“သူကျသွားတဲ့အချိန်မှာ ကျနော့်ကို မသေရုံတမယ် လူကို ရူးကြောင်ကြောင်ဖြစ်တဲ့အထိ နှိပ်စက်တယ်။ အချုပ်ထဲကို ရောက်သွားတဲ့အချိန်မှာ လူကလည်း ပုံမှန်မဟုတ်သလိုဖြစ်တော့ ဒီခေါင်းပေါ် ရေစက်ကျတာတွေ ဒါတွေက ပိုပြီးတော့ ဆိုးတယ်”

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာလူငယ် အတော်များများဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေထဲကို အသီးသီး ဝင်ရောက်သွားခဲ့ကြပါတယ်။

ထီးလင်းမြို့နယ်မှာနေထိုင်သူ လူငယ်တစ်ယောက်ဖြစ်တဲ့ မောင်မောင် (အမည်လွှဲ) ကလည်း စစ်အာဏာရှင်ကို တော်လှန်ဖို့ Htilin People Defense Force တပ်ဖွဲ့ထံ ဝင်ရောက်သွားခဲ့ပါတယ်။ အဲ့လိုနဲ့ မောင်မောင် (အမည်လွှဲ) ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၉ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့မှုဖြစ်ပွားနေချိန် စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။

မောင်မောင်နဲ့အတူ နောက်ထပ် တပ်ဖွဲ့ဝင် တစ်ယောက်လည်း ဖမ်းဆီးခံခဲ့ရပြီး သူတို့ ၂ယောက်ကို ဖမ်းဆီးပြီး နောက်တစ်ရက် စက်တင်ဘာ ၂၀ ရက်နေ့မှာ ပေါက် ကပစ (၂၃) စစ်ကြောရေးကို ပို့ဆောင်လိုက်ပါတယ်။ စစ်ကြောရေးကို ရောက်ရှိချိန်မှာ မောင်မောင် (အမည်လွှဲ) နဲ့ အတူပါလာတဲ့ တပ်ဖွဲ့ဝင်ကတော့ သေဆုံးသွားခဲ့ပါတယ်။

“ထိတွေ့မှုထဲမှာပဲ မိသွားတာ ကျနော် အပါအဝင် ၂ယောက်ပေါ့နော်။ ကျနော်နဲ့ အတူပါလာတဲ့ အစ်ကိုကြီးကတော့ စစ်ကြောရေးမှာပဲ ကျသွားတယ်” လို့ အကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ မောင်မောင်က မောင်းကို ပြောပါတယ်။

အဆိုပါတပ်ဖွဲ့ဝင် သေဆုံးသွားပြီးတဲ့နောက် မောင်မောင်ကို ထပ်မံစစ်ဆေးချိန်မှာတော့ မသေရုံတမယ် နှိပ်စက်ခံခဲ့ရတယ်လို့ ပြောပါတယ်။

“သူကျသွားတဲ့အချိန်မှာ ကျနော့်ကို မသေရုံတမယ် လူကို ရူးကြောင်ကြောင်ဖြစ်တဲ့အထိ နှိပ်စက်တယ်။ အချုပ်ထဲကို ရောက်သွားတဲ့အချိန်မှာ လူကလည်း ပုံမှန်မဟုတ်သလိုဖြစ်တော့ ဒီခေါင်းပေါ် ရေစက်ကျတာတွေ ဒါတွေက ပိုပြီးတော့ ဆိုးတယ်။ ကျနော့်ကို ရှေ့က အစ်ကိုက အသက်မပြည့်သေးဘူး ပြောခဲ့တော့ သေလောက်အောင်အထိ နှိပ်စက်တဲ့အထဲမှာတော့ မပါဘူး။ ဒါပေမယ့် ကျန်တဲ့ နှိပ်စက်မှုအပိုင်းတွေ၊ လူကို ရူးကြောင်ကြောင်ဖြစ်တဲ့အထိ လုပ်တာတွေ၊ ခေါင်းတွေကို ရိုက်တာတွေ၊ နံတွေကို ထိုးတာတွေ၊ အဲ့လိုတွေတော့ ရှိတယ်”

စစ်ဆေးမှုတွေ ပြုလုပ်ပြီး တစ်ပတ်အကြာမှာတော့ သူ့ကို ပေါက်မြို့နယ် ရဲစခန်းအချုပ်ထဲ ပြန်လည်ပို့ဆောင်ခဲ့ပြီး အောက်တိုဘာ ၂၆ရက်နေ့မှာတော့ ပခုက္ကူအကျဥ်းထောင်ကို ပို့ဆောင်ခံခဲ့ရပါတယ်။ ပြစ်မှုအတွက် ထောင် ၅နှစ် ချမှတ်ခံခဲ့ရပေမယ့် အကျဥ်းထောင်ထဲမှာ ၃နှစ်နဲ့ ၁၀ လသာ နေခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကြောရေးထဲမှာ တခြားဖမ်းဆီးခံရတဲ့ အမျိုးသား၊ အမျိုးသမီးတွေဟာ လိင်းပိုင်းဆိုင်ရာ အကြမ်းဖက်တဲ့အထိ နှိပ်စက်ခံရတာမျိုးတွေ ရှိတယ်လို့လည်း မောင်မောင်က ပြောပြပါတယ်။

မောင်မောင်ဟာ ၂၀၂၅ ဇူလိုင်လ ၁ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ သူလွတ်မြောက်တဲ့နေ့မှာ စုစုပေါင်း အကျဥ်းသား ၃၆ယောက် လွတ်မြောက်ခဲ့ပြီး အဲဒီထဲက ၂၁ယောက်ဟာ နိုင်ငံရေးအကျဥ်းသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

အကျဥ်းထောင်ကနေ လွှတ်မပေးခင် စစ်ကောင်စီက ထောင်တွင်းဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို တခြားသူတွေကို ပြန်မပြောဖို့နဲ့ ကောင်းကောင်းမွန်မွန် ပြန်လည်နေထိုင်ဖို့ သတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြန်လွတ်လာသူတွေထဲက တချို့ကို စစ်ကောင်စီက ထပ်မံဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

“အဲ့ထဲကနေ တော်တော်များများက အခု ပြန်ပြီးတော့ အဖမ်းခံရတယ်။ ကျနော်ကတော့ ကိုယ့်နယ်ဘက်ကို ကိုယ်ပြန်ပြီးတော့ ရှောင်လာတာပေါ့။ ကျနော့်အထင်တော့ ပြစ်ချက်ရှိပြီးသားလူတွေကို တမင်လုပ်တာလို့ ထင်တာပဲ။ သူတို့အနေနဲ့ ပိုက်ဆံလိုချင်လို့လုပ်တာ ဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ် သူတို့ ဒီစစ်မှုထမ်းအတွက် လိုလို့လုပ်တာ ဖြစ်မယ်။ ကျနော်တို့ ပခုက္ကူနယ်ထဲကဆို ပြန်မိသွားတာ ၂ယောက်တော့ ပါသွားတယ်” လို့ အကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ တော်လှန်ရေးရဲဘော် မောင်မောင်က မောင်းကို ပြောပါတယ်။

မောင်မောင်တစ်ယောက် စစ်ကြောရေးမှာ နှိပ်စက်ခံထားရတဲ့ ဒဏ်တွေကြောင့် မိုးရွာတဲ့အချိန်တွေမှာဆို တဆစ်ဆစ် ကိုက်ခဲတာမျိုးတွေ ရှိနေတုန်းပါပဲ။ လက်ရှိမှာ မောင်မောင်ဟာ လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိသွားပြီဖြစ်ပြီး ရှေ့ဆက်လုပ်ဆောင်ဖို့အတွက် စဥ်းစားနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

 

0 Shares:
You May Also Like
Read More

ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ပြီး အောင်ပွဲနှင့် ပြန်လာသည့် တနင်္သာရီ ပကဖ တပ်ဖွဲ့ဝင်များကို ပြည်သူလူထု ဂုဏ်ပြုကြိုဆို

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ကို အောင်မြင်စွာတိုက်ခိုက်ပြီး ပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို တနင်္သာရီမြို့နယ် ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
Read More

NUG ကို တရားဝင် ပြည်သူ့အစိုးရအဖြစ် ILO မှတဆင့် စတင်အသိအမှတ်ပြုမှုရရှိရေး ထိုက်သင့်သည့်အောင်မြင်မှု ရရှိနေပြီဟု ယာယီသမ္မတ ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင် ပြည်သူ့အစိုးရအဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကတဆင့် စတင်အသိအမှတ်ပြုမှုရရှိရေး ကြိုးပမ်းနေရာ ထိုက်သင့်တဲ့ အောင်မြင်မှု ရရှိနေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ၂ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၂ နှစ်အရွယ် ကလေးငယ် တစ်ယောက် သေဆံဒးခဲ့ပြီး ပြည်သူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မုံရွာမှာ လုံခြုံရေးယူနေတဲ့ ရဲနဲ့ စစ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က ၆ ယောက်သေပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လုံခြုံရေးယူနေတဲ့ ရဲ ၂ ယောက်နဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်ရှင်းလင်းရာ ရဲနဲ့ စစ်သား ၆ ယောက်​သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေး အဖွဲ့ ( မြို့နယ် ပ.လ.ဖ) က ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်း စစ်အုပ်စုစစ်ကြောင်း ရွာ ၆ ရွာမှ နေအိမ် ၄၃၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၉ ဦးကို မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်တပ်နဲ့ ပျူစောထီးတွေပေါင်းပြီး စစ်ကြောင်းထိုးနေရာ ကျေးရွာ ၆ ရွာက နေအိမ် ၄၃၀ ကျော် ဖျက်ဆီးခံခဲ့ရပြီး ပြည်သူ ၉ ယောက်ကိုလည်း မီးရှို့သတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မင်းမော်ကွန်းပါ၀င်ထားတဲ့ ဖြတ် တော်လှန်ရုပ်ရှင် နယူးယောက်မှာ ရုံတင်ပြသမယ်

တော်လှန်အနုပညာရှင် မင်းမော်ကွန်းပါ၀င်ထားတဲ့ ဖြတ် တော်လှန်ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရုပ်တင်ပြသတော့မှာဖြစ်ပါတယ်။