မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေအပေါ် ပြင်းထန်တဲ့ ကန့်သတ်မှုတွေချမှတ်ထားပြီး အနိုင်ကျင့်မှုတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ (HRW) က ဇူလိုင်လ ၂၈ ရက်မှာ စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလကနေ ဇူလိုင်လအတွင်း HRW က ဘူးသီးတောင်မြို့ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားသူ ရိုဟင်ဂျာ ဒုက္ခသည် ၁၂ ယောက်ကို တွေ့ဆုံမေးမြန်းခဲ့ပြီး အခုလိုပြောဆိုခဲ့တာပါ။

ရခိုင်ပြည်နယ်အတွင်းက နေရာတွေကို AA က သိမ်းပိုက်ခဲ့ပြီးချိန်မှာ ရိုဟင်ဂျာတွေဟာ အသွားအလာ ကန့်သတ်မှု၊ လုယက်မှု၊ မတရားဖမ်းဆီးမှု၊ နှိပ်စက်ညှဉ်းပန်းမှုနဲ့ ဥပဒေမဲ့ အဓမ္မစေခိုင်းမှု၊ လူစုဆောင်းမှုနဲ့ အခြားသော အလွဲသုံးစားမှုတွေ ခံစားခဲ့ရကြောင်း HRW က သတင်းထုတ်ပြန်ပါတယ်။

“မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မှာ ကာလကြာရှည် ချမှတ်ထားတဲ့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ခဲ့တဲ့ မူဝါဒတွေအတိုင်း အာရက္ခတပ်တော်က ဆက်လက် လုပ်ဆောင်နေပါတယ်” “အာရက္ခတပ်တော်အနေနဲ့ ခွဲခြားဆက်ဆံမှုတွေနဲ့ အလွဲသုံးစားလုပ်မှုတွေကို အဆုံးသတ်ပြီး နိုင်ငံတကာဥပဒေကို လိုက်နာသင့်တယ်” လို့ HRW ရဲ့ အာရှဒါရိုက်တာ Elaine Pearson က ပြောပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ မြန်မာစစ်တပ်နဲ့ AA တို့အကြား ပိတ်မိနေပြီး နှစ်ဖက်တပ်တွေရဲ့ တရားလက်လွတ် သတ်ဖြတ်မှု၊ မီးရှို့မှုတွေနဲ့ ဥပဒေမဲ့ လူသစ်စုဆောင်းမှုတွေ အပါအဝင် ပြင်းထန်တဲ့ ညှင်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ခံနေရကြောင်း၊ ၂၀၂၃ ခုနှစ်နှောင်းပိုင်းကစလို့ ရခိုင်နဲ့ ချင်းပြည်နယ်တို့က လူပေါင်း လေးသိန်းကျော် ပြည်တွင်းနေရပ်စွန့်ခွာနေရပြီး နှစ်သိန်းကျော်က ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားခဲ့ကြောင်း HRW က သတင်းထုတ်ပြန်ထားတာပါ။

ရခိုင်ပြည်နယ် ဘူးသီးတောင်မှ ထွက်ပြေးလာသည့် မိသားစုအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းတွင် ၂၀၂၄ ခုနှစ် ဇွန်လမှာ တွေ့ရစဥ် (ဓာတ်ပုံ Mohammad Ponir)

၂၀၂၃ ခုနှစ် နိုဝင်ဘာလက ပြန်လည်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအပြီး အကြမ်းဖက်စစ်ကောင်စီထံကနေ သိမ်းပိုက်ရရှိခဲ့တဲ့ နယ်မြေတွေမှာ အားလုံးအကျုံးဝင်ပြီး သာတူညီမျှမှုရှိတဲ့ အုပ်ချုပ်ရေးကို ဖော်ဆောင်မယ်လို့ AA က ကတိပြုခဲ့ပါတယ်။

ဒါပေမယ့် HRW နဲ့ တွေ့ဆုံမှုအတွင်းမှာတော့ ရိုဟင်ဂျာတွေက အာရက္ခတပ်နဲ့ သူ့ရဲ့နိုင်ငံရေးဦးဆောင် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တို့ဟာ သူတို့အပေါ် တင်းကျပ်ပြီး ခွဲခြားဆက်ဆံတဲ့ စည်းမျည်းစည်းကမ်းတွေ၊ အကျင့်အကြံတွေ ချမှတ်ခဲ့ကြကြောင်း ပြောဆိုထားကြပါတယ်။

ARSA နဲ့ အခြား ရိုဟင်ဂျာလက်နက်ကိုင်တွေဟာလည်း ၂၀၂၄ ခုနှစ်မှာ မြန်မာစစ်တပ်နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီးနောက် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာလည်း ထပ်မံတပ်ဖြန့်ထားကြတယ်လို့ HRW က ဆိုပါတယ်။

တိုက်ပွဲတွေအပြင် AA က ရိုဟင်ဂျာရွာသားတွေကို အဓမ္မလူသစ်စုဆောင်းတာကြောင့် ရိုဟင်ဂျာနဲ့ ရခိုင်တွေအကြား လူမျိုးရေးတင်းမာမှုတွေ ထပ်ဖြစ်လာစေတယ်လို့ HRW က ဆိုထားပါသေးတယ်။

ဒါ့အပြင် AA နဲ့ ရိုဟင်ဂျာလက်နက်ကိုင်တပ်တွေဟာ လူမှောင်ခိုကွန်ရက်တွေနဲ့ လက်တွဲလုပ်ကိုင်နေကြောင်း၊ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်သူ တစ်ယောက်အတွက် ကျပ် ၈သိန်းကနေ ၁၂ သိန်းခွဲ ပေးကြရကြောင်း ရိုဟင်ဂျာတွေရဲ့အဆိုကို ကိုးကားပြီး HRW က သတင်းထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ကတော့ ၂၀၂၄ ခုနှစ် မေလကတည်းက စခန်းတွေထဲ အသစ်ရောက်လာသူ ၁၂၀၀၀၀ ကို စာရင်းသွင်းထားပြီး သောင်းနဲ့ချီတဲ့သူတွေတော့ မှတ်ပုံတင်ဖို့ ကျန်နေပါသေးကြောင်း၊ အသစ်ရောက်လာသူတွေဟာ ဘာအကူအညီအထောက်အပံ့မှမရကြောင်း၊ မြန်မာပြည်ပြန်ပို့ဖို့သာ တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောဆိုနေကြောင်း၊ ကုလသမဂ္ဂနဲ့ သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ ဘေးကင်းလုံခြုံပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ နေရပ်ပြန်ရေးက လက်ရှိမှာ အခြေအနေမပေးသေးတာကို အလေးအနက်ထားသင့်ကြောင်း HRW က ပြောပါတယ်။

“အလှူရှင်တွေနဲ့ သြဇာရှိတဲ့ အစိုးရတွေက ရိုဟင်ဂျာတွေကို မြန်မာမှာပဲဖြစ်ဖြစ် ဘင်္ဂလားဒေ့ရှ်မှာပဲဖြစ်ဖြစ် သူတို့ရဲ့ ဘေးကင်းလုံခြုံမှုနဲ့ လွတ်လပ်မှု အပါအဝင် အကာအကွယ်ပေးဖို့ အများကြီး ပိုလုပ်ဖို့လိုတယ်” “ရခိုင်ပြည်နယ်က လူမှုအသိုက်အဝန်းအားလုံးရဲ့ အခွင့်အရေးကို လေးစားလိုက်နာဖို့ အာရက္ခတပ်တော်ကိုလည်း ဖိအားပေးသင့်တယ်” လို့ Pearson က ပြောပါတယ်။

မူရင်းသတင်း – Myanmar: Arakan Army Oppresses Rohingya Muslims

0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုမှတ်တမ်းတွေကို ကုလထံ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပေးပို့

အာဏာသိမ်းစစ်တပ်က နိုင်ငံတစ်ဝန်း ကျူးလွန်ခဲ့တဲ့  အကြမ်းဖက်မှုမှတ်တမ်းတွေကို  ကုလအတွင်းရေးမှူးချုပ်နဲ့ ကုလကိုယ်စားလှယ်တွေထံ  ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပေးပို့လိုက်ပြီဖြစ်ပါတယ်။
Read More

ထိုင်းနိုင်ငံရှိ ကားအပိုပစ္စည်းစက်ရုံမှ မြန်မာအလုပ်သမား ၁၈ ဉီး အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခံရမှု ကူညီဆောင်ရွက်ပေးခဲ့ဟု NUG အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ရှိ ကားအပိုပစ္စည်းစက်ရုံက မြန်မာ အလုပ်သမား ၁၈ ယောက်က အကြောင်းမဲ့ အလုပ်ကနေ ထုတ်ပယ်ခံရတာကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

လန်ဒန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် တော်လှန်ရေးရံပုံငွေ စျေးရောင်းပွဲ ပြုလုပ်

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် တော်လှန်ရေးရံပုံငွေ စျေးရောင်းပွဲကို မနေ့က ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။
Read More

အကူအညီတွေ ဖြတ်တောက်မှုနောက် မြန်မာပြည်ရဲ့ ငတ်မွတ်မှု သိသိသာသာ မြင့်တက်လာ

ပြည်တွင်းစစ်ကာလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကူအညီတွေဖြတ်တောက်မှု လုပ်ဆောင်ချက်အပြီးမှာ မြန်မာပြည်ရဲ့ ပဋိပက္ခဒဏ်အခံရဆုံး ဒေသတခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ငတ်မွတ်ခေါင်းပါးမှု သိသိသာသာ မြင့်တက်လာတာကိုတွေ့ရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဩဂုတ်လ ၁၂ ရက်မှာ ပြောပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီးနှင့် အမေရိကန်အမတ် တွေ့ဆုံကာ မြန်မာ့နိုင်ငံရေး အခြေအနေများအကြောင်း ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ အမေရိကန် လွှတ်တော်အမတ် Julie Johnson တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့အရေးကို သတိကြီးကြီးထား ချဉ်းကပ်နေတယ်လို့ အာဆီယံဥက္ကဋ္ဌ ပြော

မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ အရေးကြီးတာကြောင့် အာဆီယံအနေနဲ့ မြန်မာ့အရေး သတိကြီးကြီးထားပြီး တဖြည်းဖြည်း လုပ်ဆောင်နေကြောင်း အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟန်က ဇန်နဝါရီလ ၂၂ ရက်နေ့က ပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြောပါတယ်။