စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာသူ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက ခြိမ်းခြောက်၊ ငွေညှစ်၊ ဖမ်းဆီးနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ဟာ ဇူလိုင်လ ၁၄ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဆိုပါ အစီရင်ခံစာအတွင်း ထိုင်းရဲတွေက မြန်မာနိုင်ငံသားတွေကို မကြာခဏ တားဆီးစစ်ဆေးတာ၊ ငွေမပေးနိုင်ရင် ဖမ်းဆီးထိန်းသိမ်းခံရမယ်လို့ ခြိမ်းခြောက်တာတွေကို ဆန်းစစ်ထားပါတယ်။
ဒီလိုအလေ့အထမျိုး မြန်မာနယ်စပ်အနီးက မဲဆောက်မှာ ပျံ့နှံ့နေကြောင်း၊ မြန်မာနိုင်ငံသားတွေကို “လမ်းလျှောက်နေတဲ့ ငွေထုတ်စက်များ” လို့ ခေါ်ဝေါ်ကြောင်း HRW အနေနဲ့ တွေ့ရှိတယ်လို့ ဆိုပါတယ်။
“ပဋိပက္ခတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ခက်ခဲကြပ်တည်းမှုတွေကနေ ထွက်ပြေးလာပြီးတဲ့နောက် မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာ အကာအကွယ်တွေ လိုအပ်နေပါတယ်။” ဒါပေမယ့် “အဲဒီအစား ထိုင်းက သူတို့ကို လုံခြုံတဲ့ တရားဝင်ခွင့်ပေးဖို့ ငြင်းဆန်နေပြီး အာဏာပိုင်တွေက အားနည်းချက်ကို အသုံးချကာ ခြိမ်းခြောက်ငွေညှစ်နေကြတယ်” လို့ HRW ရဲ့ ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူများ အခွင့်အရေးဆိုင်ရာ သုတေသီ Nadia Hardman က ပြောပါတယ်။
အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားဆန့်ကျင်ရာဇဝတ်မှုတွေအပါအဝင် နိုင်ငံတဝှမ်း ဖိနှိပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့ပါတယ်။

အကြမ်းဖက်မှု၊ နှိပ်စက်ညှင်းပန်းမှု၊ စီးပွားရေးပြိုလဲမှုနဲ့ အကူအညီတွေ ပိတ်ဆို့ထားမှုကြောင့် လူပေါင်းများစွာဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။
လက်ရှိ ထိုင်းနိုင်ငံမှာ မြန်မာပြည်သူ ၄ သန်းကျော် နေထိုင်လျက်ရှိပြီး ထက်ဝက်နီးပါးက အထောက်အထားမဲ့တွေ ဖြစ်နေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ HRW က ထိုင်းမှာ ရှိတဲ့ မြန်မာနိုင်ငံသား ၃၀ ကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း၊ နိုင်ငံတကာ ဥပဒေအရ သူတို့အများစုဟာ ဒုက္ခသည်တွေ ဖြစ်နေကြပေမယ့် ထိုင်းရဲ့ ကန့်သတ်မှုတွေကြောင့် ဒုက္ခသည်အဖြစ် အသိအမှတ် မပြုခံထားရကြောင်း၊ သူတို့ဟာ ထိုင်းအာဏာပိုင်တွေရဲ့ အပြုအမူ အလေ့အထတွေအပေါ် ကြောက်လန့်နေကြပြီး ဘေးဖယ်ခံထားရကာ ခေါင်းပုံဖြတ်ခံနေရတယ်လို့ ခံစားရကြောင်း ဖြေဆိုထားကြတယ်လို့ သိရပါတယ်။
အစီရင်ခံစာအတွင်း ထိုင်းရဲတွေရဲ့ အဖမ်းအဆီးတွေကို ရှောင်ရှားဖို့ တရားမဝင် လာဘ်ထိုးရတဲ့ “ရဲကတ်” စနစ်ကိုလည်း ဖော်ပြထားပါတယ်။
မဲဆောက်ကို ထွက်ပြေးလာသူ အသက် ၃၀ အရွယ် သတင်းထောက်တစ်ယောက်က “(မဲဆောက်မှာ) အဓိက ခြိမ်းခြောက်မှုက ရဲပဲ။ သူတို့ကို ကြောက်ရတယ်။ (ရဲတွေက) ကျနော့်ကို ၆ ကြိမ်တောင် ရပ်(စစ်) တာ၊ သုံးကြိမ်လောက်ကတော့ ရဲတွေကို ပိုက်ဆံပေးလိုက်လို့ ပြန်လွှတ်ပေးလိုက်တာ” လို့ ပြောပါတယ်။
“ရဲကတ်တွေ” ဝယ်ပြီး လုပ်ထားရတာတောင် အဖမ်းခံရရင် ပြည်နှင်ခံရမှာကို အပြည့်အဝ မကာကွယ်ပေးနိုင်ကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။
HRW နဲ့ စကားပြောခဲ့တဲ့ မြန်မာအများစုကတော့ “ပန်းရောင်ကတ်” လျှောက်ထားဆဲ သို့မဟုတ် သက်တမ်းတိုးထားတဲ့သူတွေဖြစ်ပြီး သူတို့ဟာလည်း လုပ်ငန်းစဉ်တွေအတွင်း ပွဲစားတွေကို မှီခိုနေရတာကြောင့် မကြာခဏဆိုသလို မတန်တဆ အခကြေးငွေတွေ ပေးနေကြရတယ်လို့ HRW က ဆိုပါတယ်။
ပန်းရောင်ကတ်ကတော့ ဖမ်းဆီးထိန်းသိမ်းခံရတာ၊ နေရပ်ပြန်ပို့ခံရတာတွေကနေ အကာအကွယ်တချို့ပေးနိုင်ပေမယ့် ဒုက္ခသည်တွေအဖြစ် အသိအမှတ်ခံရသင့်တဲ့ သူတို့လိုလူတွေအတွက် သင့်လျော်တဲ့ စာရွက်စာတမ်းမဟုတ်ကြောင်း HRW က ထောက်ပြပါတယ်။

ဒါကြောင့် ထိုင်းအစိုးရအနေနဲ့ ဒုက္ခသည်တွေကို အသိအမှတ်ပြုဖို့၊ နိုင်ငံတကာ ဥပဒေစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ခိုလှုံခွင့်ပေးအပ်ခြင်းဆိုင်ရာ စံနှုန်းတွေ၊ လုပ်ထုံးလုပ်နည်းတွေကို ပြဌာန်းသင့်တယ်လို့ HRW က အကြံပြုထားပါတယ်။
အဲဒီလို လုပ်ဆောင်နေစဉ်အတွင်းမှာလည်း ထိုင်းအနေနဲ့ ဖိနှိပ်မှုတွေကနေ ထွက်ပြေးလာသူ မြန်မာနိုင်ငံသားတွေအတွက် လတ်တလောလိုအပ်ချက်တွေကို အသိအမှတ်ပြုဖို့ ယာယီအကာအကွယ်ပေးရေးမူဘောင်တွေ မိတ်ဆက်သင့်ကြောင်းလည်း အကြံပြုထားပါသေးတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း “မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကို ခိုလှုံခွင့်ပြုရမှာဖြစ်ပြီး သူတို့ကို ပြန်ပို့တာမျိုးကနေ ကာကွယ်ပေးရမယ်” လို့ ဆိုပါတယ်။
“ထိုင်းအာဏာပိုင်တွေအနေနဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကို ထိရောက်တဲ့ အကာအကွယ်ပေးနိုင်ဖို့အတွက် နိုင်ငံတကာစံနှုန်းတွေနဲ့အညီ လုပ်ဆောင်သင့်ပါတယ်” “ထိုင်းအစိုးရအနေနဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား သန်းပေါင်းများစွာရဲ့ ခေါင်းပုံဖြတ်ခံမှုနဲ့ ဆင်းရဲဒုက္ခတွေကို အဆုံးသတ်ပေးသင့်ပါတယ်” လို့ Hardman က ပြောဆိုထားပါတယ်။
မူရင်းသတင်း – Thailand: Authorities Abuse, Exploit Myanmar Nationals, HRW Reports