ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ၁၀၂၇ အပိုင်း (၂) စစ်ဆင်ရေးအတွင်း အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီလိုသိမ်းပိုက်ခဲ့အပြီး တစ်နှစ်ခန့်အကြာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေက နောင်ချိုကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ ဓာတ်ပုံနဲ့တကွ ဝေဝေဆာဆာဖော်ပြလာကြပါတယ်။ 

TNLA အနေနဲ့ နောင်ချိုမြို့ကို  လက်လွှတ်ခဲ့ရအပြီး၊ ဒီလိုမြို့ကို လက်လွှတ်စေခဲ့ရတဲ့ အကြောင်းအရင်းများစွာမှာ အတူလက်တွဲတိုက်ခိုက်ခဲ့တဲ့ တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့ အချင်းချင်းကြား ယုံကြည်မှု ကျဆင်းသွားတာဟာ အဓိကအချက်အနေနဲ့ ပါဝင်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့များ အချင်းချင်းစည်းလုံးကြဖို့ အချိန်တန်ပြီဖြစ်ကြောင်း   ဝေဖန်ထောက်ပြမှုတွေ ရှိလာပါတယ်။ 

ဒါနဲ့ပတ်သက်ပြီး ဥပဒေအထောက်အကူပြုကွန်ရက် (Legal Action Network) ကလည်း အခုလို နောင်ချိုမြို့ကို ပြန်လည်လက်လွှတ်လိုက်ရတာဟာ (၁) တိုင်းရင်းသား မဟာမိတ် အဖွဲ့အစည်းတွေနဲ့ လက်တွဲတိုက်ပွဲဝင်မှု ကျဆင်းသွားခြင်း၊ (၂) သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေကို TNLA က မိမိပိုင်နက်နယ်မြေမျိုး သတ်မှတ်အုပ်ချုပ်တာအပြင် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဆောင်ဖို့ ဖိတ်ခေါ်ခြင်း၊ (၃) ဒေသခံလူထု ထောက်ခံမှု မရခြင်း နဲ့ (၄) စစ်ကောင်စီက သာလွန်အင်အား၊ လက်နက်တွေကို အသုံးပြုလာခြင်းတို့ကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။ 

ဒီလို နောင်ချိုမြို့ ကျဆုံးသွားကို သင်ခန်းစာယူပြီး အကြုံပြုထားတာတွေကိုလည်း ကြားကာလ ဒါမှမဟုတ် အသွင်ကူးပြောင်းရေးကာလရဲ့ အခြေခံ ဖွဲ့စည်းပုံဥပဒေနဲ့ ဆက်စပ်ရေးဆွဲထားတဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွေမှာ ထည့်သွင်းကျင့်သုံးသင့်ကြောင်း၊ ဥပဒေစိုးမိုးရေးအခြေခံမှ နိုင်ငံရေးလမ်းကြောင်းကို အခြားနိုင်ငံရေး အင်အားစုတွေ၊ ခုခံစစ်ဆင် အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအင်အားစုတွေ၊ လူထုအသင်းအဖွဲ့တွေ (CSOs) တွေနဲ့အတူ လက်တွဲပြီး လျှောက်လှမ်းသင့်တယ်လို့ ဥပဒေအထောက်အကူပြုကွန်ရက် (Legal Action Network) က ၄င်းတို့ရဲ့ထုတ်ပြန်ချက်မှာ အကြံပြုပြောဆိုထားပါတယ်။ 

အလားတူ နောင်ချိုမြို့ကျဆုံးခြင်းဟာ တော်လှန်ရေးမှာ ပြုပြင်စရာတွေ များနေကြောင်း အချက်ပေး‌ ခေါင်းလောင်းသံ ဖြစ်နေမလားဆိုတဲ့ မေးခွန်းထုတ်စရာတွေ ပေါ်ပေါက်လို့လာပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နွေဦးတော်လှန်ရေးမှာ ထင်ရှားသူတစ်ယောက်ဖြစ်တဲ့ ကိုတေဇာစန်းက တော်လှန်ရေးကို ဦးဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပြုပြင်ပြောင်းလဲရေးတွေ ထိထိရောက်ရောက် လုပ်ဆောင်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်မှာ အကြံပြုစာ ရေးသားမျှဝေလာခဲ့ပါတယ်။ 

“NUG အနေနဲ့ အခုထိ ဒီပြန့်ကျဲနေတဲ့ တိုက်ခိုက်ရေး အင်အားတွေကို စနစ်ကျ မှန်ကန်သော ဆင့်ကဲကွပ်ကဲအုပ်ချုပ် ထောက်ပံ့မှုစနစ် (Chain of Command) မတည်ဆောက်နိုင်သေးပါဘူး။ အခုချိန်ထိ အများစုသော PDF ပကဖ တွေဟာ တကယ်စစ်တိုက်လို့ရတဲ့ “တပ်” ဖြစ်မနေဘဲ “လက်နက်ကိုင်ထားတဲ့ လူအုပ်ကြီး”သာဖြစ်နေပါတယ်။ ပြန့်ကျဲနေတဲ့ ဒီတိုက်ခိုက်ရေးအင်အား “အရေအတွက်”တွေကို စနစ်တကျ မစုစည်းနိုင်တဲ့အခါ “အရည်အသွေး”လည်း တက်မလာတော့ပါဘူး။ ပိုဆိုးတာကတော့ “တပ် တည်ဆောက်ရေး” ကို လက်တွေ့ကျကျ မလုပ်နိုင်တဲ့အခါ နဂိုက မိမိအားသာချက်ဖြစ်တဲ့ ရှိရင်းစွဲ “အရေအတွက်” တောင်တဖြည်းဖြည်းနဲ့ လုံးပါး ပါးလိုက်လာ၊ ကျဆင်းလာပါတော့တယ်။ ဒါက စစ်ရေးတိုက်ပွဲမျက်နှာစာအတွက် အလွန်ကြီးမားတဲ့ စိန်ခေါ်ချက်ကြီးပါ” လို့ ကိုတေဇာစန်းက ထောက်ပြထားပါတယ်။ 

ဒီအကြံပြုချက်အပေါ်မှာလည်း ထောက်ခံသူတွေရှိသလို ဝေဖန်သူတွေလည်း ဒုနဲ့ဒေးပါပဲ။ 

ဒါပေမယ့် NUG အနေနဲ့ မြေပြင်မှာ အမှန်တကယ် စစ်တိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့အားလုံးနဲ့ ကောင်းမွန်တဲ့ မဟာမိတ်ဆက်ဆံရေးတစ်ရပ် ရရှိအောင် မလုပ်ဆောင်နိုင်သေးတာ၊  တော်လှန်ရေးအစိုးရအနေနဲ့ လေးနှစ်ကျော်ကြာလာတဲ့အထိ စုစည်းတဲ့ စစ်တပ်တစ်ခုကို မတည်ဆောက်နိုင်သေးတာ စတာတွေကလည်း လက်မခံချင်စရာဖြစ်ပေမယ့်လည်း လက်တွေ့အခြေအနေကိုတော့ လက်ခံရမှာပဲ ဖြစ်ပါတယ်။

နောင်ချိုမြို့ စစ်ကောင်စီလက်ထဲ ပြန်မရောက်ခင်ကာလတွေမှာလည်း မြို့သိမ်းတိုက်ပွဲတွေကို အတူတူဆင်နွှဲခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကြား ပွတ်တိုက်မှုတွေ ရှိနေကြောင်း သတင်းတွေ အလီလီထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုကိစ္စတွေမှာ တော်လှန်ရေးတပ်ဦးသဖွယ်ရှိတဲ့ NUG အနေနဲ့ စေ့စပ်ညှို့နှိုင်းအဖြေရှာတာတွေ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ဘူးလို့ နိုင်ငံရေးလေ့လာသူ ရှေ့နေ ဦးကြီးမြင့်က ဆိုပါတယ်။ 

“တကယ်ကျတော့ NUG က ဘာမှထိထိရောက်ရောက် မကူညီနိုင်ဘူး။ တိုင်းရင်းသားဒေသတွေမှာ တကယ်အခက်အခဲရှိလာတော့လည်း NUG က ဘာမှမကူညီနိုင်ပါဘူး။ မတ္တရာတို့၊ စဉ့်ကူးတို့တွေကို ရထားတာ မန်းလေး PDF က ညီနောင်သုံးဖော်ရဲ့ တိုက်ပွဲကြီးတွေနဲ့ ပူးပေါင်းပါဝင်တိုက်ခိုက်ပြီး ရထားတာလေ” 

“တဖက်က စစ်သဘောတရားအရ ပြန်ကြည့်ရင်လည်း ခံစစ်လို နေလို့မရဘူး။ လှုပ်ရှားစစ်ရှိနေရမှာ၊  ပြီးတော့ အဲ့နားတခွင်ကြည့်လိုက်ရင် အားလုံးက ငြိမ်နေပြီး TNLA တစ်ခုပဲ ခံတိုက်နေရတာ… အဲ့လိုဆိုတော့ စစ်ကောင်စီက ဖိတိုက်တာပေါ့။ ပြောရရင်တော့ ဘက်ပေါင်းစုံကနေ အကြောင်းအရာတွေ အများကြီးပါပဲ” လို့ ဦးကြီးမြင့်က ဆိုပါတယ်။ 

အခုလို NUG အပေါ် ဝေဖန်မှုများရှိသလို၊ နောင်ချိုကျဆုံးမှုဟာ ဒေသတွင်း မဟာမိတ်ဆက်ဆံရေး ပျက်ပြားမှုကလည်း အဓိကနေရာက ပါဝင်တယ်လို့ ဆိုကြပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းမြောက်က မြို့တွေကို သိမ်းပိုက်ခဲ့အပြီး TNLA အနေနဲ့ ကာလကြာမြင့်စွာကတည်းက ရှမ်းမြောက်ဒေသမှာ ရှိနေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်တော် SSPP/ SSA တို့အကြား တင်းမာမှုတွေ ကြီးထွားလာခဲ့ပါတယ်။ ယခင် Federated Shan State အထိုင်ဖြစ်တဲ့ ပူးတွဲအုပ်ချုပ်ခဲ့တဲ့ဒေသတွေမှာ TNLA ရဲ့ အုပ်ချုပ်ရေးဖော်ဆောင်မှုတွေက  ရှမ်းမြောက်တော်လှန်ရေးအဖွဲ့များအကြား ပွတ်တိုက်မှုကို ပြင်းစွာဖြစ်စေခဲ့တယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။ 

အခြားတစ်ဖက်မှာလည်း တရုတ်ရဲ့ဖိအား မပြင်းထန်နေသေးတဲ့ အချိန်တွေမှာ ရှမ်းမြောက်ကို ပြန်လည်ထိုးစစ်ဆင်လာနိုင်တဲ့ တောင်ခမ်းဒေသလိုမျိုး ဝင်ပေါက်ကို TNLA အနေနဲ့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေနဲ့အတူ အပြီးသတ်သိမ်းယူဖို့ကို အားစိုက်သင့်ခဲ့ပေမဲ့၊ စစ်တပ်ဆီက သိမ်းယူရရှိထားတဲ့ နယ်မြေတွေကို အခိုင်အမာ စုစည်းထားနိုင်ရေးကိုပဲ ဦးစားပေးခဲ့တာတွေ့တယ်။ အထူးသဖြင့် ဆက်လက်ထိုးစစ်ဆင်နိုင်သေးတဲ့ အခြေအနေမျိုးမှာ သိမ်းပိုက်နယ်မြေတွေကိုသာ တပ်အင်အားများ ဖြည့်တင်းပြီး အုပ်ချုပ်ရေးဖော်ဆောင်ခဲ့တာဟာ အားပြတ်နေပြီဖြစ်တဲ့ စစ်တပ်ကို အားဆေးကျွေးလိုက်ခြင်းဖြစ်တယ်၊ ဒါ့အပြင် ဒီဒေသတွေမှာ တစ်ဖွဲ့တည်း အုပ်ချုပ်ရေး ဖော်ဆောင်ခဲ့တာကလည်း ရှိရင်းစွဲ မဟာမိတ်ဆက်ဆံရေးကို ပျက်ပြားစေခဲ့တာဖြစ်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

နောင်ချိုမြို့ပေါ် ပြန်လည်ရောက်ရှိလာသည့် အကြမ်းဖက်စစ်သားများ

တဖက်မှာလည်း ဒါဟာ TNLA တစ်ဖွဲ့ထဲကို အပြစ်တင်တာ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။ တရုတ်ရဲ့ ပြည်တွင်းရေးဝင်ရောက်စွက်ဖွက်မှုကြောင့် စစ်ကောင်စီဟာ ရှမ်းမြောက်မှာ စစ်ရေးဖိအားတွေ လျော့ကျသွားခဲ့ပြီး၊ မရှေးမနှောင်း လားရှိုးမြို့ကို ပြန်လည်ရရှိသွားသလို စစ်အင်အား၊ စစ်လက်နက်နဲ့ နည်းပညာတွေကို ပြန်လည်ဖြည့်ဆည်းနိုင်ဖို့ အခွင့်လမ်းကောင်းတွေ ရရှိသွားတာလည်းဖြစ်ပါတယ်။ ဒါကို စစ်ကောင်စီ ဒုချုပ်စိုးဝင်းရဲ့ နောင်ချိုမြို့ကို စစ်အင်အား၊ ခေတ်မှီလက်နက်အင်အားတွေ အဆမတန်သုံးပြီး သိမ်းပိုက်ခဲ့တယ်ဆိုတဲ့ ပြောကြားချက်မှာ တွေ့မြင်နိုင်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကြောင့် စိတ်ဓတ်ပျက်ပြားခဲ့တဲ့ စစ်တပ်ဟာ တပ်တွင်းက သူ့ရဲ့ရဲဘော်တွေကို စိတ်မြှင့်တင်ဖို့နဲ့ သိက္ခာဆယ်ဖို့ လူသူလက်နက် အဆမတန် အင်အားသုံးပြီး တိုက်ခိုက်လာချိန်မှာ  TNLA အနေနဲ့ တစ်ဖွဲ့ထဲ ခုခံဖို့ဆိုတာ မလွယ်ကူလောက်ဘူးလို့ ဆိုကြတာပါ။

နောင်ချိုအပြီးမှာတော့ သီပေါ၊ ကျောက်မဲ နဲ့ မိုးကုတ်မြို့တွေဟာ စစ်ကောင်စီရဲ့ နောက်ထပ်ပစ်မှတ် ဖြစ်လာနိုင်သလို၊ ဒါတွေဟာ တရုတ်-မြန်မာကုန်သွယ်ရေးလမ်းကြောင်းအတွက်ပါ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

မည်သို့ပင်ဖြစ်စေ နောင်ချိုကဲ့သို့သော ဗျူဟာကျတဲ့ မြို့တစ်မြို့ကျဆုံးသွားခြင်းဟာ လက်ရှိနွေဦးတော်လှန်ရေးအတွက် အချက်ပေးခေါင်းလောင်းသံ ဆိုတာကတော့ အသေအချာပါ။

နောင်ချိုကျဆုံးမှုမှာ ကျိုးကြောင်းဆီလျှော်တဲ့ အကြောင်းပြချက် များစွာနိုင်ပေမဲ့၊ တော်လှန်ရေးတပ်တွေ ဗျူဟာကျတဲ့ မဟာမိတ်ဆက်ဆံရေး ပျက်ပြားခြင်း (သို့) မတည်ဆောက်နိုင်ခြင်းက အဓိကကျမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဒါကို မပြင်ဆင်နိုင်ဘူးဆိုရင်  စစ်တပ်ကို နိုင်ငံရေးနဲ့ သံတမန်ရေးမှာ ပြန်လည်ခေါင်းထောင်ဖို့ အခွင့်သာ သွားစေမှာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီအခြေအနေတွေကို အချိန်မီ ပြင်ဆင်ဖို့ဆိုရင် အပြန်အလှန် အာမခံမှုရှိတဲ့ မဟာမိတ်ဆက်ဆံရေး အပါအဝင်၊ တော်လှန်ရေးကို ဦးဆောင်နေတဲ့အဖွဲ့များအနေနဲ့ ထိရောက်တဲ့ ဗျူဟာကျ ပြုပြင်ပြောင်းလဲမှုတွေကို အမြန်ဆုံး လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက အကြံပြုပြောဆိုနေကြပါတယ်။

 

0 Shares:
You May Also Like
Read More

အပြန်အလှန်ထိုးစစ်တွေနဲ့ စစ်ရေးအခြေအနေ တင်းမာနေဆဲ မန္တလေးအနီးက မတ္တရာ

မန္တလေး PDF ကစိုးမိုးထိန်းချုပ်ထားတဲ့ မတ္တရာ အနောက်မြောက်ခြမ်းရှိ မြို့နယ်တွေမှာ စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ လက်ရှိအချိန်မှာ ပြန်လည်ဖြစ်ပွားလျက်ရှိပါတယ်။
Read More

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လာမယ့်လမှာ CI စင်တာ ဖွင့်လှစ်မယ်

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေကို သက်သေခံအချက်အလက်တွေ ထုတ်ပေးဖို့နဲ့ စီးပွားရေးတည်ငြိမ်မှုအတွက် ရည်ရွယ်ပြီး အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ထိုင်းနိုင်ငံ စမွတ်စခွန်မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စင်တာအသစ်တစ်ခုကို နိုဝင်ဘာလမှာ ဖွင့်လှစ်သွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Read More

၂၀၂၄ ခုနှစ်အတွင်း အပူရုပ်နှင့် ဟန်လုပ်ပြောခဲ့သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နှုတ်ထွက်မိန့်ခွန်းများ

မကြာခင် အချိန်ပိုင်းအတွင်းမှာ ကုန်ဆုံးတော့မယ့် ၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ  တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဖြေရှင်းလိုကြောင်း ၅ ကြိမ်ထက်မနည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 
Read More

တစ်နိုင်ငံလုံးကို စစ်ထောင်ချလိုက်တာ … စစ်မှုထမ်း မတရားဥပဒေနဲ့ သူတို့ အသက်ဆက်ဖို့ကြံတာ

စစ်ကောင်စီဟာ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း အရွယ်ရောက်ပြီးသား မြန်မာနိုင်ငံသားအားလုံး စစ်မှုထမ်းဆောင်ရမယ်ဆိုတဲ့ မတရားဥပဒေတစ်ခုကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ပြဋ္ဌာန်းအသက်သွင်းခဲ့တာဟာ စစ်မှုထမ်း အပတ်စဉ် (၉) အထိကို ရောက်ရှိလာခဲ့ပါပြီ။ 
Read More

မင်းအောင်လှိုင် နှင့်သူ၏ တောင်စဥ်ရေမရ စီမံကိန်းများ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လက်တွေ့ ဖြစ်နိုင်ခြင်းမရှိတဲ့ စီမံကိန်းတွေ လုပ်ဆောင်ဖို့ မကြာခဏ တွန်းအားပေး ပြောဆိုလေ့ရှိပါတယ်။ 
Read More

စစ်ကောင်စီကို အရှိုက်ထိစေခဲ့တဲ့ စစ်ကြောင်းလိုက် ဖွဲ့စည်းပုံပျက်အောင် တိုက်ခိုက်ချေမှုန်းမှုများ

ပြီးခဲ့တဲ့ ၅ လကျော် ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အားရာချီ ပါဝင်တဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှု ၄ ကြိမ်အထိ ရှိခဲ့ပြီး စစ်ကြောင်းတစ်ခုလုံး ပြုတ်တဲ့အထိ တိုက်ခိုက်ချေမှုန်းနိုင်မှုတွေ ရှိခဲ့ပါတယ်။