မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေက ကျေးရွာတွေထဲ အင်အားအလုံးရင်းသုံး စစ်​ကြောင်းဝင်ရောက်​နေသလို ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း Yan Gyi Aung People’s Defense Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ညောင်ဦးမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ရက်နေ့ကစလို့ စစ်အုပ်စုနဲ့ ထွေအုပ်ဦးစီးဌာနတို့ပူးပေါင်းပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့သလို ကျေးရွာတွေဆီ မကြာခဏဆိုသလို စစ်ကြောင်းဝင်​ရောက်နေတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၈ရက် မနေ့က မနက်ပိုင်းမှာလည်း ညောင်ဦးမြို့ပေါ်ကနေ ထွက်ခွာလာတဲ့ စစ်​ကောင်စီတပ်တွေဟာ ညောင်ဦး-ချောက်ကားလမ်းဘေးမှာရှိတဲ့ ဂန့်ဂေါရွာရှိ ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်တပ်စွဲရင်း ညနေဘက်မှာ ဂန့်ဂေါရွာအရှေ့ဘက်ကျေးရွာတွေဆီ သေနတ်ပစ်ဖောက် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်တဲ့ အကြမ်းဖက်စစ်အုပ်စုထဲမှာ ညောင်ဦးအခြေစိုက် ခမရ (၄၁၅) အပါအဝင် မန္တလေးတိုင်းကနေ ဆင်းလာတဲ့ ကွန်မန်ဒိုတပ်တွေနဲ့ ပျူစောထီးတွေပါဝင်ခဲ့ပြီး သံချပ်ကာကားတွေနဲ့ ဒရုန်းတွေလည်း ယူဆောင်လာခဲ့ကြောင်း Yan Gyi Aung People’s Defense Force တာဝန်ရှိသူက ပြောပါတယ်။

“၂၈ရက်နေ့ မနက် ၈နာရီလောက်မှာ ပုဂံညောင်ဦးက နေ ဂန့်ဂေါရွာဘက်ကို ကား၈စီး အင်အားအပြည့်နဲ့ စစ်ကြောင်းရောက်လာတယ်ဗျ။ အဲ့ရွာက ဘုန်းကြီးကျောင်းမှာ ချက်ပြုတ်စားသောက်ပြီး နားတယ်။ ညနေ၅နာရီလောက်ကစပြီး အဲဂန့်ဂေါပျူရွာကနေ ထွက်ပြီး အရှေ့ဘက်ရွာတွေဆီ စစ်ကြောင်းထိုးတယ်။ သံချပ်ကာကားတွေပါ ပါတယ်။ တောရွာ၊ ကျောက်ကန်၊ ကန်နီပေါက် ရွာတွေရဲ့လမ်းဆုံမှာ သေနတ်တွေဖောက်တယ်။ သေနတ်ဖောက်ပြီးတာနဲ့ ကျောက်ကန်ရွာကို စပြီးဝင်တယ်ပေါ့။ ဂန့်ဂေါနဲ့ စစ်ကြောင်းထိုးတဲ့ရွာတွေကြားမှာ တဲတိုက်လည်းမရှိဘူး။ လမ်းကြောကလည်း မြေနီလမ်းကောင်းတော့ သိပ်မမောင်းရဘူးဗျ။ အဲ့တော့ ကျနော်တို့လည်းဒေသခံတွေကို ဘေးလွတ်ရာရှောင်ဖို့ အမြန်လုပ်ပေးခဲ့ရတယ်။ ” လို့ Yan Gyi Aung People’s Defense Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
စစ်အုပ်စုတွေဟာ ကျောက်ကန်၊ ကန်နီပေါက်ကျေးရွာတွေထဲဝင်ရောက်ရင်း အရပ်သားနေအိမ်တွေထဲ မွှေနှောက်ရှာဖွေခဲ့သလို ဒရုန်းနဲ့ဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ပုံစာ – စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံဟောင်း)

ဒါ့အပြင် ဇူလိူင် ၂၉ရက် ဒီနေ့မနက်ပိုင်းမှာလည်း လိုက်ထရပ်ကား၁စီး၊ အိမ်စီးကား ၂စီးအသုံးပြုကာအင်အားဖြည့်တင်းခဲ့သလို စစ်ကြောင်းထိုးတာတွေဆက်လက်လုပ်ဆောင်ရင်း ဂန့်ဂေါပျူစောထီးရွာအတွင်းတပ်စွဲနေတယ်လို့လည်း Yan Gyi Aung People’s Defense Force တာဝန်ရှိသူကပြောပါတယ်။

“ဂန့်ဂေါကလည်း ပျူရွာကိုဖြစ်နေပါပြီ။ အဲ့ရွာမှာပဲ စခက ထိုင်ထားတာဆိုတော့ အမြဲတမ်းရှိတယ်။ အဲ့ကနေ ကျန်တဲ့ရွာတွေက ၃မိုင်လောက်ပဲ​ဝေးတာ၊ ကားနဲ့​ဆို သိပ်မဝေးဘူး။ ဒီတော့ ကျနော်တို့က ပြည်သူတွေအတွက် အမြဲမျက်စိဖွင့်နားစွင့်နဲ့ အဆင်သင့်လုပ်ထားရတယ်။”လို့ Yan Gyi Aung People’s Defense Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းကြောင့် လက်ရှိမှာ ကျောက်ကန်၊ ကန်နီပေါက်စတဲ့ ကျေးရွာပေါင်း၅ရွာက အရပ်သားထောင်ချီဟာ စစ်ဘေးရှောင်နေရကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် ညောင်ဦးမြို့နယ်အတွင်း စစ်မှုထမ်းပေါ်တာဆွဲတွေလည်း များနေကြောင်းနဲ့ မြို့နေအများစုဟာ တော်လှန်ရေးကို စိတ်ဝင်စားမှုအားနည်းကြောင်း Yan Gyi Aung People’s Defense Force တာဝန်ရှိသူက ပြောပါတယ်။

“ဟိုနေ့က တောင်ဇင်းတိုက်နယ်က လူငယ်၉ယောက်လောက် ပေါ်တာအဆွဲခံရတယ်။ မြို့ပေါ်ဆို ခဏခဏဆွဲနေတာပါ။ လိုင်းတွေဖြတ်ခံထားရလို့သာ မသိတာ။ စစ်ကြောင်းက ခဏခဏထိုးလိုက်၊ ပေါ်တာကဆွဲလိုက်နဲ့ဖြစ်နေတာ မြို့ပေါ်မှာက သိပ်စိတ်မဝင်စားကြဘူး။ ပျူစောထီးများတာလည်းပါတယ်” လို့ Yan Gyi Aung People’s Defense Force တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု ၇၅၀၀ ကျော်အထိရှိခဲ့

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းအပါအဝင်  လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ပေါင်း ၇,၅၀၀ ကျော်ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
Read More

ဆိုင်ခန်းပေါင်း ရာနဲ့ချီ ဆုံးရှုံးပြီး အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တဲ့ လှိုင်ရတနာဈေး မီးလောင်မှု

ရန်ကုန်မြို့က သက်တမ်းရင့် ဘာဒါစျေးလို့ လူသိများတဲ့ လှိုင်ရတနာစျေးမီးလောင်ကျွမ်းမှုမှာ တစ်ယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦး PNLA ဆီ ထွက်ပြေးခိုလှုံလာ

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ယောက်က စစ်ကောင်စီတပ် နှိပ်စက်တာကို မခံနိုင်တော့တာကြောင့် ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ထုတ်ပြန်ပါတယ်။
Read More

ဖြူးမြို့နယ်မှာ ငလျင်ကြောင့် ပျက်စီးသွားတဲ့ လမ်းတံတားနှင့် နေအိမ်များ ပြုပြင်ဖို့ ငွေကြေးထောက်ပံ့

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ထဲက ငလျင်ဘေးသင့်ခဲ့တဲ့‌ ကျေးရွာတွေမှာ လမ်း၊ တံတားနဲ့ ပျက်စီးခဲ့တဲ့ နေအိမ်တွေ ပြုပြင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့နဲ့ ဖြူးမြို့နယ်လူသားစာနာတာဝန်ခံတို့က ဧပြီလ ၆ ရက်မှာ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဟားခါးမြို့မရဲစခန်းအတွင်း ဝင်ရောက်ခဲ့သည့် CDF-Hakha နှင့် CNA အကျဥ်းသားများ ကယ်ထုတ်ရေးမစ်ရှင် 

ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှာ အကြမ်းဖက် စစ်ကော်မရှင် မတရား ဖမ်းဆီးချုပ်နှောင်ထားတဲ့ တော်လှန်ရေးရဲဘော်တွေကို သွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း Chinland Defense Force – Hakha က ဒီည ထုတ်ပြန်ပါတယ်။
Read More

စတင်တာဝန်ထမ်းချိန်မှ ကျဆုံးချိန်အထိ အနစ်နာခံ တာဝန်ကျေပွန်ခဲ့သည့် အသက် (၂၄)နှစ်အရွယ် ရဲဘော် ဂတုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်း ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖာပွန်ခရိုင် တပ်ရင်း ၁ (တပ်ရင်း-၇၀၀၁) - Spring Warriors Column က ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။