မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်ကနေ ဆိုင်ကယ်နဲ့ပြန်လာတဲ့ Generation Z Army (GZA) စစ်ဦးစီးချုပ် အပါအဝင် တပ်ဖွဲ့ဝင် ၅ယောက်နဲ့ YDF တပ်ဖွဲ့ဝင် ၂ယောက် လုပ်ကြံခံခဲ့ရတယ်လို့ Generation Z Army (GZA) က ဇူလိုင်လ ၁၆ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၅ရက် နေ့လယ် ၂နာရီ ၅၀ မိနစ်ခန့်မှာ GZA ရဲ့ စစ်ဦးစီးချုပ်၊ ဗဟိုစစ်ရုံးချုပ် – ကိုယ်ရေးအရာရှိ ၁ယောက်၊ အမှတ် -၂ တပ်ရင်းက တပ်ရင်းမှူး ၁ယောက်၊ ဆေးသူနာပြု ၂ယောက်အပြင် ယောကာကွယ်ရေးတပ် YDF ရဲ့ လုံခြုံရေးတပ်မှူး ၁ယောက်နဲ့ လုံခြုံရေးတပ်သား ၁ယောက်၊ စုစုပေါင်း ၇ယောက်ဟာ ဂန့်ဂေါခရိုင်၊ ကန်စွန်းထောင့်ရွာနဲ့ ယင်းမာကျေးရွာကြားမှာ လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ နေရာဟာ ဂန့်ဂေါခရိုင် တပ်ရင်း (၁၀) တပ်ခွဲ (၇) စခန်းအနီးမှာ ရှိတာဖြစ်ပြီး ဂန့်ဂေါခရိုင်တပ်ရင်း ယူနီဖောင်း ဝတ်ဆင်ထားသူ လူအင်အား ၂၃ယောက်ခန့်ဟာ လုပ်ကြံမှုကို ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လုပ်ကြံခံရမှုအတွင်း GZA ရဲ့ စစ်ဦးစီးချုပ် ကိုအောင်ကျော်မျိုးထက်နဲ့ ဆေးသူနာပြု-၁ ဟာ အသက်ဘေးက လွတ်မြောက်ခဲ့ပြီး ဆေးသူနာပြု-၂ ကတော့ ဆိုင်ကယ်ပေါ်ကနေ ပြုတ်ကျပြီး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတယ်လို့ သိရပါတယ်။ GZA ရဲ့ ဗဟိုစစ်ရုံးချုပ် – ကိုယ်ရေးအရာရှိ ကိုပါကြီးနဲ့ အမှတ်-၂ တပ်ရင်းရဲ့ တပ်ရင်းမှူး ကိုဘီလူးတို့ကလည်း လုပ်ကြံသူတွေကို ပြန်လည်ခုခံရင်း ဒဏ်ရာအပြင်းအထန်ရကာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားစဥ် ကိုပါကြီးနဲ့ ကိုဘီလူးတို့ကို ညှင်းပန်းနှိပ်စက်တာ လက်လွန်သွားတာကြောင့် စခန်းထဲရှိ သူတို့ရဲ့ ဆေးမှူးနဲ့ ဦးစွာ ဆေးကုသမှုလုပ်ပြီးနောက် ဒဏ်ရာပြင်းထန်တာကြောင့် ကန်စွန်းထောင်းရွာရှိ ရပ်ကျေးဆေးမှူးထံ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

လူနာတွေ ဒဏ်ရာပြင်းထန်တာကြောင့် ကန်စွန်းထောင်းရွာ ရပ်ကျေးဆေးမှူးကနေ တိုက်နယ်ဆေးမှူးထံ လွှဲပြောင်းဖို့ ကြိုးစားချိန် ည ၇နာရီလောက်မှာ GZA ရဲ့ လုံခြုံရေးတပ်သား အင်အား ၂၀ ဝန်းကျင်က ကိုပါကြီးနဲ့ ကိုဘီလူးကို လမ်းမှာ ကြားဖြတ်ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒဏ်ရာက ပြင်းထန်တော့ သူတို့ မနိုင်တော့ တခြားဆေးခန်းကို ကားတစ်စီးနဲ့ လွှဲတဲ့အချိန် ကျနော်တို့က လမ်းတဝက်မှာ ဖြတ်ခေါ်ထားလိုက်ပါတယ်။ ဖမ်းခံထားရတဲ့ ဆေးသူနာပြု ၁ဦးလည်း ပြန်မလွတ်သေးဘူး။ နောက်ပြီး သူတို့ဘက်က ညှိနှိုင်းဖို့ခေါ်လို့ ရဲဘော် ၆ဦးသွားတာ.. အဲဒီ ရဲဘော် ၆ဦးကိုပါ ထပ်ဖမ်းထားတယ်” လို့ လုပ်ကြံခံရသူတွေထဲ ပါဝင်တဲ့ GZA အဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

ပြန်လည်ကယ်ထုတ်ထားနိုင်ခဲ့တဲ့ ဗဟိုစစ်ရုံးချုပ် ကိုယ်ရေးအရာရှိ ကိုပါကြီးဟာ ဦးခေါင်း၊ ရင်ဘတ်၊ လက်နဲ့ ပေါင်တွေကို ထိမှန်ထားတာကြောင့် အသက်အန္တရာယ် စိုးရိမ်ရပြီး ကိုဘီလူးကတော့ ပေါင်မှာ ထိမှန်ထားကာ စိုးရိမ်ရတဲ့အခြေအနေ မဟုတ်ပေမယ့် နာတာရှည်ဝေဒနာ ခံစားရမှာကို စိုးရိမ်နေရတယ်လို့ သိရပါတယ်။

ဖမ်းဆီးထားချိန်တုန်းက ကိုပါကြီးနဲ့ ကိုဘီလူးကို အခင်းဖြစ်ပွားရာနေရာမှာ သတ်ဖို့လုပ်ခဲ့ပေမယ့် ယောကာကွယ်ရေးတပ် (YDF) ကို ပုန်ကန်သူ တပ်မှူး ကိုစန်းကိုဦးက တားမြစ်လိုက်တဲ့အတွက် အသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်လို့ GZA ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

“ပထမတော့ ဘီလူးကို ပစ်သတ်မလို့ပါ။ စန်းကိုဦးနဲ့ တပ်ခွဲမှူးက ရောက်လာတော့ သတ်စရာမလိုဘူးဆိုပြီးတော့ တားလိုက်တာပါ။ အခု လုပ်ကြံသူတွေက YDF ကို သစ္စာဖောက်သွားတဲ့သူတွေ။ ပြီးတော့ ကျန်ခဲ့တဲ့သူတွေကို လိုက်ပြီးတော့ အမြဲလုပ်ကြံတဲ့သူတွေပါ။ YDF ရဲ့ စစ်ဦးချုပ်ကိုရော၊ GZA ရဲ့ စစ်ဦးချုပ်ကိုရော လုပ်ကြံဖို့က လွန်ခဲ့တဲ့ ၂လလောက်ကတည်းက ကြံစည်နေကြတာပါ” လို့ အထက်ပါ GZA တပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

လုပ်ကြံသူတွေထဲမှာ ယောကာကွယ်ရေးတပ် YDF ရဲ့ အမှတ်-၁ အကျဥ်းထောင်ဌာနကနေ ထောင်ဖောက်ထွက်ပြေးသွားတဲ့ ရဲဘော် ကောင်းကောင်း၊ ရဲဘော် ကိုငယ်၊ ရဲဘော် သားငယ်၊ ရဲဘော် ဂျစ်တူး၊ ရဲဘော် သားကြီး (လယ်မ) တို့က အဓိက ပါဝင်သူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ကိုပါကြီးနဲ့ ကိုဘီလူးတို့ကို ဖမ်းဆီးထားစဥ် သေနတ်ဒင်နဲ့ ဦးခေါင်းကို ရိုက်နှက်ခဲ့သလို ညှင်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့ပြီး လုပ်ကြံသူတွေထဲမှာ YDF ပုန်ကန်သူတွေအပြင် ဂန့်ဂေါခရိုင် တပ်ရင်း (၁၀) တပ်ခွဲ (၇) တာဝန်ရှိသူတချို့လည်း ပါဝင်ပတ်သက်ကြောင်း GZA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

ဂန့်ဂေါခရိုင် တပ်ရင်း (၁၀) တပ်ရင်းမှူးကို မောင်းက ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ ပါဝင်ပတ်သက်မှုကို တပ်ရင်းမှူးက ငြင်းဆိုထားပါတယ်။

“တပ်ရင်းနားမှာ ကျနော်တို့ PT ပြေးတာတွေ ရွာသားတွေ အကုန်သိတယ်ဗျ။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ဒါက စွပ်စွဲထားတာပေါ့.. ကျနော်တို့ တပ်ရင်း ၁၀ ကို။ ပြီးရင် ဒီကိစ္စက ကျနော်တို့ကလေးတွေ အဲ့မှာလည်း တစ်ယောက်မှ မရှိဘူး။ ဘာလို့ဆို ကျနော်တို့ တပ်ရင်းစုဖွဲ့မှုမှာ ရောက်နေတယ်။ တပ်ခွဲ (၇)မှာ လူတစ်ယောက်မှ မရှိဘူး။ ကျနော်ခေါ်ထားတာ။ ကျနော့်တပ်ရင်းနယ်မြေထဲ လေ့ကျင့်နေတာ။ ကျနော် ပြောရရင်တော့ YDF ခွဲထွက်အဖွဲ့နဲ့ ဖြစ်တာပေါ့။ GZA နဲ့ ဖြစ်တာဗျ” လို့ ဂန့်ဂေါခရိုင် တပ်ရင်း (၁၀) တပ်ရင်းမှူးက ပြောပါတယ်။

ဒါ့အပြင် ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက် ဒေသခံတွေက အကြောင်းကြားလာတဲ့အတွက် ပြဿနာကို လက်နက်နဲ့ မဖြေရှင်းကြဖို့၊ မိမိနယ်မြေထဲ သေနတ်ဖောက်သံ ဆက်မကြားချင်ကြောင်း သွားပြောကာ ပြန်လာခဲ့တယ်လို့ အထက်ပါ တပ်ရင်းမှူးက ပြောပါတယ်။

“ကျနော် မသိဘူး။ ရွာခံ ဒေသခံတွေက လှမ်းပြီးမှ အကြောင်းကြားလို့ ကျနော်က ၅နာရီခွဲလောက်မှာ ရောက်သွားတာ။ ကျနော်ပြောတယ်။ မင်းတို့ ဘယ်သူအကြီးဆုံးလဲ။ သူတို့ထဲက အကြီးဆုံးပါ ကျနော် ဝင်တွေ့ခဲ့တယ်။ ဝင်တွေ့ပြီးမှ စကားပြောခဲ့တယ်။ မင်းတို့အချင်းချင်းဖြစ်နေတာ.. ပြဿနာကို လက်နက်နဲ့ ဖြေရှင်းရမယ့်အရာ မဟုတ်ဘူး။ မင်းတို့ပြဿနာထဲကို ဝင်လည်းမရှုပ်ဘူး။ ပါလည်းမပါဘူး။ မင်းတို့ ငါတို့နယ်မြေထဲ လာတယ်။ ဂိတ်တွေထိုင်တယ်၊ ဖွင့်တယ်၊ လုပ်ချင်တာတွေ လုပ်တယ်၊ ငါတို့ ဘာမှမပြောဘူး။ ဒါပေမယ့် မင်းတို့က တော်တော်ဆိုးလာပြီ။ မင်းတို့ ပြဿနာထဲ ဝင်မပါဘူး။ လက်နက်ဖောက်တာမျိုး မပြောနဲ့။ ကျည်တစ်တောင့်ဖောက်တာတောင် မကြားချင်ဘူး ကျနော် ပြောပြီးပြန်ခဲ့တာ” 

အခုလို စွပ်စွဲမှုနဲ့ ပတ်သက်လို့ ဂန့်ဂေါခရိုင် တပ်ရင်း (၁၀) အနေနဲ့ ဂန့်ဂေါခရိုင် တပ်ရင်းမှူးတွေနဲ့ တိုင်ပင်ပြီး စာထုတ်သွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

GZA အနေနဲ့ကတော့ ဒီလုပ်ကြံမှုမှာ တခြားလက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်မှုရှိကြောင်း ကနဦး သတင်းရထားပေမယ့် ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး လုပ်ကြံမှု ကျူးလွန်သူတွေကို တရားဥပဒေအရ အပြည့်အဝ အရေးယူသွားမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

GZA စစ်ဦးစီးချုပ် ကိုအောင်ကျော်မျိုးထက် (ရှေ့)၊ တပ်ရင်း အမှတ်(၂) တပ်ရင်းမှူး ကိုဘီလူး (နောက်ညာအစွန်)နှင့် လုပ်ကြံခံရပြီးနောက် ရရှိခဲ့သည့် ဒဏ်ရာအချို့ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

လူငယ်တွေမရှိရင် မြန်မာပြည်အတွက် အနာဂတ်မရှိ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ စစ်အသွင်အပြောင်းဆုံး လူ့အဖွဲ့အစည်းတွေထဲကတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီလို အသွင်ပြောင်းလဲလာမှုဟာ တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ မြန်မာလူငယ်တွေရဲ့ ဘဝနဲ့ အနာဂတ်အပေါ် အထူးဆိုးရွားစွာ သက်ရောက်စေပါတယ်။ လက်ရှိအချိန်ဟာ လူငယ်တွေကို မြန်မာ့နိုင်ငံရေး အနာဂတ်ရဲ့ ဗဟိုချက်မှာ ထားရှိရတော့မယ့်အချိန် ဖြစ်ပါတယ်။ 
Read More

အပူရုပ် ဟန်လုပ် ပွဲကြိုက် မင်းအောင်လှိုင် (သရော်စာ)

ဒီဇင်ဘာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်တွေဟာ အာဏာသိမ်းစစ်ကောင်စီထံက တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်ရင်း တော်လှန်ပြည်သူတွေကို နှစ်သစ်လက်ဆောင် ပေးနေကြပါတယ်။
Read More

တစ်လတိတိ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးတွေ သေသူသေ၊ ပြေးသူပြေးကာ သိမ်းပိုက်နိုင်ခဲ့တဲ့ မဲပလီဗျူဟာစခန်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ မဲပလီဗျူဟာကုန်းစခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ စတင်တိုက်ခိုက်ချိန်က စပြီး ၁လတိတိအကြာမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် (၂၇) စစ်ဗျူဟာနှင့် တပ်မဟာ (၁) PDF တာဝန်ခံ ကိုအေးမင်းထွန်းက မောင်းကို ပြောပါတယ်။
Read More

ရပ်တည်ချက်ပြိုလဲပြီး ယိုင်နဲ့လာတဲ့ မြန်မာစစ်တပ် (ဒုတိယပိုင်း)

မင်းအောင်လှိုင်ဟာ အာဏာဆက်လက်တည်မြဲဖို့နဲ့ စီးပွားရေးအကျိုးအမြတ်တွေကို လက်ဝါးကြီးအုပ်နိုင်ဖို့အတွက် သစ္စာခံသူကောင်းပြုကွန်ရက်တွေပြန်လည်ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့နှစ်ပိုင်းကစလို့ စတင်ကြိုးပမ်းခဲ့ပါတယ်။
Read More

မြန်မာ့တော်လှန်‌ရေး ရှေ့ဆက်ဘယ်လောက်သွားနိုင်မလဲ ဆိုတာ တရုတ်ဆုံးဖြတ်နေတယ်

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ မြေပြင်အခြေအနေတွေကို ပိုမိုထိန်းချုပ်လာနိုင်တာကြောင့်၊ တော်လှန်ရေးအင်အားစုများအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ရှိလာ‌နေပြီဖြစ်တယ်
Read More

အရည်အသွေးနိမ့် မြန်မာရုပ်ရှင်တွေရဲ့ နောက်ကွယ်မှာ ပြည်သူတွေကို တော်လှန်ရေးကနေ အာရုံလွှဲဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

စစ်ကောင်စီဟာ သူတို့ကို ထောက်ခံတဲ့ အနုပညာရှင်တွေကို နောက်ကွယ်ကနေ ငွေကြေးထောက်ပံ့နေပြီး ပြည်သူတွေကို တော်လှန်ရေးအဖွဲ့တွေနဲ့ သွေးခွဲဖို့ လုပ်ဆောင်မှုတွေ ရှိနေကြောင်း တော်လှန်အနုပညာရှင်တွေက ပြောပါတယ်။