မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ တည်ရှိတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၂၁) မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုတဲ့ ဗုံးသီးတွေအပြင် နိုင်ငံတကာကနေ အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ ဆင့်ကဲပေါက်ကွဲစေတဲ့ ပြင်းထန် Cluster Bomb (ကလပ်စတာဗုံး) အမျိုးအစားတွေပါ ထုတ်လုပ်နေတယ်လို့ သိရပါတယ်။

ကပစ ၂၁ ကို ကူညီထုတ်လုပ်ပေးနေတဲ့ စက်ရုံကတော့ ဆိပ်ဖြုမြို့နယ်ထဲမှာပဲရှိတဲ့ အမှတ် ၂၂ ရွှေမော်ကျွန်းကာကွယ်ရေး ပစ္စည်းစက်ရုံဖြစ်ပြီး အနီးအနားမှာ ကပစ ၂၅၊ ကပစ ၂၀ စတဲ့ စက်ရုံတွေကလည်း ဘေးနံတပ်အဖြစ် တည်ရှိနေတယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ ကပစ ၂၁ ရဲ့ ထုတ်လုပ်မှုတွေကို တရုတ်အစိုးရပိုင်ကုမ္ပဏီ China South Industries Group Corporation နဲ့ လက်အောက်ခံကုမ္ပဏီတွေဖြစ်တဲ့ Hunan Vanguard နဲ့ Chongqing Changan တို့က ကူညီပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အခုလို လေကြောင်းပစ်ဗုံးသီးတွေ ထုတ်လုပ်နေတဲ့ ကပစ ၂၁ စက်ရုံကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ဖူးပေမယ့် ကြီးမားတဲ့ သက်ရောက်မှုတော့ မရှိခဲ့ပါဘူး။ 

ဒါနဲ့ပတ်သက်ပြီး CDM ဗိုလ်ကြီးဇင်ယော်ကတော့ ကစပစက်ရုံတွေဟာ ကျယ်ဝန်းလွန်းတာကြောင့် စက်ရုံတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ဆိုတာ မလွယ်လှဘူးလို့ မှတ်ချက်ပြုထားပါတယ်။  

“မျက်စိထဲမြင်အောင်ပြောရမယ်ဆိုရင် ကပစစက်ရုံတွေက မီတာ ၃၀၀-၄၀၀ ပတ်လည်… အနည်းဆုံး မိုးလုံလေလုံ အားကစားရုံဆိုဒ်လောက်ဆိုတော့ စက်ရုံတခုလုံးကို ဖျက်ဆီးပစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ရှော့တိုက်ဒုံးတွေနဲ့ အလုံးအရင်းပစ်ရင်တောင် စက်ရုံရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ပျက်စီးဖို့ရှိမယ်။ ဒါတောင် ထိထိရောက်ရောက် ကွဲဦးမှ” လို့ ဗိုလ်ကြီးဇင်ယော်က မောင်းကို  ပြောပါတယ်။

အခုနှစ် ဖေဖော်ဝါရီလပိုင်းမှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ခဲ့ရတဲ့ ဗုံးခွံအစိတ်အပိုင်းတွေဟာ ကပစ ၂၁ ထုတ် MAB-26 C 6 Cluster Bomb အမျိုးအစား ဖြစ်တာကို တွေ့ရှိရတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ရဲ့ စစ်ဘက်သုတေသနဌာနကနေ ဆိုထားပါတယ်။

MAB-26 C 6 Cluster Bomb ဟာ ၂၆ပေါင် အလေးချိန်ရှိတဲ့ ၁၂၀ မမ ဗုံး (၁၀) လုံး ပါရှိတဲ့ ပဒေသာဆင့်ကွဲ ကလပ်စတာဗုံးအမျိုးအစားဖြစ်ပြီး၊ ဒီကလပ်စတာဗုံးတွေဟာ နိုင်ငံတကာမှာ အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ ဗုံးအမျိုးအစားလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီကတော့ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေမှာ ကလပ်စတာဗုံးတွေကို တောက်လျှောက်ဆိုသလို အသုံးပြုနေခဲ့တာပဲ ဖြစ်ပါတယ်။ 

ကပစ ၂၁ စက်ရုံကို ၂၀၀၄ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး စစ်တပ်ရဲ့ လေကြောင်းဗုံးအများစုကို ထုတ်လုပ်ပေးနေသလို၊ ပြင်းထန်ဗုံးတွေဖြစ်တဲ့ ကလပ်စတာဗုံးတွေနဲ့ FAE (Fuel-Air Explosive) ဗုံးတွေ အပါအဝင် အခြားပြင်းထန်ဗုံးတွေကိုပါ ထုတ်လုပ်နေတယ်လို့ သိရပါတယ်။ 

အဆိုပါ စက်ရုံမှာ ဝန်ထမ်း ၁,၂၀၀ ကျော် လုပ်ကိုင်နေကာ စက်ရုံကို စစ်ဘက်ဆိုင်ရာ လုံခြုံတဲ့ နယ်မြေတစ်ခုအဖြစ် စနစ်တကျ ဖွဲ့စည်းထားတယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။ 

CDM ဗိုလ်ကြီးဇင်ယော်က ဆက်လက်ကပြီး “ကျနော်အရင်က ပြောခဲ့သလိုပဲပေါ့နော်… စက်ရုံတစ်ခုလုံးကတော့ တိုက်ခိုက်ဖို့လွယ်မှာ မဟုတ်ပါဘူး။ စက်ရုံကို ချိတ်ဆက်ထားတဲ့ ရေလိုင်း၊ မီးလိုင်းတွေကို ဖြတ်တောက်ဖို့ပေါ့နော်။ အပြီးမဖြတ်တောက်နိုင်ရင်တော့ သူတို့ရဲ့ production တွေကို အနှောင့်အယှက်ဖြစ်အောင် လုပ်ရုံလောက်ပဲရမယ့် အနေအထားမျိုးပါ” လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ကပစ စက်ရုံပေါင်း ၂၅ ရုံရှိပြီး ကပစ စက်ရုံအများစုကို မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းထဲမှာ တည်ဆောက်ထားကာ စက်ရုံပေါင်း ၁၅ ရုံအထိ ရှိပါတယ်။ ဒုတိယအများဆုံး ရှိတဲ့ ဒေသကတော့ ပဲခူးတိုင်း ဖြစ်ပြီး စက်ရုံ ၇ ရုံ ရှိကာ နေပြည်တော်မှာ ၂ရုံ၊ ရန်ကုန်တိုင်းမှာ ၁ရုံ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ 

အဲ့လို စစ်တပ်အတွက် လက်နက်ထုတ်လုပ်မှုတွေကို အဓိက တာဝန်ယူနေသူတွေကတော့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ ဒုတိယ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်တွေဖြစ်တဲ့ ဗိုလ်ချုပ် ကိုကိုလွင်၊ ဗိုလ်ချုပ် မျိုးအောင်၊ ကပစ စက်ရုံ ၂၅ခုမှ စက်ရုံမှူးတွေနဲ့ အင်ဂျင်နီယာတွေဖြစ်ပြီး သူတို့ဟာ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ လိုအပ်တဲ့ စစ်လက်နက်ထုတ်လုပ်ရေးကို အကောင်ထည်ဖော်ပေးနေတဲ့ သွေးစွန်းလက်ပိုင်ရှင်တွေ ဖြစ်တယ်လို့ တမာအင်စတီကျူရဲ့ သုတေသနစာဖမ်းမှာ ဖော်ပြထားပါတယ်။ 

နိုင်ငံတကာ လက်နက်ထိန်းချုပ်ရေး စံနှုန်းတွေကို ချိုးဖောက်ကာ စစ်ကောင်စီရဲ့ ကပစ ၂၁ ကို ကူညီပံ့ပိုးပေးနေတဲ့ တရုတ်အစိုးရပိုင် China South၊ Hunan Vanguard၊ Chongqing Changan နဲ့ ဆက်စပ်ကုမ္ပဏီတွေကို ပိတ်ဆို့ဒဏ်ခတ်အရေးယူဖို့၊ မြန်မာစစ်တပ်ကို နိုင်ငံခြားနည်းပညာ အထောက်အပံ့ အထူးသဖြင့် မိုက်ခရိုအီလက်ထရောနစ်တွေ ဝင်ရောက်မှုတွေကို ပိတ်ပင်ဖို့ စတွေကို လုပ်ဆောင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကနေ အကြံပြု တိုက်တွန်းထားပါတယ်။

SAC-M မှ Chris Sidoti ကတော့ “တရုတ်ရဲ့ ကူညီပံ့ပိုးမှုတွေက စစ်ကောင်စီကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ မြန်မာနိုင်ငံအရေးမှာ တရုတ်အနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်ချင်တယ်ဆိုရင်တော့ မင်းအောင်လှိုင်ကို  နောက်ထပ်ဗုံးတွေ ထပ်မချဖို့  တားမြစ်ရမှာ ဖြစ်ပါတယ်။ အရပ်သားတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက်ဆိုရင် ကပစ- ၂၁ က ဝေဟင်ဗုံး ထုတ်လုပ်နေမှုတွေကို နှောင့်ယှက်တားဆီးနိုင်ဖို့က အရေးကြီးပါတယ်” လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

မည်သို့ပင်ဖြစ်စေ စစ်တပ်ဟာ ကပစ-၂၁ ကဲ့သို့သော လက်နက်စက်ရုံတွေမှာ လက်နက်ခဲယမ်းတွေကို ဆတိုးထုတ်လုပ်ပြီး၊ နိုင်ငံတွင်း ထင်တိုင်းကျဲ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြင့် စစ်ရေးအသာစီးရအောင် ကြိုးပမ်းနေတယ်ဆိုတာကို လက်ရှိမြေပြင်မှာ ထင်ရှားစွာ တွေ့မြင်နေရပြီဖြစ်တာကြောင့်၊ ယင်းလက်နက်စက်ရုံများကိုသာမက ၄င်းနှင့်ဆက်စပ် ထောက်ပို့ကွင်းဆက်များကိုပါ ဗျူဟာကျကျ ဖျက်ဆီးနိုင်ဖို့က အရေးကြီးကြောင်း စစ်ရေးဗျူဟာ ကျွမ်းကျင်သူများက ဆိုနေကြပါတယ်။

0 Shares:
You May Also Like
Read More

အရှိန်ကောင်းနေသည့် ချင်းညီနောင် မြို့သိမ်းတိုက်ပွဲများ၊ “မကြာခင်မှာတော့ ကျနော်တို့ လက်ထဲကို ဖလမ်းမြို့ကို ရရှိမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်”

ချင်းပြည်နယ်အခြေစိုက် တော်လှန်ရေးအင်အားစုဖွဲ့မှုဖြစ်တဲ့ ချင်းညီနောင်တပ်ဖွဲ့တွေဟာ စုစည်းတည်ထောင်ချိန် ၁နှစ်အတွင်းမှာ ချင်းပြည်နယ်ထဲက မြို့နယ်တွေဖြစ်တဲ့ ကျင်ဒွေးမြို့၊ မတူပီမြို့၊ မင်းတပ်မြို့၊ ကန်ပက်လက်မြို့တို့ကို သိမ်းပိုက်ရရှိထားပြီး ဖလမ်းမြို့ကိုလည်း သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်လျက်ရှိနေပါတယ်။
Read More

BGF ခေါင်းဆောင် စောချစ်သူတို့ သားအဖ ၃ ဦးကို အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှု ဘာဆက်ဖြစ်နိုင်လဲ

လွန်ခဲ့တဲ့သုံးနှစ်အတွင်း အမေရိကန်တွေဆီကနေ ဘီလီယံချီတဲ့ ဆိုက်ဘာလိမ်လည်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ ပါဝင်ကူညီခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ကရင်အမျိုးသားတပ်မတော် (KNA) တာဝန်ရှိသူတွေအပေါ် အမေရိကန်က မေလ ၅ ရက်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ 
Read More

မြန်မာပြည်အလယ်ပိုင်းနဲ့ ပဲခူးအနောက်ခြမ်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ မြို့သိမ်းတိုက်ပွဲများ

မြန်မာပြည်အလယ်ပိုင်းမှာ မြို့ပြအထိ အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်ပြီး မြို့သိမ်းဆိုတဲ့ အခြေအနေအထိ ရှိလာနိုင်ကြောင်း တော်လှန်ရေးအင်အားစုတွေဘက်ကအခုရက်ပိုင်းအတွင်းပြောကြားမှု တွေများပြားလာပါတယ်။
Read More

အာဏာရှင်များနှင့် လက်ဝေခံများ ကြိုဆိုသည့် လွတ်လပ်တဲ့ သတင်းမီဒီယာများ ပိတ်ပင်ခံရမှု

လွတ်လပ်တဲ့အာရှအသံ (RFA) အပါအဝင် အမေရိကန်က ထောက်ပံ့ပေးထားတဲ့ အသံလွှင့်ဌာနတချို့အပေါ် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖက်ဒရယ်ရန်ပုံငွေ ဖြတ်တောက်မှု ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အတိုက်အခံတွေကို ရန်လိုဖိနှိပ်ဖြိုခွင်းခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က (မတ်လ ၁၇ ရက်) မှာ ပြောခဲ့ပါတယ်။ 
Read More

စစ်ကောင်စီထံက စစ်ရေးအရ အရေးပါတဲ့ လေဆိပ် ၄ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထား

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဓာတ်အားပေးစက်ရုံများ ရပ်ဆိုင်းထားရမှုကို ဖုံးကွယ်ကာ လျှပ်စစ်ဓာတ်အားလိုင်းများ ဖျက်ဆီးခံရလို့ မီးမပေးနိုင်ခြင်းဖြစ်သည် ဟု စစ်ကောင်စီ အကြောင်းပြ

မဂ္ဂါဝပ်များစွာ ထုတ်လုပ်နိုင်တဲ့ ဓာတ်အားပေးစက်ရုံတွေ ရပ်ဆိုင်းထားရမှုကို ဖုံးကွယ်ထားပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေကို အကြမ်းဖက်သမားတွေက ဖျက်ဆီးလို့ မီးမပေးနိုင်တာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ လျှပ်စစ်ဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။