အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တော်လှန်ရေးကာလ ၄နှစ်ကျော်လာချိန်မှာ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်းက ထောက်ပြပြောဆိုခဲ့ပါတယ်။ လူမှုကွန်ရက်စာမျက်နှာကတဆင့် ဒေါက်တာ တေဇာစန်း ပြောဆိုခဲ့တဲ့ အချက်တွေထဲမှာ ပကဖ နဲ့ ပတ်သက်တဲ့ အချက်လည်း ပါဝင်ခဲ့ပါတယ်။
NUG အစိုးရအနေနဲ့ ပြန့်ကျဲနေတဲ့ အောက်ခြေ တိုက်ခိုက်ရေးအင်အားတွေကို စနစ်ကျ မှန်ကန်တဲ့ ဆင့်ကဲကွပ်ကဲအုပ်ချုပ် ထောက်ပံ့မှုစနစ် (Chain of Command) မတည်ဆောက်နိုင်သေးကြောင်းနဲ့ စစ်တိုက်ဖို့ ကိုက်ညီတဲ့ ပကဖအင်အားတွေကို အမြဲတမ်းတပ် PDF အဖြစ် ပြောင်းလဲသင့်ပြီလို့ ဒေါက်တာ တေဇာစန်းက ဆိုထားပါတယ်။
ဒါ့အပြင် အမြဲတမ်း တိုက်ခိုက်ရေးတပ် (Regular Army) မဟုတ်ဘဲ စစ်သားတပိုင်း အရပ်သားတပိုင်းဖြစ်တဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ “ပကဖ” အတွင်းမှာ လူအင်အား၊ ငွေအင်အား၊ လက်နက်ခဲယမ်းနဲ့ ရုပ်ဝတ္ထုအင်အားတွေ၊ လုပ်ပိုင်ခွင့်တွေအများကြီး စုလာတဲ့အပေါ် NUG အနေနဲ့ သေသေချာချာ ပြန်လည် သုံးသပ် ပြင်ဆင်ရမယ်လို့လည်း ဆိုပါတယ်။
မန္တလေးတိုင်းအတွင်း လှုပ်ရှားနေတဲ့ ပကဖ တပ်ဖွဲ့တာဝန်ရှိသူ ၁ယောက်ကတော့ “သူပြောသလို ကျမတို့ ပကဖမှာ လူအင်အားရှိရင်တောင် ကျန်တဲ့ ဘဏ္ဍာ ဘာညာ ဘာအင်အားမှမရှိပါဘူး။ ဆိုးတဲ့နေရာတွေရှိပေမယ့် ကျမတို့ ပကဖဆို အလှူခံ၊ မဲရောင်း၊ ကမ်ပိန်းလုပ် ဒါနဲ့ပဲ ရပ်တည်နေရတာပါ။ အထက်ကလည်း ဒါပဲခွင့်ပြုပေးတာပါ။ စစ်ရေးနဲ့ ပတ်သတ်တာ ဘာမှ တင်ခွင့်မရဘူး။ မြေပြင်မှာလည်း MOD နဲ့ ခရိုင်အောက်ကနေ စည်းမျဥ်းနဲ့အညီ တိုက်နေပါတယ်။” လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။
ဒေါက်တာ တေဇာစန်းဟာ ပြီးခဲ့တဲ့ဇူလိုင်လ ၇ရက်နေ့က “မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်တဲ့ NUG အစိုးရ”ဆိုတဲ့ခေါင်းစဥ်နဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ လူပိုင်း၊ မူပိုင်းဆိုင်ရာ အားနည်းချက်တွေနဲ့ ကဏ္ဍအသီးသီးကို ပြုပြင်ပြောင်းလဲသင့်တဲ့အကြောင်း၊ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တွေရဲ့ လိုအပ်ချက်တွေအပေါ် သူ့ရဲ့ လူမူ့ကွန်ရက်အကောင့်ကတဆင့် ဝေဖန်ရေးသားခဲ့ပါတယ်။
ဒေါက်တာ တေဇာစန်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တော်လှန်ရေးကာလ ၄နှစ်ကျော်လာချိန်အထိ ပြန့်ကြဲနေတဲ့ တိုက်ခိုက်ရေးအင်အားတွေကို စနစ်ကျ မှန်ကန်တဲ့ ဆင့်ကဲကွပ်ကဲအုပ်ချုပ် ထောက်ပံ့မှုစနစ် (Chain of Command) မတည်ဆောက်နိုင်သေးတာကြောင့် အများစုသော PDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)တွေဟာ တကယ်စစ်တိုက်လို့ရတဲ့ “တပ်” ဖြစ်မနေဘဲ “လက်နက်ကိုင်ထားတဲ့ လူအုပ်ကြီး” ပဲ ဖြစ်နေကြောင်း၊ တိုက်ခိုက်ရေးစွမ်းရည် တက်မလာကြောင်းနဲ့ တပ်တည်ဆောက်ရေးကို လက်တွေ့ကျကျ လုပ်ဆောင်နိုင်ခြင်းမရှိတာကြောင့် ရှိရင်းစွဲတပ်တွေပါ လုံးပါးပါးလာကြောင်း ထောက်ပြပြောဆိုထားပါတယ်။
ဒီအတွက် အမြဲတမ်းတပ်၊ တိုက်ခိုက်ရေးတပ်ဖြစ်တဲ့ PDF အားကောင်းဖို့နဲ့ CoC (၂) ရပ် ခိုင်မာနေဖို့အတွက် စစ်တိုက်နိုင်တဲ့၊ စစ်တိုက်ဖို့ ကိုက်ညီတဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးရှိတဲ့ “ပကဖ” အင်အားတွေကို PDF တွေအဖြစ် ပြောင်းလဲတာဝန်ပေးသင့်တယ်လို့ သူကတိုက်တွန်းပါတယ်။
“တကယ်လည်း သူထောက်ပြတာကောင်းပါတယ်။ အခုဆို တချို့ ပကဖတွေက ငါတို့လည်းလက်နက်ကိုင် PDF လည်း လက်နက်ကိုင်ဆိုပြီး မာနတွေ ထားလာတယ်။ အစကလို အမြဲတမ်းတပ်ဖြစ်တဲ့ PDF ကို ပြည်သူ့စစ် ဆိုတဲ့ ပကဖက ထောက်ပံ့ဖို့ဆိုတာထက် တပ်ပြိုင်ဖွဲ့စည်းလာကြတယ်။ ဒီတော့ PDF ရင်းတွေမှာ လူအင်အား၊ လက်နက်အင်အား နည်းလာတယ်။ အမှန်က ပကဖ နဲ့ PDF ဆိုတာ ဘယ်ခြေတောက် ညာခြေတောက်လိုပေါ့။ တစ်ဖက်ထဲသွားလို့ ရှေ့မရောက်ပါဘူး။ ပကဖ ပအဖ ရဲ့ ထောက်ပံ့မှု အားကောင်းမှ သာလျှင် တိုက်ခိုက်ရေးနဲ့ နယ်မြေအေးချမ်းရေးတွေ ရှေ့ရောက်ပြီး တော်လှန်ရေးကိုကောင်းကောင်းနဲ့ မြန်မြန်အဆုံးသတ်နိုင်မှာပါ။ ” လို့ တော်လှန်ရေးသတင်းတွေ ဖော်ပြရေးသားနေတဲ့ မြေပြင်တော်လှန်ရေးအင်အားစုတာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။
ဒီအပေါ် မြင်းခြံခရိုင်အတွင်း တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့ဝင်၁ယောက်ကတော့ “အခုဟာက အစိုးရ(NUG)အနေနဲ့ PDF တပ်ရင်းတွေကိုတောင် လက်နက်အကုန် မတပ်ဆင်ပေးနိုင်သေးပါဘူး။ နောက်ပြီးအခုချိန်မှာ တိုက်ခိုက်ရေးတစ်ခုတည်း ရှေ့တန်းတင်လို့မရသလို နောက်က အုပ်ချုပ်ရေးပါ ကပ်ပါမှသာ အဆင်ပြေမှာပါ။ တိုက်ခိုက်နေတဲ့ရဲဘော်တွေဟာ တိုက်ခိုက်ရေးရော၊ အုပ်ချုပ်ရေးရော တပြိုင်နက်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်ပြီး မြေပြင်နေရာတိုင်းမှာ ပသုံးလုံးယန္တရားက ဆိုးနေတာတော့ မဟုတ်ပါဘူး။ တစ်နေရာတည်းကြည့်ပြီး အကုန်လုံးတော့ ကောက်ချက်မချသင့်ဘူး။ နောက်ပြီး NUG ရဲ့ စီမံခန့်ခွဲနိုင်မှုပိုင်းတွေမှာ အားနည်းချက်တွေရှိနေတယ်ဆိုတာကလည်း ကိုယ်လုပ်နေတဲ့နေရာ၊ ရာထူးအပေါ်မှာ အလွဲသုံးစားလုပ်နေကြတာတွေကြောင့်ပါ” လို့ မောင်းကိုပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးကာလအချိန်တစ်ခု ရောက်လာတာနဲ့အမျှ NUG စိုးမိုးနယ်မြေတွေအတွင်း ပသုံးလုံးယန္တရား (ပကဖ၊ ပအဖ၊ ပလဖ) အဖွဲ့ဝင်တော်တော်များများရဲ့ အုပ်ချုပ်ရေးအာဏာ အလွဲသုံးစားလုပ်မှု ပြဿနာ၊ လုပ်ပိုင်ခွင့်အငြင်းပွားမှုနဲ့ စည်းကမ်းပိုင်းဆိုင်ရာ ယိုယွင်းအားနည်းမှုတွေရှိလာတယ်လို့လည်း ဒေါက်တာ တေဇာစန်းအပါဝင် တော်လှန်ရေး အင်အားစုတချို့က ပေါ်ပေါ်ထင်ထင် ဝေဖန်ပြောဆိုပါတယ်။
ဒီအထဲ PDF တပ်ရင်းတပ်ဖွဲ့ တချို့မှာပါ စည်းကမ်းပိုင်း အားနည်းလာကြောင်း ဒေါက်တာ တေဇာစန်းက ထောက်ပြပြောဆိုထားပါတယ်။
“တချို့သော ပသုံးလုံးယန္တရားတစ်ချို့ရဲ့ မလျော်သြဇာသုံးတာ၊ စီမံခန့်ခွဲမှုအလွဲတွေက ကျနော်တို့ထက် မြေပြင်ကပြည်သူတွေအပေါ် ပိုလွှမ်းမိုးပါတယ်။ နောက်ဆုံး သတင်းတွေဖြေတာကအစ ဘယ်လိုဖြေပါ။ ဘယ်လိုမဖြေနဲ့စသဖြင့် ချုပ်ကိုင်မှုတွေရှိတယ်။ ဟိုလိုဖြေပါ။ ဒီလိုဖြေပါပေါ့။ သူတို့ပဲဖြေလို့ရတာမျိုးပေါ့။ လူတစ်ရာမှာတစ်ရာကိုမေးရင် သူတို့ကို ပြုပြင်ပြောင်းလဲစေချင်ကြတာချည်းပဲ။ ဒါပေမယ့် ကိုယ်တိုင်လက်ခံမှပဲ ရမှာပါ။ အထူးသဖြင့် လူအင်အား၊ လက်နက်အင်အားကောင်းရင် သူများဝေဖန်တာ မခံချင်ကြပါဘူး။ ကျနော်တို့ Local တွေထက် သူတို့စည်းဝိုင်းချင်းကလူတွေတောင် အထက်အောက် အာဏာမစီးဆင်းနိုင်ပါဘူး။ အဲ့ဒါကြောင့် မြေပြင်က စီမံခန့်ခွဲမှုအလွဲတွေ၊ မလျော်သြဇာသုံးစွဲတာတွေ၊ ငွေကြေးအလွဲသုံးစားလုပ်တာတွေကို အထက်ကရော သိရဲ့လားလို့ မေးချင်ပါတယ်” လို့ အညာအခြေစိုက်ဒေသ (Local) ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။
ဒါ့အပြင် NUG ရဲ့ ငွေကြေးဘဏ္ဍာရေးဆိုင်ရာ (Money Power) စီမံခန့်ခွဲမှု အားနည်းမှုနဲ့ ဘဏ္ဍာငွေကြေးအားနည်းချက်တွေကြောင့် လက်နက်ကိုင်တပ် (PDF ၊ ပကဖ ၊ ပလဖ) တွေအပေါ် တိုက်ပွဲအတွက်လိုအပ်တဲ့ လက်နက်ခဲယမ်းတွေနဲ့ ရုပ်ဝတ္တုပစ္စည်း (Material Power)တွေ လုံလောက်စွာ ဖြည့်တင်းမှုမလုပ်ဆောင်ပေးနိုင်တော့ဘဲ ထောက်ပံ့မှု (Logistics Supply)တွေ အားနည်းလာကြောင်း၊ ဒီအတွက် တပ်တွေအပေါ် အပြည့်အဝ ကွပ်ကဲအုပ်ချုပ်ဖို့၊ CoC အော်ဒါဝင်ဖို့ အခက်အခဲတွေဖြစ်လာကြောင်း သိရပါတယ်။
“ဒေါက်တာ တေဇာစန်း ပြောတာတွေကို အပြည့်အဝ ထောက်ခံပါတယ်။ သူပြောတဲ့အထဲ NUG ကို ဖျက်သိမ်းဖို့အကြောင်း မပါဘူး။ မြေပြင် ပ၃လုံးထဲမှာလည်း သူပြောတာတွေနဲ့ ကိုက်ညီတာတွေ အတော်များများဖြစ်နေတာပဲ။ အဲ့တော့ သူပြောသလို အလုပ်မလုပ်နိုင်တဲ့ ခေါင်းဆောင်တွေချိန်းတာတို့ မူဝါဒ ပြောင်းတာတို့ လုပ်ရမှာတွေက တကယ်ဖြစ်သင့်နေတာပါ။ မြေပြင်မှာကော ဗဟိုအထိပါ Manpower မရှိတဲ့သူတွေဟာ ကိုယ့်ကိုကိုယ်လည်း သိတယ်။ သက်ဆိုင်ရာ တွဲဘက်တွေကလည်း သိနေတယ်။ ဒီနေရာမှာ တော်လှန်ရေးကို အဓိကပဲ မျက်နှာမူစေချင်တယ်။ ဒါပေမယ့် ပကဖ အင်အားတွေကို PDF နဲ့ ပေါင်းဖို့ဆိုတာတာ နည်းနည်းတော့ ခက်မယ်။ လူပြောင်း၊ မူပြောင်းလုပ်နိုင်ရင်ကို ပိုပြီးတိုးတက်မယ်လို့ မြင်ပါတယ်။ လူပြောင်း၊ မူပြောင်း ဆိုတာကလည်း အလုံးစုံပြောင်းရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒေါက်တာဆိုလိုတာလည်း အဲသဘောပဲလို့ ယူဆပါတယ်။” လို့ မင်းဘူးခရိုင်အတွင်းက မြို့နယ်တစ်ခုမှာ ပကဖ တာဝန်ခံအဖြစ် ဆောင်ရွက်နေသူ ၁ယောက်က မောင်းကိုပြောပါတယ်။
ဒေါက်တာတေဇာစန်းကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ လက်ရှိအချိန်အထိ တော်လှန်ရေးအောင်ဖို့အတွက် လုံလောက်တဲ့ တရားဝင်မှုနဲ့ လူထုထောက်ခံမှု (de’ jure Legitimacy and Public Support) ရှိနေဆဲဖြစ်တာကြောင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ဘဏ္ဍာရေးနဲ့ စစ်ရေးအစရှိတဲ့ ကဏ္ဍအလိုက် အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ စနစ်တကျ တည်ဆောက်နိုင်ဖို့ ပြောင်းလဲ ပြင်ဆင်သင့်တယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။