မကွေးတိုင်း၊ ဂန့်​​ဂေါမြို့နယ်မှာ ကျူရှင်သင်မှု ပိတ်ပင်တားမြစ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ပြည်သူ့အခြေပြုပညာရေးစနစ်သင်ကြားမှုကို ကမောက်ကမ မဖြစ်စေဖို့နဲ့ ကျောင်းသားတွေကြားခွဲခြားဆက်ဆံမှုတွေမရှိအောင် ရည်ရွယ်တယ်လို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ၁ ဦးငြိမ်းသူရက ​မောင်းကို ပြောပါတယ်။

ဂန့်ဂေါမြို့နယ်အတွင်းက NUG ရဲ့ ကြားကာလ ပညာရေးယန္တရားမှာ လည်ပတ်နေတဲ့ ပညာရေးဝန်ထမ်း ဆရာဆရာမတွေအနေနဲ့ ကျူရှင်သင်ကြားခြင်းကို မပြုလုပ်ကြဖို့နဲ့ သင်ကြားမှုတွေလုပ်ဆောင်နေရင် ပညာရေး ယန္တရားကနေ ထုတ်ပယ်သွားမှာဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့ ဇွန်လ ၂၂ရက် နေ့စွဲနဲ့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒီအတွက် ဂန့်ဂေါမြို့နယ်အတွင်းက ကျေးရွာ၊ အုပ်စု၊ ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ ပညာရေးစတဲ့တာဝန်ခံတွေထံမှာဆရာဆရာမတွေ ကျူရှင်သင်ကြားခြင်းမပြုလုပ်မယ့် ခံဝန်ကတိတွေ ထိုးထားကြဖို့လည်း စာပို့အကြောင်းကြားထားတယ်လို့ သိရပါတယ်။

အခုလို သတိပေးချက်ကို ဖောက်ဖျက်ပြီး ကျူရှင်သင်ကြားနေတာမျိုးတွေ တွေ့ရှိရင် သင်ကြားသူနဲ့အတူ သင်ယူတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ကြားကာလ ပြည်သူ့ကျောင်းတွေမှာ အတန်းပြောင်းမှု၊ ကျောင်းအပ် ကျောင်းပြောင်းကိစ္စရပ်တွေကို ဆောင်ရွက်ပေးမှာမဟုတ်ဘူးလို့ ဂန့်​ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့က ပြောထားပါတယ်။

“အရေးယူမှုဆိုတဲ့ အဓိပ္ပါယ်က ဒီလိုပါဗျ၊ ကျူရှင်တက်တဲ့ ကလေးတွေနဲ့ သင်ပေးတဲ့ ဆရာဆရာမတွေရဲ့ ကောင်းခြင်း၊ ဆိုခြင်း၊ တော်ခြင်း၊ ညံ့ခြင်း အပါဝင် မည်သည့်ကိစ္စကိုမဆို ပညာရေးဘုတ်က တာဝန်မယူတော့ဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ ကျနော်တို့က ပညာသင်ကြားခွင့်ကို ပိတ်ပင်တာမဟုတ်ပါဘူး၊ သင်ချင်သင် မသင်ချင်နေ စည်းကမ်းမလိုက်နာလို့ သူတို့အတွက် တာဝန်မယူဘူးလို့ဆိုလိုတာပါ” လို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ၁ ဦးငြိမ်းသူရက ​မောင်းကို ပြောပါတယ်။

အခုလို ဂန့်ဂေါမြို့နယ်အတွင်း ကျူရှင်ပြသခြင်း မလုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ကို ကြားကာလ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒအရအပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ ဒေါက်တာသိန်းလွင်၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့တို့ တွေ့ဆုံပွဲကနေ အတည်ပြု ချမှတ်ခဲ့တာလို့လည်း သိရပါတယ်။

“ကျနော့်အမြင်အရကတော့ ခုလက်ရှိ ကြားကာလပညာရေးအစီအမံတွေကတဆင့် အနာဂတ်ပညာရေးအစီအမံတွေအတွက်ထိပါ ရည်မှန်းထားတာတွေရှိနေလို့ ခုလ်ို ထုတ်ပြန်တာလို့မြင်မိပါတယ်။ ယောဒေသထဲ ကျန်တဲ့မြို့နယ်တွေမှာတော့ ထုတ်ပြန်ချက် တစ်စုံတစ်ရာမရှိသေးဘူး။ ကျူရှင်သင်ကြားတဲ့စနစ်ဟာ NUGရဲ့ပညာရေး၀န်ကြီးဌာနက ရေးဆွဲနေတဲ့ပညာရေးစီမံချက်တွေနဲ့ယှဥ်ကြည့်ရင် မလိုအပ်လာတော့ဘူးလို့မြင်မိပါတယ်။ ဥပမာ အရင်ကလို ဒီသင်ခန်းစာသင် ဒီဟာကျက်ပြီး ဖြေဆိုတာတွေထက် ပိုတဲ့ ပညာရေးအစီအမံတွေလည်း ရှိလာလိမ့်မယ်လို့မြင်ပါတယ်” လို့ ပညာရေးဘုတ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ် ဂန့်ဂေါဒေသခံ ၁ယောက်က သူ့အမြင်ကို မောင်းကို ပြောပါတယ်။

ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးငြိမ်းသူရကတော့ အခုလို ကျူရှင်သင်ကြားခွင့်ပိတ်ပင်တာဟာ CDM ပညာရေးဝန်ထမ်းတွေနဲ့ စေတနာ့
ဝန်ထမ်းတွေရဲ့စားဝတ်နေရေးထက် စနစ်သစ်ပညာရေးစနစ်နဲ့သွားနေတဲ့ ပြည်သူ့အခြေပြု ပညာရေးယန္တရား ရပ်တန့်မသွားဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။

“ကျူရှင်တွေကို အဓိကပိတ်ပင်ရတဲ့ အကြောင်းထဲ ကလေးတွေ ခွဲခြားဆက်ဆံခံရတာတွေလည်း ပါသလို၊ စနစ်သစ်ရဲ့ သင်ကြားရေးနည်းစနစ်တွေကို ကမောက်ကမ မဖြစ်စေချင်လို့ပါ။ အကြောင်းအရာတွေကို သင်ကြားပြီးသားဖြစ်နေတဲ့အခါ စာတွေကြိုသိတဲ့အုပ်စုရယ်၊ မသင်ရသေးလို့ မသိတဲ့အုပ်စုရယ်ဆိုပြီး ကွဲသွားမယ်။ အဲ့အခါ ဆရာတွေရဲ့ သင်ကြားရေးလုပ်ငန်းက အဆင်မပြေတော့ပါဘူး။ နောက်ပြီး ကျူရှင်တွေ တရားဝင်ခွင့်ပြုလိုက်မယ်ဆို ပညာရေးဘုတ်အဖွဲ့ဝင်တွေရော ဆရာ/မ တွေရောက ကျောင်းစနစ်ဖြင့် မသင်တော့ဘဲ တနိုင်တပိုင် ကျူရှင်သင်ကြတော့မှာပေါ့။ တရားဝင်ခွင်ပြုရင်တော့ ကျနော်တို့ လင်မယား ၂ ယောက်လည်း B.Ed ဘွဲ့ရ CDM တွေမို့ စားဝတ်နေရေးကြောင့် ကျူရှင်သင်မှာပါ။ (တရားဝင် ခွင့်ပြုရင်ပြောတာပါ။) အဲ့အခါကျရင် တာဝန်ခံကအစ ကျူရှင်သင်တယ်ဆိုပြီး အပြစ်မပြောပါနဲ့။ ဒီအခုလို ကြားကာလမှာ သင်နေတဲ့ CDM တွေ Volunteer တွေ စားဝတ်နေရေး ပြေလည်ရေး အတွက် ကျူရှင်သင်မယ်။ ကျောင်းသားမိဘတွေကတော့ ငွေတွေထပ်ကုန်ပြီး စားဝတ်နေရေး ကြပ်တည်းမှာပါပဲ။ ပြီးရင် စနစ်သစ်ပညာရေးလည်း ရေစုံမျောပြီး ဟိုအရင်ကလို ပညာရေးစနစ်ပဲ ဖြစ်သွားပါလိမ့်မယ်” လို့ သူက မောင်းကို ပြောပါတယ်။

ဂန့်ဂေါမြို့နယ်အတွင်းရှိ ကြားကာလပြည်သူ့အခြေပြု ကျောင်းတစ်ခုမြင်ကွင်း (ပုံဟောင်း)

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဂန့်​ဂေါမြို့နယ်မှာ ကြားကာလပြည်သူ့အခြေပြုကျောင်းတွေ ဖွင့်လှစ်ရင်း ကျောင်းသား ၁သောင်း၇ထောင်နီးပါးကို ဆရာဆရာမနဲ့ စေတနာ့ဝန်ထမ်း ၁ထောင့် ၆ရာလောက်ကပညာသင်ကြားပေးခဲ့ရာမှာ စတုတ္ထပညာသင်နှစ် ပြီးမြောက်ခဲ့ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်​စစ်ကောင်စီရဲ့ လေကြောင်းရန်အန္တရာယ်တွေကြောင့် လာမယ့် ပဥ္စမပညာသင်နှစ်ကို စတင်နိုင်ဖို့ ဘေးကင်းလုံခြုံအောင် ဆောင်ရွက်ကြိုးစားနေပြီး ကျူရှင်ယူတဲ့ သင်ကြားသူတွေနဲ့ ကျောင်းသားကျောင်းသူတွေကို ပညာသင်နှစ်အတွင်း ကျောင်းပြောင်း၊ ကျောင်းအပ်ကိစ္စရပ်တွေ လုပ်ဆောင်ပေးသွားမှာမဟုတ်ဘူးလို့လည်း ဦးငြိမ်းသူရက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းကစလို့ အခုနှစ် ၂၀၂၅ မေလအထိ ဂန့်ဂေါမြို့နယ်အတွင်းက လာပို့၊ နှမ်းခါး၊ ကန်၊ ဘော်ပြင်း၊ ကျွန်းခုံသာနဲ့ ဆည်ပေါ်ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ စာသင်ကျောင်းတွေနဲ့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

“လေကြောင်းကြောင့်ရော ၊ ရှောက်ပင် (အောင်မြင်ရွာ)ကို စကစ ထိုင်လိုက်တဲ့အခါ မြို့နဲ့ ၅ မိုင်ပတ်လည်က ရွာတွေက ကျောင်းမဖွင့်နိုင်ကြတော့သလို ဖြစ်သွားတယ်ဗျ၊ အဲ့လို ကျောင်းတွေ မဖွင့်နိုင်လို့လည်း ကျူရှင်တွေသင်ကြတာ ဖြစ်ပါလိမ့်မယ်။ မိဘက အကူညီတောင်းလို့၊ ကျောင်းတွေမဖွင့်နိုင်သေးလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ တချို့က ပြည်သူ့အခြေပြုကျောင်းကို စာလာမသင်တော့ဘဲ အိမ်မှာ စီးပွားဖြစ် သင်လာတဲ့သူတွေလည်း ရှိလာတယ်။ ဒီတော့ တစ်ခုပိတ်ရင် အားလုံးပိတ်ဆိုသလိုပေါ့။ ချိုးဖောက်တဲ့သူကလည်း တစ်ဦးတစ်ယောက်တည်းမဟုတ်တာမို့ မတတ်သာတဲ့အဆုံး အမုန်းခံကြေညာရတာပါ။” လို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ၁ ဦးငြိမ်းသူရက ​မောင်းကို ပြောခဲ့ပါတယ်။

 

0 Shares:
You May Also Like
Read More

စစ်တပ်က မုံရွာမြို့တွင် ပေါ်တာဆွဲထားသည့် လူငယ် ၈၀ ကျော်ကို ထမင်းမကျွေးနိုင်တော့လို့ဆိုပြီး နမခထဲ ပို့ဆောင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ထမင်းမကျွေးနိုင်တဲ့အတွက် နမခထဲကို ပို့ဆောင်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

စဉ့်ကူးမြို့နယ်မှာ ပြင်းထန်ငလျင်ကြောင့် လူ ၃၄ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်မှာ မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်‌ကြောင့် လူ (၃၄) ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ပါတယ်။
Read More

မောင်ရွှေလေးလို ရေတပ်စခန်းကြီးကို လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက ပင်လယ်ပြင်လေ့ကျင့်ခန်း လုပ်ဦးမယ်လို့ ဆိုပြန်

အာရက္ခတပ်တော် AA ရဲ့ တိုက်ခိုက်မှုကြောင့် ရေတပ်စခန်းတွေကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီရေတပ်က ပင်လယ်ပြင်လေ့ကျင့်ခန်းကို ၄ ရက်ကြာ ပြုလုပ်မယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီးလိုအပ်နေသေးတယ်လို့ NUG ဝန်ကြီးချုပ် ပြော

တော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီး လိုအပ်နေသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ 
Read More

လောင်းလုံးမြို့တော်ခန်းမရှေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်က မြို့တော်ခန်းမနဲ့ ဆေးရုံရှေ့မှာ စစ်အုပ်စုဆန့်ကျင်ရေး ဆန္ဒပြခဲ့တယ်လို့ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လေးကေ့ကော် စွယ်တော်ကုန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် မြင်ကွင်းများ…

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့အနီးက စွယ်တော်ကုန်း လက်နက်ကြီးဗျူဟာစစ်စခန်းကို KNLA ဦးဆောင်ပြီး ကော်ဘရာစစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။