည်သူမပါတဲ့ တော်လှန်ရေးဟာ မအောင်မြင်ဘူးဆိုတာ သူတို့ ပိုနားလည်လာတယ်။ နောက်ပြီး ကျနော်တို့ တော်လှန်ရေး သမားတချို့ အသိခေါက်ခက် အဝင်နက်ပြီး အတ္တတွေ မာနတွေ မနာလိုမှုတွေဖြစ်နေတာက တော်လှန်ရေးအတွက် ဝမ်းနည်းစရာပါ။ အခုလင်းဝင်ဖို့ဆိုပြီး SMS တွေ ပို့တယ်ဆိုတာလည်း စကစရဲ့ တော်လှန်ရေးကို စနစ်တကျ ဖြိုခွဲနေတဲ့ ဗျူဟာတစ်ခုလို့ပဲ မြင်ပါတယ်။ စကစက သူ့ဘက်က သုံးနိုင်စွမ်းရှိသလောက် တော်လှန်ရေးကို ဖြိုခွဲဖို့ ကြိုးစားနေမှာပါပဲ။ နောက်ပြီး အခုဆို သူတို့ပြန်သိမ်းထားတဲ့နယ်မြေတွေမှာ လူထုစည်းရုံးရေးတွေ ပြန်လုပ်နေတာကိုလည်း သတင်းတွေမှာ ခပ်စိပ်စိပ် တွေ့နေရတယ်။ ဒီအချိန်မှာ ကျနော်တို့တော်လှန်ရေးထဲက လူတွေက ညီညွတ်ဖို့တောင် ကြိုးစားနေရတုန်းဆိုတော့ လားရာ မကောင်းဘူးလို့ မြင်ပါတယ်။” လို့ နေပြည်တော်အခြေစိုက် PDF တပ်ဖွဲ့ဝင် ၁ယောက်က မောင်းကို ပြောပါတယ်။

စကစ၏ ပြန်ကြားရေးဝန်ကြီးဌာန Website တွင် ဖော်ပြထားသည့် သတင်းတခု

လက်ရှိမှာ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ခေါင်းဆောင်အဖြစ်ကနေ ယာယီသမ္မတရာထူးကို ရယူကြောင်းကြေညာထားပြီး ပြည်ထောင်စုအစိုးရအဖွဲ့သစ်ကို စိတ်ကြိုက်ဖွဲ့စည်းကာ ဒီလ (သြဂုတ်) ၁ရက်နေ့ကစလို့ ၆လအတွင်း သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲလုပ်ဆောင်သွားမယ်လို့လည်း ကြွေးကြော်ထားပါတယ်။

ဒါ့အပြင် တိုင်းနဲ့ပြည်နယ် ၉ ခုက တော်လှန်ရေးအားကောင်းရာ မြို့နယ် ၆၃ မြို့နယ်ကိုလည်း စစ်အုပ်ချုပ်ရေးဒေသအဖြစ် ဇူလိုင်လ ၃၁ ရက် မနေ့ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဒီလိုမျိုး အရေးပေါ်နေရာတွေထုတ်ပြန်တာဟာ စစ်ရေးမငြိမ်သက်မှုကို အခွင့်ကောင်းယူပြီး အတုအယောင်ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ် သတ်မှတ်စရာမလိုတာမျိုးကို ရည်ရွယ်တာလို့လည်း နေပြည်တော်စစ်တိုင်း စစ်ဦးစီးအဖွဲ့ဝင် ၁ ယောက်က သုံးသပ်ပါတယ်။

“အရေးပေါ်နေရာတွေ သတ်မှတ်တာက ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ သဘောလို့ ထင်တယ်။ ဒါမှ အဲ့နေရာတွေဟာ ရွေးကောက်ပွဲ လုပ်စရာမလိုဘူးလို့ တရားဝင်ချပြလို့ ရမယ်လို့ မြင်တယ်။ ရွေးကောက်ပွဲ ဥပဒေကို ကျနော် အတိအကျမသိပေမယ့် စစ်ဖြစ်နေတဲ့နေရာတွေမှာ မဲဆန္ဒနယ် သတ်မှတ်ပေးစရာ မလိုဘူးလို့ ဥပဒေရှိမယ်။ ပြီးခဲ့ရွေးကောက်ပွဲတွေမှာလည်း ဒီလိုရှိခဲ့ဖူးတယ်လို့ သိထားတယ်။ စကစဘက်က ရွေးကောက်ပွဲအတွက် သေချာပြင်ဆင်နေတဲ့ သဘောလို့ ယူဆပါတယ်” လို့ နေပြည်တော်စစ်တိုင်း စစ်ဦးစီးအဖွဲ့ဝင် ၁ ယောက်က မောင်းကိုပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတဲ့မြို့တွေမှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ သူ့လက်အောက် သက်ဆိုင်ရာ စစ်တိုင်းမှူးတွေက အုပ်ချုပ်ရေး၊ လုံခြုံရေးနဲ့ စစ်ဘက်ဆိုင်ရာကိစ္စရပ်တွေကို စီရင်ပိုင်ခွင့်ရှိပြီး အရေးပေါ်အခြေအနေထုတ်ပြန်မှုဟာ ရက်ပေါင်း ၉၀ အထိ အသက်ဝင်တယ်လို့ ပြောထားပါတယ်။

စကစ၏ သတင်းမှ သတင်းဓာတ်ပုံ
0 Shares:
You May Also Like
Read More

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လာမယ့်လမှာ CI စင်တာ ဖွင့်လှစ်မယ်

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေကို သက်သေခံအချက်အလက်တွေ ထုတ်ပေးဖို့နဲ့ စီးပွားရေးတည်ငြိမ်မှုအတွက် ရည်ရွယ်ပြီး အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ထိုင်းနိုင်ငံ စမွတ်စခွန်မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စင်တာအသစ်တစ်ခုကို နိုဝင်ဘာလမှာ ဖွင့်လှစ်သွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီ အရှိုက်ထိုးခံနေရတဲ့ ချင်းပြည်နယ် မြို့သိမ်းတိုက်ပွဲများ

ချင်းပြည်နယ်ရဲ့ အရေးပါတဲ့ အဓိကမြို့ကြီးတွေဖြစ်တဲ့ ထန်တလန်၊ ဖလမ်း၊ မင်းတပ် မြို့သိမ်းတိုက်ပွဲ ၃ခုကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်တည်း ဆင်နွှဲနေပြီး တိုက်ပွဲတွေပြင်းထန်နေတာ လနဲ့ချီကြာမြင့်လာပြီ ဖြစ်ပါတယ်။
Read More

မြန်မာ့တော်လှန်‌ရေး ရှေ့ဆက်ဘယ်လောက်သွားနိုင်မလဲ ဆိုတာ တရုတ်ဆုံးဖြတ်နေတယ်

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ မြေပြင်အခြေအနေတွေကို ပိုမိုထိန်းချုပ်လာနိုင်တာကြောင့်၊ တော်လှန်ရေးအင်အားစုများအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ရှိလာ‌နေပြီဖြစ်တယ်
Read More

စစ်တပ်အင်အား ယုတ်လျော့လာမှုနဲ့အတူ စစ်မှုထမ်း အပတ်စဉ် (၈) မှာ လူသစ်စုဆောင်း ဖမ်းဆီးမှုတွေ ပိုမိုဆိုးဝါးလာနေ

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး တိုက်တိုင်းရှုံးနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ပရုတ်လုံးလိုပဲ လုံးပါးပါးကာ အင်အားပိုမိုချိနဲ့လာနေပါတယ်။ ဒါကြောင့် အာဏာသိမ်းစစ်တပ် အင်အားဖြည့်တင်းရေး လုပ်ငန်းစဉ်ဖြစ်တဲ့ စစ်မှုထမ်းဆင့်ခေါ်မှုရဲ့ လက်ရှိ အပတ်စဉ် (၈) လူသစ်စုဆောင်းမှုဟာ အရင်အခေါက်တွေထက် ပိုမိုဆိုးဝါးလာပါတယ်။
Read More

ချင်းပြည်နယ်အတွင်း မြို့ပေါင်း ၁၅ မြို့ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထား၊ အာဏာသိမ်း ၄ နှစ်အတွင်း ချင်းတော်လှန်ရေးရဲဘော် ၄၈၀ နီးပါး ကျဆုံးခဲ့

စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှု ၄ နှစ်တာအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ချင်းတော်လှန်ရေးရဲဘော် ၄၇၄ ယောက်လည်း ကျဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

ရခိုင်စစ်မျက်နှာက ထွက်ပြေးလာတဲ့ စစ်သား ၁၅၀ ကျော်ကို မကွေးတိုင်းအတွင်း CDF-Asho ဖမ်းမိထား

ရခိုင်စစ်မျက်နှာကနေ မကွေးတိုင်းအတွင်းထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့ဖမ်းဆီးမှုကနေ စစ်သုံ့ပန်း ၁၅၀ ကျော်နီးပါး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ CDF-Asho သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။