မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ စစ်တပ်လက်အောက်ခံ အခြေခံပညာကျောင်းတွေဆီ ကလေးမိဘတွေ ကျောင်းမအပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက လုပ်ဆောင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ကျေးရွာ ၅ ရွာကို မြို့အဝင်အထွက် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

အခုလို လုပ်ဆောင်တာဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တားမြစ်ချက်အပြီး စစ်ကောင်စီဘက်က တုံ့ပြန်လုပ်ဆောင်တာလို့လည်း ဂန့်ဂေါမြို့နယ် CDM ပညာရေးအသိုင်းအဝိုင်းက မောင်းသတင်းဌာနကို ပြောပါတယ်။

ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တော်လှန်ရေးစိုးမိုးနယ်မြေတွေကနေ ဂန့်ဂေါမြို့ပေါ် အခြေခံပညာကျောင်းတွေဆီ သွားရောက်ကျောင်းအပ်နှံရာမှာ  ကလေးမိဘတွေအနေနဲ့ မြို့နဲ့ရွာကြား အပြန်အလှန် ကူးလူးဆက်သွယ် လုပ်ဆောင်ရတာကြောင့် လုံခြုံရေးကျိုးပေါက်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုထားပါတယ်။

ဒါ့ကြောင့် တော်လှန်ရေးစိုးမိုးနယ်မြေမှာ နေထိုင်သူတွေအနေနဲ့ မြို့ပေါ် စကစလက်အောက်ခံ ကျောင်းတွေကို မထားကြဖို့၊ ကျောင်းထားချင်ရင်လည်း ကျေးရွာကနေ မိသားစုလိုက်ပါ ပြောင်းရွှေ့ကြဖို့၊  ကျောင်းသားကျောင်းသူ ၁ယောက်တည်း သွားတက်မယ်ဆိုရင်လည်း ကျောင်းစာသင်နှစ်ပြီးဆုံးချိန်အထိ ပြန်မလာဖို့နဲ့ ကူးလူးဆက်သွယ်သွားလာမျိုးမလုပ်ဖို့ တားမြစ်လိုက်တာလို့ သိရပါတယ်။

“မြို့နယ်ပအဖ အဓိကတားမြစ်ရတဲ့ အကြောင်းအရင်းက မြို့ပေါ်မှာ ကျောင်းသွားတက်ရင် ရွာရဲ့လုံခြုံရေး ကျိုးပေါက်မယ်။ အဲ့အတွက် မြို့ပေါ်ကျောင်း သွားထားတာ ထားလို့ရတယ်၊ ဒါပေမယ့် မိဘရော ကလေးရော မြို့ပေါ်မှာပဲနေကြဖို့၊ ရွာနဲ့အဆက်အသွယ်လုပ်ရင် လုံခြုံရေးစည်းပေါက်တဲ့အတွက် တားမြစ်တဲ့သဘော ဖြစ်ပါမယ်” လို့ ဂန့်ဂေါမြို့နယ် CDM ပညာရေးဝန်ထမ်း ၁ ယောက်က မောင်းကိုပြောပါတယ်။

ဒီထုတ်ပြန်ချက်အပြီး စစ်ကောင်စီက ဂန့်ဂေါမြို့နယ်အတွင်းမှာရှိတဲ့ အနောက်ဂန့်ဂေါ၊ ရှုံးရှီ၊ လုံဟော၊ ဇဟောနဲ့ ခေါက်ခူ ကျေးရွာ ၅ရွာကို ဂန့်ဂေါမြို့ပေါ် ဝင်ထွက်သွားလာခွင့် ပိတ်ပင်လိုက်ပြီး စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာရှိတဲ့ အခြေခံပညာကျောင်းတွေဆီ ကလေးတွေ ကျောင်းလာမတက်မချင်း အမိန့် အတည်ဖြစ်တယ်လို့ ညွှန်ကြားထားပါတယ်။

စစ်ကောင်စီကတော့ ဂန့်ဂေါမြို့နယ် ပအဖအနေနဲ့ ဂန့်ဂေါမြို့နဲ့ အနီးတဝိုက်ကျေးရွာတွေကို စစ်တပ်လက်အောက်ခံကျောင်းတွေ မတက်ရောက်ဖို့ နှောင့်ယှက်ဟန့်တားနေတဲ့အတွက် ဒီလိုမျိုးဟန့်တားမှုကို အဓိကလုပ်ဆောင်နေတဲ့ အထက်ပါကျေးရွာ ၅ ရွာက အရပ်သားတွေကို ဘယ်လိုအရေးကိစ္စနဲ့မဆို မြို့ပေါ် ဝင်ထွက်သွားလာတာမျိုး မလုပ်ကြဖို့ တားမြစ်လိုက်တာလို့ ဆိုပါတယ်။

“သူတို့ (စကစ) ဆီ ကျောင်းလာထားတဲ့သူတွေကို တားမြစ်တာ ဒီရွာ၅ရွာက ဆိုပြီး မြို့ပေါ် ဝင်ထွက်ခွင့်ပိတ်လိုက်တာဖြစ်မယ်” လို့ ဂန့်ဂေါမြို့နယ် CDM ပညာရေးဝန်ထမ်း ၁ယောက်က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ဂန့်ဂေါမြို့နယ်၊ အောင်မြင် (ခေါ်) ရှောက်ပင်ရွာမှာ စစ်ကောင်စီတပ်တွေ အထိုင်ချခဲ့တာကြောင့် အဆိုပါ ကျေးရွာနဲ့ ၅မိုင်ပတ်လည်က အရပ်သားတွေဟာ မြို့ပေါ် စစ်အုပ်စုလက်အောက်ခံ ကျောင်းတွေဆီ ပို့ဆောင်အပ်နှံမှုများခဲ့ကြတယ်လို့လည်း သိရပါတယ်။

“ကလေးတွေကို သူတို့ဖွင့်တဲ့ကျောင်းမှာ မတက်ခိုင်းတာနဲ့ပဲ သူတို့ထိန်းချုပ်ထားတဲ့ မြို့ပေါ်ကို မည့်သည့်အရေးကိစ္စနဲ့မှ သွားလာခွင့်မပြုနိုင်ဘူးဆိုတော့ သက်သက်အကြပ်ကိုင်တာပါပဲ။ အဲ့ဒီရွာတွေက ပြည်သူတွေရဲ့ ကျန်းမားရေးကိစ္စတွေဘာတွေ ထိခိုက်လာနိုင်ပါတယ်” လို့လည်း ဂန့်ဂေါဒေသခံ ၁ယောက်က မောင်းကို ပြောပါတယ်။

ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ ပညာသင်နှစ်တွေအတွင်း ဂန့်ဂေါမြို့နယ် တော်လှန်ရေးထိန်းချုပ်နယ်မြေအတွင်းက ပြည်သူအခြေပြုကြားကာလ စာသင်ကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူ (၁၇၀၀၀) နီးပါး တက်ရောက်ပညာသင်ကြားခဲ့ပြီး ပဉ္စမမြောက်ပညာသင်နှစ်အတွက်လည်း ပြင်ဆင်နေတယ်လို့သိရပါတယ်။

0 Shares:
You May Also Like
Read More

ဘုတလင်မှာ စစ်တပ်က ရွာတွေကို မီးဝင်ရှို့ပြီး ဓားစာခံ ဖမ်းဆီးမှုတွေ လုပ်နေလို့ အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းဖြတ်တိုက်ခံထားရတဲ့ စီပါကျေးရွာအပါအဝင် အနီးအနားကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး အရပ်သားတွေလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ၏ ဆေးခန်းတာဝန်ခံ ကျဆုံး

ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ - Karenni Mobile Health Committee (KnMHC) ရဲ့ ဆေးခန်းတာဝန်ခံ (Clinic In-Charge) တစ်ယောက်ဖြစ်သူ အသက် ၂၆ နှစ်အရွယ် Soe Reh ဟာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမှာ အရပ်သားလူငယ်တစ်ယောက် PDF ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး အသတ်ခံရ၊ မြို့ပေါ်မှာ လူသတ်၊ ဓားပြတိုက်၊ အနုကြမ်းစီးတာတွေ ပိုပိုများလာလို့ မြို့ခံတွေထိတ်လန့်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ်ရပ်ကွက်တွေမှာ လူသတ်၊ ဓားပြတိုက်၊ အနုကြမ်းစီးမှုတွေ ပိုမိိုဆိုးရွားလာပြီး အရပ်သားလူငယ်တစ်ယောက်ကိုလည်း အကြမ်းဖက်စစ်အုပ်စုက PDF အဖြစ် စွပ်စွဲသတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

PRA -Magway ၏ ၄လတာ စစ်ရေးဖော်ဆောင်မှုတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်ရှိသူအပါ ၆၀ ကျော် သေဆုံး၊ ၁၈ ဦး ဖမ်းမိခဲ့

ဇန်နဝါရီလကနေ ဧပြီလအတွင်း ဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးသီဟအောင် အပါအဝင် သေဆုံးသူ ၆၀ ကျော်အထိရှိခဲ့ပြီး ဗိုလ်ကြီး အောင်ငြိမ်းချမ်း၊ ဗိုလ်ကြီး တင်ကိုထက်အပါအဝင် စစ်သုံ့ပန်း ၁၈ယောက်အထိ ဖမ်းဆီးရမိခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတိအင်အားစု PRA - Magway တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

သန်းခေါင်စာရင်းကောက်ဖို့ လုံးပန်းနေတဲ့ ပျူခေါင်းဆောင်တစ်ဖြစ်လဲ အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရချိန် သေနတ်လုလို့ ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္ထရာမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ဖို့ လုံးပန်းနေတဲ့ နန်ကြူရွာ၊ အုပ်ချုပ်ရေးမှူးဆိုသူကို ဖမ်းဆီးလာရင်း သေနတ်လုဖို့ကြိုးစားတာကြော င့်နေရာတင်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူထံက သိရပါတယ်။ အောက်တိုဘာ ၁ရက်၊ ညပိုင်းက စေတုတ္ထရာမြို့နယ်၊…
Read More

မွန်လူငယ်တွေ စစ်အာဏာရှင်တိုက်ဖျက်ရေးမှာ ပါဝင်ဖို့ မွန်ပြည်သစ်ပါတီက ဖိတ်ခေါ်

စစ်အာဏာရှင်ကို အမျိုးသားဘုံရန်သူအဖြစ်သတ်မှတ်ပြီး စစ်အာဏာရှင်တိုက်ခိုက်ရေးမှာ ပါဝင်ဖို့ မွန်လူငယ်တွေကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) က ဖိတ်ခေါ်လိုက်ပါတယ်။