မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့ကနေ အသက်မပြည့်သေးတဲ့ ကလေးတွေကို PDF အဖြစ် လက်ခံပြီး စစ်သင်တန်း လေ့ကျင့်သင်ကြားပေးမှုတွေ ရှိနေတယ်လို့ MBT တပ်ဖွဲ့ထဲကို ရောက်ရှိနေတဲ့ ကလေးတွေရဲ့ မိဘတွေထံက သိရပါတယ်။

MBT တပ်ဖွဲ့က ကလေးတပ်သားတွေ လက်ခံထားတယ်ဆိုတဲ့ သတင်းဟာ လွန်ခဲ့တဲ့ လပိုင်းကတည်းက လူမှုကွန်ရက်ပေါ်မှာ လူပြောများနေတာဖြစ်ပြီး MBT တပ်ဖွဲ့ကတော့ အသက်မပြည့်သေးသူတွေကို တပ်ထဲမှာ လက်ခံထားရပေမယ့် ရှေ့တန်းလို စစ်မြေပြင်ကို စေလွှတ်တာမျိုး မရှိဘူးလို့ မောင်းကို ပြောပါတယ်။

ကလေးမိဘရဲ့ ပြောကြားချက်
ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က နွားထိုးကြီးမြို့နယ်မှာ နေထိုင်တဲ့ မောင်သီဟ- အမည်လွှဲ (အသက် ၁၃နှစ်) ဟာ သူ့ရဲ့ ဖခင်ဖြစ်သူနဲ့ ရန်ဖြစ်စကားများရာကနေ အိမ်ပေါ်ကဆင်းသွားပြီး MBT တပ်ဖွဲ့ထဲကို ဝင်ရောက်ခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

မောင်သီဟဟာ သူရဲ့ အစ်မအရင်းဖြစ်သူ မမျိုး- အမည်လွှဲ (အသက် ၁၆နှစ်)၊ သူငယ်ချင်းဖြစ်သူ မပန်း- အမည်လွှဲ (အသက် ၁၂နှစ်) တို့နဲ့အတူ ၃ယောက်သား MBT တပ်ဖွဲ့ထဲကို ဝင်ရောက်သွားခဲ့တာလို့ သိရပါတယ်။

အဲဒီနောက် ဇွန်လ ၂၃ ရက်နေ့မှာတော့ မောင်သီဟရဲ့ ဖခင်ဖြစ်သူကိုယ်တိုင် MBT စခန်းရှိရာကို သွားရောက်ကာ ကလေးတွေကို ပြန်ထည့်ပေးဖို့ ပြောဆိုခဲ့ပေမယ့် MBT တပ်ဖွဲ့က သမီးအကြီးဖြစ်သူကိုသာ ပြန်ထည့်ပေးလိုက်ပြီး သားအငယ်နဲ့ သူငယ်ချင်းမိန်းကလေးကိုတော့ ပြန်မထည့်ပေးလိုက်ဘူးလို့ ဆိုထားပါတယ်။

“ကျနော်က အုပ်ထိန်းသူဆိုတော့ ကျနော်လိုက်သွားတယ်။ ကျနော်နဲ့တူတူ ကျနော့် အဒေါ်ရယ်၊ သူငယ်ချင်းရယ်၊ ကျနော့် ယောက်ဖရယ် လိုက်သွားတယ်ပေါ့နော်။ စခန်းရောက်တော့ အကြီးမကို သူအမေက ဖုန်းနဲ့ ချော့တော့ အကြီးမက ပြန်လိုက်လာတယ်။ သားကကျတော့ ကျနော်ရိုက်မှာစိုးလို့ ပြန်လိုက်မလာဘူး” လို့ မောင်သီဟရဲ့ ဖခင်ဖြစ်သူက မောင်းကို ပြောပါတယ်။

MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ

နောက်ရက်တွေမှာတော့ ဖခင်ဖြစ်သူက ဆရာတွေကို တောင်းပန်ပြီး အိမ်ပြန်လာဖို့ သူ့သားကို ဖုန်းဆက်ပြောခဲ့ပေမယ့် ဖုန်းချသွားကြောင်း၊ နောက်မှ ပြန်သိရတာက ဖုန်းခိုးသုံးတာကြောင့် ခြောက်ပေါက် ထိသွားတာဖြစ်ကြောင်း သိရတယ်လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။

မောင်သီဟနဲ့ သူငယ်ချင်းဖြစ်သူတို့ ၂ယောက်ဟာ MBT တပ်ဖွဲ့ထဲက‌နေ လာပြန်ခေါ်ပေးဖို့ မိသားစုဝင်တွေဆီကို Tik Tok ကနေ တဆင့် စာပို့ ဆက်သွယ်လာတာရှိပြီး တပ်ထဲမှာ သူတို့ကို အခြေခံ စစ်သင်တန်းပေးနေပြီ ဖြစ်ကြောင်းလည်း ဆက်သွယ်ပြောဆိုလာတာတွေ ရှိထားတယ်လို့ ပြောပါတယ်။

MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲရဲ့ ပြောကြားချက်
ဗိုလ်မိုက်ခဲကတော့ သူတို့ MBT တပ်ဖွဲ့အနေနဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေကို လက်ခံထားတာတွေ ရှိပေမယ့် သူတို့ဟာ စစ်မှုထမ်းရမှာ စိုးတာကြောင့် တပ်ဖွဲ့ထဲ ဝင်လာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကလေးတွေကို အတင်းဖမ်းဆီးလာတာ မဟုတ်ကြောင်း၊ ကလေးတွေဟာ သူတို့ဒေသမှာ ပေါ်တာဆွဲတာတွေရှိနေတာကြောင့် စိတ်ဆန္ဒသဘောအရ ဝင်လာတာဖြစ်ပြီး တချို့ အသက်မပြည့်သေးတဲ့ ကလေးတွေဟာ အသက်လိမ်ပြီး သူတို့ တပ်ဖွဲ့ထဲကို ဝင်လာသူတွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။

တပ်ထဲမှာ လက်ခံထားတဲ့ ကလေးတွေကို အခြေခံစစ်သင်တန်းပေးထားတော့ ရှိပေမယ့် အသက်မပြည့်သေးတဲ့ သူတွေကို ရှေ့တန်းလည်း မပို့သလို ကလေးစစ်သားအဖြစ်လည်း အသုံးချနေတာမျိုးတွေ မရှိဘူးလို့ ပြောပါတယ်။
မောင်သီဟရဲ့ ဖြစ်စဉ်မှာဆိုရင်လည်း ဖခင်ဖြစ်သူ လာပြန်ခေါ်စဉ်က လိုက်သွားချင်ရင် လိုက်သွားဖို့ ပြောခဲ့ပေမယ့် မောင်သီဟ ကိုယ်တိုင်က ပြန်မလိုက်သွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“လာပြန်ခေါ်တော့ လိုက်သွားချင်ရင်လိုက်သွား… ခေါ်သွား… ပြန်လို့ရတယ် သူတို့ရှေ့မှာ အဲ့လိုပဲ ပြောတာပါ။ အခုပြန်ချင်တဲ့အချိန်မှာကျတော့လည်း ကျနော်တို့က ပြန်မလွှတ်တာ မဟုတ်ပါဘူး… လုံခြုံရေးအရ ပြန်မလွှတ်သေးတာပါ… ခဏစောင့်ခိုင်းထားတဲ့ အခြေအနေပါ။ တကယ်တော့ ကလေးတွေက မပြန်ချင်ဘူး သူတို့ကိုက ဖြစ်နေတာ။ ကျနော်တို့ ရှေ့ဆက်လုပ်ရမယ့် အလုပ်တွေရှိတယ်။ ရဲဘော်တွေ အများကြီးကို အထိခိုက်မခံနိုင်ဘူး… ပြီးတော့ ရောက်လာတဲ့ လူငယ်တွေကို လုံခြုံရေးအရ စစ်သင်တန်းပေးတာရှိတယ်…. ဒီကလေး ၂ယောက်ကိုလည်း စစ်သင်တန်းပေးထားတယ်။ ပြီးလည်း ပြီးတော့မှာ.. ပြီးတာနဲ့ ပြန်လွှတ်မှာ ကျနော်တို့လည်း အရမ်းငယ်တာတွေ မထားဘူး” လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

MBT တပ်ဖွဲ့ဝင်များ

ရှုပ်ထွေးနေတဲ့ ပြဿနာ
မောင်သီဟ ဖခင်ကတော့ MBT ရဲ့ တပ်တွင်းကို လိုက်သွားစဉ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သား အများအပြားကို မျက်မြင်တွေ့မြင်ခဲ့ရတယ်လို့ ဆိုထားပါတယ်။
မောင်သီဟ ဖခင်ဖြစ်သူက “ ကျနော်တို့ တပ်ထဲကို လိုက်သွားတော့ ကလေးစစ်သားတွေ အများအပြားတွေ့ခဲ့ရတယ်… အသက် ၁၄-၁၅ တွေ၊ အရပ်အမောင်းတွေကလည်း ဒေါင်ကောင်းတော့ အသက်မပြည့်မှန်း မသိသာတဲ့ အရွယ်တွေ” လို့ ပြောပါတယ်။

ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး MBT တပ်ဖွဲကို မေးမြန်းရာမှာတော့ ဗိုလ်မိုက်ခဲက “တချို့ ရဲဘော်တွေ အသက်မပြည့်တာက ကျနော်တို့ကို အသက်လိမ်လာတဲ့ ရဲဘော်တွေ ရှိပါတယ်။ ကျနော်တို့ကတော့ ဓာတ်ပုံတွေပါ ပို့ခိုင်းပြီး စစ်ပါတယ်။ တချို့ကျတော့လည်း လူကောင်ကြီးတော့ မသိသာဘူး။ အဲ့တော့ အသက်မပြည့်ကြောင်းကို ကျနော်တို့ တပ်စခန်းရောက်မှ သိရတာတွေလည်း ရှိပါတယ်။ တချို့ကျတော့ စစ်ကောင်စီက ပေါ်တာဆွဲနေလို့ ဆိုပြီး အသက်မပြည့်တာကို သိသိကြီးနဲ့ ခိုလှုံခွင့်ပေးထားရသူတွေရှိတယ်။ ကျနော်တို့က လက်ခံပေးလိုက်ရတယ် ပြီးတော့ကျ ဒါကိုပဲ အပြောခံရတာ ဖြစ်နေတယ်” လို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။

လက်ခံထားတဲ့ အသက်မပြည့်သေးတဲ့ လူငယ်တွေကိုလည်း ရှေ့တန်းမှာ စစ်တိုက်ခိုင်းတာမျိုး လုံးဝမရှိဘဲ တပ်မှာ လာရောက်ခိုလှုံတာဖြစ်တဲ့အတွက် တပ်ရဲ့ ဝေယျာဝစ္စတွေကို လုပ်ခိုင်းတာမျိုးလောက်ပဲ ရှိတယ်လို့ ပြောပါတယ်။

မောင်သီဟ ဖခင်ဖြစ်သူရဲ့ သူငယ်ချင်းက ကလေးတွေကို တပ်ထဲမှာ စောင့်ရှောက်ဖို့ သူကိုယ်တိုင် တပ်ထဲဝင်မယ် ပြောခဲ့ပေမယ့် ဗိုလ်မိုက်ခဲက လက်မခံခဲ့ဘူးလို့ မောင်သီဟရဲ့ ဖခင်က ဆိုထားပါတယ်။

MBT တပ်ဖွဲ့ဝင်များ

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ “သူတို့ရဲ့ အစ်ကိုဆိုတာလား မသိဘူး သူလည်း တပ်ထဲမှာ လိုက်နေမယ်ပြောတော့ ကျနော်တို့က လိုက်နေလို့ရတယ်… တပ်ထဲမှာနေတယ်ဆိုတာက စည်းကမ်းရှိတယ်… ခံယူချက်ရှိမှ လာပါပြောတော့ သူမလာခဲ့ဘူးပေါ့နော်” လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

မောင်သီဟရဲ့ ဖခင်ဖြစ်သူနဲ့ မပန်းဖြစ်သူရဲ့ မိခင်ကတော့ ကလေးတွေက အသက်မပြည့်သေးတာကြောင့် မိသားစုထံကို ပြန်ပို့ပေးဖို့သာ အလိုရှိကြောင်း ပြောဆိုထားပါတယ်။

 

0 Shares:
You May Also Like
Read More

အာဆီယံ သို့မဟုတ် မြန်မာ့အရေးအပေါ် ဦးဆောင်ဖြေရှင်းနိုင်စွမ်းမရှိဘူး ဆိုတာကို ဝန်ခံရမယ့်အချိန် ရောက်လို့နေတဲ့ အဖွဲ့အစည်း

ယခုနှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် လာအိုစတင်တာဝန်ယူစဉ်က ၎င်းဟာ ဒေသတွင်းအစုအဖွဲ့ကို အငြင်းပွားဖွယ်ရာ ပြဿနာတွေ ကင်းဝေးသွားစေဖို့ ဦးဆောင်သွားနိုင်လိမ့်မယ်လို့ ခန့်မှန်းခံခဲ့ရပါတယ်။
Read More

ရပ်တည်ချက်ပြိုလဲပြီး ယိုင်နဲ့လာတဲ့ မြန်မာစစ်တပ် (ဒုတိယပိုင်း)

မင်းအောင်လှိုင်ဟာ အာဏာဆက်လက်တည်မြဲဖို့နဲ့ စီးပွားရေးအကျိုးအမြတ်တွေကို လက်ဝါးကြီးအုပ်နိုင်ဖို့အတွက် သစ္စာခံသူကောင်းပြုကွန်ရက်တွေပြန်လည်ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့နှစ်ပိုင်းကစလို့ စတင်ကြိုးပမ်းခဲ့ပါတယ်။
Read More

တစ်လတိတိ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးတွေ သေသူသေ၊ ပြေးသူပြေးကာ သိမ်းပိုက်နိုင်ခဲ့တဲ့ မဲပလီဗျူဟာစခန်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ မဲပလီဗျူဟာကုန်းစခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ စတင်တိုက်ခိုက်ချိန်က စပြီး ၁လတိတိအကြာမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် (၂၇) စစ်ဗျူဟာနှင့် တပ်မဟာ (၁) PDF တာဝန်ခံ ကိုအေးမင်းထွန်းက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီဟာ ‘AA ရဲ့ ခြင်းထဲက ကြက်’ ဖြစ်နေပြီလား

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့မှာ တိုက်ပွဲတွေ အပြင်းအထန် ဆက်လက်ဆင်နွှဲနေပြီး စစ်ကောင်စီစခန်းတချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြာင်းကို သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

နောင်ချိုကျဆုံးတာဟာ တော်လှန်ရေးမှာ ပြုပြင်စရာတွေ များနေကြောင်း အချက်ပေး ခေါင်းလောင်းသံလေလား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ၁၀၂၇ အပိုင်း (၂) စစ်ဆင်ရေးအတွင်း အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 
Read More

လျှပ်စစ်မီး မပေးနိုင်ခြင်းကို အကြောင်းပြကာ ဆိုလာကို အကျိုးစီးပွားအတွက် အသုံးချလာသော စစ်ကောင်စီ

သဘာ၀ပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမရှိစေဘဲ၊ မီးခိုးမထွက်တဲ့ စွမ်းအင်လို့ လူသိများတဲ့ နေရောင်ခြည်စွမ်းအင်(ဆိုလာပါဝါ) ကို မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ကတော့ ၎င်းတို့အကျိုးစီးပွားအတွက် စတင်အသုံးချလာပြီဖြစ်ပါတယ်။