အာဏာသိမ်းစစ်အုပ်စုရဲ့ ထောက်တိုင်တချို့အပေါ် အရေးယူပိတ်ဆို့မှုတွေကို အမေရိကန်က ရုပ်သိမ်းလိုက်တာဟာ နောက်ကြောင်းပြန်သွားတာပဲလို့ မြန်မာပြည် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အမ်ဒရူးစ်က ဇူလိုင်လ ၃၀ ရက်မှာ ပြောပါတယ်။

စစ်အုပ်စုရဲ့ လက်နက်ပွဲစား ၅ ယောက်နဲ့ သူတို့ရဲ့လုပ်ငန်းတချို့အပေါ် အရေးယူပိတ်ဆို့မှုတွေကို အမေရိကန်အစိုးရက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်မှာ ရုပ်သိမ်းလိုက်တာဖြစ်ပြီး “တုန်လှုပ်ဖွယ်ရာ” ဆုံးဖြတ်ချက်ဖြစ်တယ်လို့ တွမ်အန်ဒရူးစ်က ဆိုပါတယ်။

“ဒါဟာ လူသတ်စစ်ကောင်စီရဲ့ လက်နက်ဝင်ရောက်ခွင့်ကို ကန့်သတ်ခြင်းအားဖြင့် လူ့အသက်တွေကို ကယ်တင်ဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းနေမှုတွေအတွက်တော့ နောက်ကြောင်းပြန်တဲ့ ခြေလှမ်းကြီးတခုပဲ” “မြန်မာလက်နက်ပွဲစားတွေနဲ့ စစ်ကောင်စီရဲ့ ခရိုနီတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ပြန်လည်ရုပ်သိမ်းပြီး အဲဒီ ကြိုးပမ်းမှုတွေကို ပျက်ပြားစေတာက ကျင့်ဝတ်နဲ့မညီဘူး” လို့ အန်ဒရူးစ်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ပိတ်ဆို့အရေးယူမှုစာရင်းကနေ ဖယ်ရှားလိုက်တဲ့ ကုမ္ပဏီတွေဟာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေအတွက် လက်နက်နဲ့ ပစ္စည်းတွေ ထောက်ပံ့ရာမှာ ပါဝင်ပတ်သက်နေတယ်လို့ ၎င်းက ဆိုပါတယ်။

၂၀၂၃ ကနေ ၂၀၂၄ ခုနှစ်အတွင်း မြန်မာရဲ့ စစ်လက်နက်တင်သွင်းမှု ၃၀ ရာခိုင်နှုန်းကျဆင်းသွားတာကို ရည်ညွှန်းပြီး တွမ်အန်ဒရူးစ်က “ဒီလုပ်ရပ်ကို ပိုပြီး ထိတ်လန့်စရာကောင်းစေတာက စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုတွေက ထိရောက်မှုရှိကြောင်း သက်သေပြနေတာပါပဲ” လို့ ပြောဆိုထားပါတယ်။

မြန်မာပြည် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အမ်ဒရူးစ်

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဟာ အမေရိကန် အမျိုးသားလုံခြုံရေးအတွက် ပုံမှန်မဟုတ်တဲ့ ထူးကဲတဲ့ ခြိမ်းခြောက်မှုတခုအဖြစ် ဆက်လက်ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလက အမှုဆောင်အမိန့်မှာ လက်မှတ်ရေးထိုး ကြေညာခဲ့ပေမယ့် အခုဆုံးဖြတ်ချက်ဟာ အဲဒီအမှုဆောင်အမိန့်နဲ့ လားလားကြီး ဆန့်ကျင်နေပါတယ်။

ဒါ့အပြင် ဇွန်လကလည်း အမေရိကန်ကိုယ်စားလှယ်ရဲ့ ကုလသမဂ္ဂကို တင်သွင်းတဲ့ ကြေညာချက်တစောင်မှာ စစ်ကောင်စီကို အရပ်သားတွေကို ဗုံးကြဲတယ်၊ ရိုဟင်ဂျာတွေကို အဓမ္မ စစ်မှုထမ်းစေခိုင်းတယ်လို့ စွပ်စွဲထားသေးတာပါ။

ဒါပေမယ့် ထရမ့်ရဲ့ ကုန်သွယ်ခွန်တိုးမြှင့်တဲ့ အကြောင်းကြားစာကို မင်းအောင်လှိုင်က မျက်နှာလုပ် အကြောင်းပြန်ပြီးနောက်မှာတော့ ဒီလို ပိတ်ဆို့မှုရုပ်သိမ်းတာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

ထရမ့်ရဲ့ အစိုးရအဖွဲ့ အကြီးတန်းအရာရှိတယောက်ကတော့ ပိတ်ဆို့အရေးယူမှု ဆုံးဖြတ်ချက်ဟာ မင်းအောင်လှိုင်ရဲ့ စာနဲ့ မဆိုင်ကြောင်း ပြောဆိုထားပါတယ်။

ဒါပေမယ့် အချိန်ကိုက်ဖြစ်နေတာကြောင့် အကဲခတ်တွေအတွက်တော့ စိုးရိမ်စရာကြီး ဖြစ်နေပါတယ်။

(၇၂) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို အကြမ်းဖက် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်မှာ ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ စိုးဇေယျာထွန်း/ Reuters]

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှ စည်းရုံးရေး ဒါရိုက်တာ John Sifton က အဆိုပါလုပ်ရပ်ဟာ အလွန်စိုးရိမ်စရာဖြစ်ပြီး မြန်မာစစ်ကောင်စီကို ဒဏ်ခတ်အရေးယူမှုအပေါ် ဗဟိုပြုတဲ့ အမေရိကန်ရဲ့ မူဝါဒမှာ အပြောင်းအလဲကြီး ဖြစ်နေမလားဆိုတာကို သတိပေးခဲ့ပါတယ်။

အန်ဒရူးစ်ကတော့ “ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားမယ့်အစား စစ်လက်နက်တင်သွင်းမှုမှာ ငွေပေးချေဖို့ မှီခိုနေရတဲ့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ အဓိကဘဏ္ဍာရေးအဖွဲ့ဖြစ်တဲ့ မြန်မာ့စီးပွားရေးဘဏ်ကို အမေရိကန်အနေနဲ့ တိုးချဲ့အရေးယူသင့်တယ်” လို့ ထရမ့်အစိုးရကို တိုက်တွန်းထားပါတယ်။

“ဒါက အန္တရာယ်များပြီး စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ကိစ္စပဲ” “မြန်မာပြည်သူတွေနဲ့ ရပ်တည်ပြီး စစ်ကောင်စီကို ဆန်းပြားတဲ့ စစ်လက်နက်တွေနဲ့ တိုက်ခိုက်ရနိုင်အောင် လုပ်ပေးလိုက်တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ ထရမ့်အစိုးရကို ကျနော်တိုက်တွန်းပါတယ်။ ဒါဟာ သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

 

မူရင်းသတင်း – UN expert condemns US rollback of sanctions on Myanmar regime allies

0 Shares:
You May Also Like
Read More

ကရင် BGF အမည်ပြောင်း KNA ခေါင်းဆောင် စောချစ်သူနှင့် သားနှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ

ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ အမည်ပြောင်းထားတဲ့ ကရင်အမျိုးသားတပ်မတော် KNA ကို အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာရာဇဝတ်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ပြီး KNA ခေါင်းဆောင် စောချစ်သူနဲ့ သားနှစ်ယောက်ကို ပိတ်ဆို့အရေးယူလိုက်တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

AAC ရုံးအဆောက်အဦကို ရက် ၆၀ အတွင်း ထိုင်းအစိုးရ ဖျက်ခိုင်း

ထိုင်းရောက်မြန်မာအလုပ်သမားအရေးကို ကူညီဖြေရှင်းပေးတဲ့ AAC အဖွဲ့ရဲ့ ရုံးအဆောက်အဦကို ထိုင်းအစိုးရက ချိတ်ပိတ်လိုက်ပြီး ရက် ၆၀ အတွင်း မဖျက်သိမ်းပေးရင် ဒဏ်ငွေဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ကျခံရမှာဖြစ်ကြောင်း လာရောက် စာကပ်သွားတယ်လို့ သိရပါတယ်။
Read More

အမေရိကန်တပ်များ ဗင်နီဇွဲလားသမ္မတ ကိုဝင်ရောက်ဖမ်းဆီး

အမေရိကန်တပ်ဖွဲ့ တွေဟာ ဗင်နီဇွဲလား သမ္မတဖြစ်သူ နစ်ကိုလက်စ် မာဒူရို ကို ဖမ်းဆီးလိုက်ပြီလို့ အ​မေရိကန်သမ္မတ ထရမ့်က သူရဲ့လူမှုကွန်ရက် Truth မှာရေးသားအသိပေး လိုက်ပါတယ်။ စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲပြီး သမ္မတဖြစ်သူ နစ်ကိုလက်စ် မာဒူရို ကို လက်ရဖမ်းဆီးလိုက်တာလို့ သမ္မတ ထရမ့်က ဆိုပါတယ်။
Read More

နိုင်ငံတစ်၀န်း ရေဘေးသင့် ပြည်သူတွေအတွက် WFP နဲ့ EU က အရေးပေါ်အကူအညီထောက်ပံ့မှုတွေ ပေးအပ်မယ်

နိုင်ငံတစ်ဝန်းက ရေးဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP နဲ့ အီးယူက မြန်မာနိုင်ငံထံ အရေးပေါ်ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

စစ်တပ်၏ ပြောင်းလဲမှုများက စစ်မှန်သည့် အပြောင်းအလဲ မဟုတ်ဘူး ဟု International IDEA ထုတ်ပြန်

အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စကစ) ကို ဖျက်သိမ်းပြီး စစ်ကော်မရှင်လို့ ဆိုနိုင်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (SSPC) ကို မြန်မာနိုင်ငံရဲ့ ကြားကာလအစိုးရတစ်ရပ်အဖြစ် ဖွဲ့စည်းလိုက်တာဟာ စစ်မှန်တဲ့ ပြောင်းလဲမှု မဟုတ်ကြောင်းနဲ့ လွန်စွာစိုးရိမ်ကြောင်း International IDEA က သဘောထားထုတ်ပြန်လာပါတယ်။ 
Read More

အစ္စရေးနှင့် အီရန် တိုက်ပွဲဖြစ်ပွားမှု ၅ ရက်မြောက်မှာ အပစ်ရပ်ဖို့ အီရန် တောင်းဆို၊ အစ္စရေး၏ ပစ်ခတ်မှုကြောင့် အီရန်ရှိ အကြီးဆုံး ယူရေနီယံသန့်စင်ရေးစက်ရုံ ထိခိုက်ပျက်စီး

အစ္စရေးနိုင်ငံနဲ့ အီရန်နိုင်ငံတို့ကြား နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ၅ ရက်မြောက်မှာတော့ အီရန်နိုင်ငံက အပစ်ရပ်ဖို့ တောင်းဆိုခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။