စစ်ကိုင်းတိုင်း၊ အေးကုန်းရွာက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို ယင်းမာပင်ခရိုင် တပ်ရင်း -၂၆ ရဲ့ တပ်ရင်းမှူးက ဖမ်းဆီးရိုက်နှက်၊ ချုပ်နှောင်ပြီး အဓမ္မပြုကျင့်တယ်လို့ သတင်းတွေ ထွက်‌ပေါ်နေပေမယ့် အဆိုပါ တပ်ရင်းဘက်က တာဝန်ရှိသူတစ်ယောက်ကတော့ ဒါတွေက မဟုတ်မမှန်ဘူးလို့ မောင်းကို ပြောပါတယ်။

ဖြစ်စဥ်ကတော့ အေးကုန်းရွာက ကိုယ်ဝန်သည်အမျိုးသမီး မခိုင် (အမည်လွှဲ) ဟာ သူ့အမျိုးသားနဲ့ စကားများ ရန်ဖြစ်ပြီး ယင်းမာပင်ခရိုင် တပ်ရင်း – ၂၆ ရဲ့ တပ်ရင်းမှူး ကိုကျော်ဟိန်း (ခ) မင်းသားကြီးကို ဆက်သွယ်လာတာကြောင့် ဆိုင်ကယ်နဲ့ သွားကြိုကာ စခန်းထဲကို ခေါ်ဆောင်လာခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနောက် စိတ်လေပြီး ထင်ရာလျှောက်လုပ်မိမှာစိုးတဲ့အတွက် စခန်းမှာ ၂ရက် ပေးနေကာ ၂ရက်ပြည့်တဲ့နေ့မှာ တပ်ရင်းမှူး ကိုကျော်ဟိန်း (ခ) မင်းသားကြီးက မခိုင်ကို ရွာထိပ်အထိ ဆိုင်ကယ်နဲ့ ပြန်ပို့ပေးခဲ့တယ်လို့ တပ်ရင်းဘက်က ပြောပါတယ်။

“အိမ်ထောင်ရေး အဆင်မပြေ ရန်ဖြစ်ပြီး ဆင်းလာတဲ့အတွက်၊ အရင်က ပတ်သက်ခဲ့ဖူးတဲ့ သူ့ကို ဆက်သွယ်ကြိုခိုင်းတယ်။ လမ်းမှာ မပြန်ချင်ဘူးပြောတဲ့အတွက် စိတ်ထင်ရာ လျှောက်လုပ်မှာစိုးလို့ တပ်ရင်းမှာ စိတ်ပြေလက်ပျောက် ၂ရက်ထားပေးတယ်။ အပြန်မှာလည်း ဆိုင်ကယ်နဲ့ သူ့ရွာထိပ် လိုက်ပို့ပေးတယ်” လို့ ယင်းမာပင်ခရိုင် တပ်ရင်း -၂၆ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ကျူးလွန်ခံရသူ အမျိုးသမီး မခိုင် (အမည်လွှဲ)ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ မခိုင်က ဇွန်လ ၂ ရက် နေ့လယ် ၃ နာရီကျော်လောက်မှာ အမျိုးသားဖြစ်သူနဲ့ စကားများပြီး အမျိုးသားရဲ့ရွာကနေ ပြန်လာချိန် ရွာထိပ်မှာ တပ်ရင်းမှူး ကိုကျော်ဟိန်းက အိမ်ပြန်ပို့ပေးမယ်ပြောတာကြောင့် ယုံကြည်ပြီး လိုက်ပါသွားခဲ့တယ်လို့ ပြောပါတယ်။

“အမျိုးသားနဲ့ ရန်ဖြစ်ပြီးတော့ ညပိုင်းမှာ စကားများတယ်။ စကားများပြီးတော့ စိတ်ဆိုးပြီး ပြန်မယ်ဆိုပြီးတော့ ညမှာပြောထားတာ။ သူက ပြန်ချင်လည်းပြန်ဆိုပြီးတော့.. အဲဒါနဲ့ ယောက္ခမအိမ်က လုပ်စရာရှိတာလုပ်။ ပြီးတော့ ပြန်လာခဲ့တယ်။ ပြန်လာတာကို လမ်းမှာ ဆိုင်ကယ်ကြုံခေါ်တယ်။ ကိုယ်ကတော့ ပြောရရင်တော့ လူကြီးတွေနဲ့လည်း ရင်းနှီးတယ်။ အိမ်ကိုလည်း အဝင်အထွက်၊ မိတ်ဆွေတစ်ယောက်လိုဆိုတော့ တကယ်လည်း အမှန်အတိုင်းပြောရရင် ယုံကြည်မှုနဲ့ ကိုယ့်မိဘဆီကို ပို့ပေးမယ်ဆိုတဲ့ ယုံကြည်မှုနဲ့ လာခဲ့တာပေါ့။ အဲ့အချိန်က မိုးကလည်း သည်းနေတော့ ကိုယ်လည်း ယုံကြည်မှုနဲ့ အိမ်ပဲပြန်မယ်ဆိုပြီးတော့ လိုက်လာခဲ့တာ။ ဘာစိတ်မှမရှိဘူးတဲ့။ ဒီလိုကောက်ကျစ်သွားလိမ့်မယ်၊ ဒီလိုလုပ်လိမ့်မယ်လို့ မထင်ဘူး” လို့ မခိုင်က မောင်းကို ပြောပါတယ်။

တပ်ရင်းမှူး ကိုကျော်ဟိန်းက မခိုင်ကို စခန်းမရောက်ခင် ဆိုင်ကယ်ပေါ်ကနေ ဆွဲချပြီး ဗိုက်ကို လက်သီးနဲ့ ထိုးခဲ့တဲ့အတွက် နေရာမှာတင် သတိမေ့သွားခဲ့ပြီး သတိပြန်ရလာချိန်မှာတော့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၆ စခန်းထဲကို ရောက်နေပြီလို့ မခိုင်က ဆိုပါတယ်။

အဲဒီနောက် ဇူလိုင် ၃ရက် ညပိုင်းလောက်မှာ တပ်ရင်းမှူး ကိုကျော်ဟိန်းက မခိုင်ကို သားမယားပြုကျင့်ခဲ့ပြီး ဇူလိုင် ၄ ရက် မနက် ၉ နာရီလောက်မှာ စခန်းကနေ ဘယ်သူမှမရှိချိန် ထွက်ပြေးလာခဲ့တယ်လို့ ပြောပါတယ်။

“သူတို့စခန်းက မနက်ခင်း ၉ နာရီ၊ ၁၀ နာရီလောက်ဆို လူသူလည်းပြတ်တယ်။ ဧည့်လည်းပြတ်တယ်၊ ရဲဘော်လည်းပြတ်တယ်၊ အဲလိုမျိုးအချိန်ကို မရှိဘူးဆိုပြီးတော့ လွတ်လို့မို့လို့ ထွက်လာခဲ့တာ။ သူလည်းမရှိဘူး” လို့ မခိုင်က မောင်းကိုပြောပါတယ်။

အထက်ပါ တပ်ရင်းတာဝန်ရှိသူကတော့ မခိုင် (အမည်လွှဲ) ကို တပ်ရင်းမှူး ကိုကျော်ဟိန်းက ရိုက်နှက်၊ မုဒိန်းကျင့်၊ အတင်းအဓမ္မဆွဲခေါ်တာမျိုး မလုပ်ခဲ့သလို စခန်းကနေ မခိုင် ထွက်ပြေးတယ်ဆိုတာလည်း မဟုတ်ဘူးလို့ ပြောပါတယ်။

“မိန်းပွိုင့်အနေနဲ့ကတော့ ဆိုင်ကယ်ပေါ် အတင်းဆွဲခေါ်တာလည်း မဟုတ်၊ လက်သီးနဲ့ထိုး ခြေထောက်နဲ့ကန်၊ အဓမ္မပြုကျင့်ပါတယ်ဆိုတာတွေက မဟုတ်မမှန်ဘူးဆိုတာပဲ လောလောဆယ်တော့ ပြောပါရစေ။ ကာယကံရှင်မိန်းကလေးကိုယ်တိုင် ဖုန်းဆက်ခေါ်လို့ ဆိုင်ကယ်နဲ့ သွားကြိုတယ်။ အဲဒီမိန်းကလေးနဲ့ ရင်းနှီးပတ်သက်တဲ့ ဆက်ဆံရေးရှိခဲ့တာ လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းက။ နောက်ပြီး ထွက်ပြေးခဲ့တယ်ဆိုတာလည်း ကျနော်တို့က တရားခံတွေ အများကြီး အကူအညီတောင်းတိုင်း ချုပ်ထားပေးဖူးပါတယ်။ ယောက်ျားရင့်မာကြီးတွေတောင် မလွတ်တာဗျာ။ မိန်းကလေးတစ်ယောက် ထွက်ပြေးလာရတယ်ဆိုတော့ ဖြစ်နိုင်ပါ့မလား” လို့ ဆိုပါတယ်။

မခိုင်ဟာ အစပိုင်းမှာ ပြဿနာတွေ ပိုမိုရှုပ်ထွေးမှာစိုးတာကြောင့် မိဘတွေကို မပြောပြဘဲ အမျိုးသားဖြစ်သူကိုသာ အကျိုးကြောင်းရှင်းပြခဲ့ပေမယ့် အမျိုးသားဟာ သူ့ကို ဖောက်ပြန်ကြောင်း၊ အခုလွယ်ထားရတဲ့ ကိုယ်ဝန်ကလည်း သူနဲ့ရထားတာ မဟုတ်ကြောင်း ပြောဆိုမှုတွေရှိလာတဲ့အတွက် တိုင်တန်းရတာဖြစ်တယ်လို့ မခိုင်က ပြောပါတယ်။

ဇူလိုင်လ ၇ရက်မှာ အေးကုန်းရွာအနောက်ဘက်က ရပ်ရွာပကဖကို တိုင်တန်းခဲ့ပေမယ့် အရေးယူဆောင်ရွက်ပေးခြင်း မရှိဘူးလို့ ဆိုပါတယ်။

“ဒီအတိုင်း အေးအေးဆေးဆေး နေနေတာကို အမျိုးသားဘက်က ဖောက်ပြန်တယ်ဆိုပြီး သတင်းလွှင့်တော့ ညီမလည်း မိန်းကလေးဆိုတော့လေ တစ်ရှက်ကနေ ၂ရှက်၊ အမျိုးသားဘက်က လွှင့်တယ်။ သူတို့က ညီမပျောက်သွားကတည်းက သိတယ်။ မိန်းမသားလေ.. အသက်နဲ့လူလုပ်တာ မဟုတ်ဘူး။ အရှက်နဲ့ လူလုပ်တာ။ မဟုတ်ဘဲနဲ့လည်း ခံရတယ်။ အများအထင်သေးလည်း ခံရတယ်။ အရှက်လည်းကွဲရတယ်။ မခံနိုင်လို့ တိုင်တာပေါ့” လို့ မခိုင်က ပြောပါတယ်။

အဆိုပါကိစ္စတွေကြောင့် မခိုင်ဟာ အမျိုးသားနဲ့ အိမ်ထောင်ကွဲခါနီး အခြေအနေဖြစ်ကာ ကိုယ်ဝန်လည်း ပျက်ကျသွားတဲ့အတွက် ‌ဆေးရုံတက်ခဲ့ရပြီး ဇူလိုင်လ ၂၉ရက်နေ့မှ ဆေးရုံကနေ ပြန်ဆင်းခဲ့တယ်လို့ ဆိုပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်း – ၂၆ တာဝန်ရှိသူကတော့ မခိုင် (အမည်လွှဲ) စွပ်စွဲပြောဆိုတဲ့ အထက်ပါကိစ္စတွေဟာ မဟုတ်မမှန်တဲ့အတွက် တပ်ရင်းအနေနဲ့ ပြန်လည်ဖြေရှင်းသွားဖို့ရှိသလို တပ်ရင်း ဂုဏ်သိက္ခာအတွက် ပြန်လည်တရားစွဲဖို့ စီစဥ်နေတယ်လို့ ပြောပါတယ်။

“အဲဒီသတင်းနဲ့ ပတ်သက်လို့ ကျနော်တို့တပ်ရင်းအနေနဲ့လည်း မဟုတ်မမှန်တဲ့ အချက်အလက်တွေနဲ့ တင်ထားတဲ့အတွက် ပြန်လည်ပြီး ဖြေရှင်းသွားမှာပါဗျ။ မိန်းကလေးနဲ့ ရင်းမှူးရဲ့ ပတ်သက်မှုက တိုင်ကြားမှုတစ်ကဏ္ဍ၊ တပ်ရင်း ၂၆ တင်မက PDF ဂုဏ်သိက္ခာပါ ညှိုးနွမ်းစေတဲ့အတွက် ကျနော် ပြန်တရားစွဲသွားမှာပါ။ သူတို့ကို ငဲ့ပြီး ကျနော် ဖြစ်စဥ်အစကတည်းက ပြန်မတုန့်ပြန်ခဲ့တာ။ ကျနော့်အနေနဲ့ ပြည်သူတွေ အထင်မြင် လွဲမှားစေရန်နဲ့ NUG ကြားကာလအစိုးရ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုတွေဖြစ်အောင် အပေါ်က အချက်အလက်တွေက တိုက်ခိုက်တယ်လို့ သုံးသပ်ပြီး ပြန်လည်တရားစွဲဖို့လည်း စီစဥ်နေပါတယ်” လို့ ယင်းမာပင်ခရိုင် တပ်ရင်း – ၂၆ တာဝန်ရှိသူက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

လူ့အခွင့်အရေး ချိုးဖောက်‌နေသည့် အကျဉ်းဦးစီးဝန်ထမ်း‌များကို အရေးယူနိုင်ရန် တော်လှန်ရေးအဖွဲ့တွေထံ ကိုယ်ရေးအချက်အလက်များ ဖြန်ဝေသွားမည်ဟု PPNM ထုတ်ပြန်

"ကျွန် တော်တို့က လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ အဖွဲ့အစည်းဖြစ်တာ ကြောင့် လူ့အခွင့်အရေးနဲ့အညီ အရေးယူသွားမှာပါ" လို့ PPNM က ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

အမေရိကန်မှာ NUG ဝန်ကြီး ဒေါက်တာဆာဆာက သံအမတ်ကြီးဦးကျော်မိုးထွန်းအပါအဝင် နယူးယောက်ရှိ မြန်မာပြည်သူတွေနဲ့ တွေ့ဆုံခဲ့…

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာက ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ကျိုက်ထိုမှာ တော်လှန်ရေးတပ်ဖွဲ့ နယ်မြေရှင်းလင်းရေးလုပ်စဉ် စစ်ကောင်စီထံက ကျည်ဆံဖာနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေရရှိ

တိုက်ပွဲဖြစ်ခဲ့တဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အနီးမှာ တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းမှု လုပ်ဆောင်စဉ်အတွင်း စစ်ကောင်စီ ကပစ  ၂၀၂၄ ထုတ်ကျည်ဆံဖာတစ်ခုနဲ့ စစ်သုံးပစ္စည်းတချို့ တွေ့ ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)က  အသိပေးထုတ်ပြန်ပါတယ်။
Read More

စက်တပ်လေထီးတွေကို တန်ပြန်ခြိမ်းခြောက်ဖို့ လိုအပ်နေပြီလား

အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်ကော်မရှင်က တော်လှန်ရေးအင်အားစုတွေကို ဖယ်ရှားဖို့၊ သူတို့အပေါ် ဆန့်ကျင်မှုတွေကို ဖိနှိပ်ဖို့၊ ပြည်သူလူထုကို အကြောက်တရားသွင်းဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။ 
Read More

ထား၀ယ်ခရိုင်ထဲက PDF တပ်ဖွဲ့ ၆ဖွဲ့ ပေါင်းစုပြီး ခရိုင်တပ်ပေါင်းစုအဖြစ် စစ်ရေးတွေလှုပ်ရှားမယ်

ထားဝယ်ခရိုင်ရှိ PDFနဲ့ ပကဖ တပ်ဖွဲ့ ၆ခုပူးပေါင်းပြီး ခရိုင်တပ်ပေါင်းစုဖွဲ့စည်းလိုက်ပြီလို့ အသိပေးထုတ်ပြန်ပါတယ်။ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း ၊ အမှတ်(၂)တပ်ရင်းနှင့် ထားဝယ်မြို့နယ် ၊ သရက်ချောင်းမြို့နယ် ၊ လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်များရှိ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များပူးပေါင်းလိုက်ခြင်းဖြစ်ပါတယ်။
Read More

မြင်းခြံမှာ စစ်အုပ်စုကားတန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သားနဲ့ ပျူ ၂၀ ကျော် သေဆုံး၊ သေနတ် ၁၀ လက်နဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်အုပ်စုကားတန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၂၀ ကျော် မျက်မြင်သေဆုံးပြီး သေနတ်၁၀လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း (၇) Zero ပြောက်ကျားတပ်ဖွဲ့ 2IC ကိုဗညား က မောင်းကိုပြောပါတယ်။