အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ မတရားအာဏာလု အုပ်ချုပ်နေတဲ့ လက်ရှိအချိန်မှာ  ကျောင်းသားကျောင်းသူအချင်းချင်း အကြမ်းဖက်မှုတွေ ပိုမိုကျယ်ပြန်လာတယ်လို့ ပညာရေးအသိုင်းအဝိုင်းနဲ့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။

အခုလို ကျောင်းတွင်းအကြမ်းဖက်မှုတွေ ပိုမိုဖြစ်ပေါ်လာနေတဲ့အတွက် ကျောင်းသားမိဘတွေကလည်း ပညာသင်နှစ်တစ်နှစ် ပြီးဆုံးသွားတဲ့အခါ နောက်တစ်နှစ် ဆက်ထားဖို့ စိုးရိမ်ပူပန်မှုတွေ ရှိနေကြတယ်လို့ ဆိုပါတယ်။

ကျောင်းသားအချင်းချင်း အကြမ်းဖက်မှုတွေ ပိုမိုဖြစ်ပေါ်လာတာဟာ မိဘအုပ်ထိန်းမှု အားနည်းတာကြောင့်ဖြစ်သလို အသက်မပြည့်သေးတဲ့ ကျောင်းသားကျောင်းသူတွေကို ဖုန်းပေးသုံးတာနဲ့လည်း ဆိုင်တယ်လို့ ကျောင်းသားတစ်ယောက်ရဲ့ဖခင်က သူ့အမြင်ကို ပြောပါတယ်။

“ကျနော့်အမြင်ကတော့ ကလေးတွေကို ကျောင်းနေအရွယ်တွေကို ဖုန်းမပေးသုံးသင့်ဘူးလို့ မြင်ပါတယ်။ အတုမြင် အတတ်သင် စမ်းသပ်ချင်ကြတာ များလို့လေ.. နောက်ပြီး မိဘအုပ်ထိန်းသူတွေရဲ့ ဆုံးမမှုအားနည်းလာတာကြောင့်လည်း ပါတာပေါ့။ သားလေးရှိတော့ မိဘချင်း ကိုယ်ချင်းစာတယ်။ ကိုယ့်သားကိုလည်း စိုးရိမ်တယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မြောင်းမြ အ.ထ.က (၆) စာသင်ကျောင်းက ကျောင်းသူတစ်စုက တခြားကျောင်းသူတစ်ယောက်ကို ပါးရိုက်ပြီး ဒူးထောက်ကန်တော့ခိုင်းတဲ့ ရုပ်သံတစ်ခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဒီလိုကိစ္စတွေအပေါ်လည်း စိုးရိမ်မိကြောင်း အထက်ပါ ဖခင်က ဆက်ပြောပါတယ်။

“ကျနော်တို့မြို့မှာတော့ အဲ့လို အုပ်စုဖွဲ့အနိုင်ကျင့်တာတော့ မတွေ့ဖူး မကြားဖူးသေးဘူး။ မြောင်းမြမှာဖြစ်တဲ့ အုပ်စုဖွဲ့ အနိုင်ကျင့်တဲ့ ကျောင်းသူကိုတွေ့ပြီး မိဘချင်း ကိုယ်ချင်းစာတယ်။ စိတ်ပူတယ်။ သူ့နေရာမှာ ကျနော့်သမီးသာဆို အကုန်… ဖို့အထိ စိတ်ထည့်ထားတာ”

အစိုးရကျောင်းတွေမှာ ပညာဆက်မသင်တော့ဘဲ CDM လုပ်ထားတဲ့ ကျောင်းသားတွေရဲ့ မိဘတွေကတော့  အခုလို ကျောင်းတွင်းအကြမ်းဖက်မှုတွေဟာ တိုင်းပြည်အုပ်ချုပ်သူတွေက ပြည်သူတွေ လက်ခံရွေးချယ်ထားတဲ့ အစိုးရ မဟုတ်တာကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။

“ငါတို့ စစ်‌ေ-ွး ကျောင်းမှာတော့ မထားဘူး။ စာမတတ်ရင်နေပါစေ၊ ‌ေ-ွးကျောင်းတော့ ဘယ်တော့မှမထားဘူး”လို့ ကျောင်းသားမိဘတစ်ယောက်က ပြောပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို ပြည်သူဆီက အတင်းအဓမ္မ လုယူပြီးတဲ့နောက် အစိုးရဝန်ထမ်းတွေ CDM လုပ်ကြသလို ပညာရေးအသိုင်းအဝိုင်းမှာလည်း CDM လုပ်ထားကြတဲ့ ဆရာဆရာမတွေ ကျောင်းသားကျောင်းသူတွေရှိသလို အခြေအနေအမျိုးမျိုးကြောင့် ဆက်လက်ပညာသင်ကြားနေကြသူတွေလည်း ရှိနေပါတယ်။

စစ်အစိုးရကို ဆန့်ကျင်ကာ CDM လုပ်ထားကြတဲ့ ကျောင်းဆရာဆရာမတွေ နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ ဆရာဆရာမတွေလည်း စာသင်ကျောင်းတွေမှာ အများအပြား ရှိနေပါတယ်။

“အခုခေတ်ကကျတော့ ဆရာဆရာမတွေ ကိုယ်တိုင်က စေသနာ၊ ဝါသနာ၊ အနစ်နာ ဆိုတဲ့ နာ၃နာနဲ့ ဆရာမ လုပ်တဲ့သူက ခပ်ရှားရှားရယ်၊ အချောင်ရလို့သာ ဝင်လုပ်ကြတာ များတယ်လို့ပဲ မြင်တယ်။ ဆရာ ဆရာမတွေ ကိုယ်တိုင်က စံပြကောင်းတစ်ယောက်အဖြစ် ရှေ့ကနေ ပြတာ မတွေ့ဘူး။ လူရိုသေ ရှင်ရိုသေအောင် မနေကြဘူး။ လျှပ်ပေါ်လော်လီနဲ့ ကလေးတွေရှေ့ tt ရိုက်ချင် ရိုက်လိုက်တာပဲ။ ဆရာဆိုတာက လမ်းပြသူပဲလေ။ ကိုယ်က ရှေ့က လမ်းပြကောင်းမှ နောက်က နောက်လိုက်တွေအတွက် နမူနာကောင်းဖြစ်မှာပေါ့” လို့ CDM ကျောင်းဆရာမ တစ်ယောက်က ပြောပါတယ်။

ဆရာ ဆရာမတွေအနေနဲ့ စာသင်ပေးရုံတစ်ခုတည်း မဟုတ်ဘဲ ကျောင်းသားကျောင်းသူတွေအတွက် အခြေခံလိုအပ်ချက်တွေကိုပါ အသိပညာပေး သင်ကြားပေးဖို့ လိုတယ်လို့ အထက်ပပါ CDM ကျောင်းဆရာမက ဆက်ပြောပါတယ်။

“ပြောချင်တာက ဆရာဆရာမ အလုပ်က စာသင်ဖို့ပဲ မဟုတ်ဘူး။ ကလေးအခြေအနေတွေပါ လိုက်ကြည့်ရမယ်။ သိတားရမယ်။ အခုခေတ်က ဆရာဆရာမ အများစုကိုတော့ အချောင်ရလို့လုပ်တယ်ပဲ မြင်တယ်။ ကျမတို့ခေတ်က အဲ့လိုအခြေအနေတွေနဲ့ မကြုံခဲ့ရဘူး။ ကလေးတွေက စရိုက်ကတော့ အစုံရှိကြတယ်။ ဆိုးကြတယ်။ မရိုင်းကြဘူး”

လက်ရှိ မြန်မာနိုင်ငံကို အုပ်စိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ စစ်အသုံးစရိတ်တွေ တိုးမြှင့်ကာ ပြည်သူတွေကို နေ့စဥ်နဲ့အမျှ သတ်ဖြတ်နေပြီး နိုင်ငံရဲ့ ကောင်းကျိုး၊ ပြည်သူတွေရဲ့ကောင်းကျိုးအတွက် ဘာတစ်ခုမှ မလုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုလက်ထဲမှာ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်က ခြွတ်ခြုံကျနေသလို ပညာရေးကဏ္ဍဟာလည်း များစွာ နိမ့်ကျလာနေတာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အနန်းကွင်း စစ်ကောင်စီတပ်စခန်းကို စစ်ကူလာတဲ့ တပ်မ ၄၄ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၄၀ ကျော်သေဆုံး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစစ်တပ်စခန်းကို စစ်ကူလာတဲ့ အင်အား ၁၅၀ ကျော်ပါ တပ်မ ၄၄ စစ်ကြောင်းကို​ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ စစ်သား အယောက် ၄၀ ကျော်သေဆုံးခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူကြောင့် တော်လှန်ရေးအောင်မြင်နေတာဖြစ်ပြီး ပြည်သူတွေ ဒုက္ခကို ကြံ့ကြံ့ခိုင် ကျော်လွှားတောင့်ခံနေကြတာကို ဂုဏ်ယူတယ်လို့ KNU အထွေထွေအတွင်းရေးမှူးချုပ် ပြော

နွေဦးတော်လှန်ရေး အောင်မြင်နေတာဟာ ပြည်သူကြောင့် ဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဒုက္ခကို ကြံ့ကြံ့ခိုင်ကာ ကျော်လွှားတောင့်ခံနေကြတာကို ဂုဏ်ယူတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောပါတယ်။
Read More

ဆိပ်ဖြူမှာ လူငယ်တွေကိုဖမ်းဆီး၊ ရွာတွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ရွာ ၅ ရွာက လူ ၇ ထောင်ခန့် တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်နေတဲ့အတွက် ကျေးရွာ ၅ ရွာက အရပ်သား ၇ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ယောဒေသမှာ တိုက်ပွဲဝင်နေသည့် ရှေ့တန်းရောက် ယောကာကွယ်ရေးတပ် (YDF) ရဲဘော်များ (ဓာတ်ပုံသတင်း)

ယောဒေသ ရှေ့တန်းတစ်နေရာမှာ လက်ရှိတိုက်ပွဲဝင်နေတဲ့ ယောကာကွယ်ရေးတပ် - YDF က ရှေ့တန်းရောက် ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို YDF က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နတ်သံကွင်း၊ ကွင်းချောင်းဝဗျူဟာရှိ အကြမ်းဖက်စစ်တပ်မှ ပြည်သူ့စစ် (၈) ဦး လက်နက်မဲ့ အလင်းဝင်

ပဲခူးတိုင်းအခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ နတ်သံကွင်း၊ ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းသင်တန်းဆင်း ပြည်သူ့စစ် (၈) ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ(၂၅)ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင် တပ်ရင်း ၂ က မနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်ပသာမက ပြည်တွင်း delivery လုပ်ငန်းအချို့ပါ ခတ္တရပ်နားထားရ

အာဏာသိမ်း စစ်ကော်မရှင်က ပြည်ပပို့ကုန်တွေကို ကုန်သွယ်ခွင့် ကန့်သတ်လိုက်ပြီးတဲ့နောက် ပြည်တွင်းထဲမှာပါ delivery service (အမြန်ချောပို့) လုပ်ငန်းတွေကိုလည်း သယ်ယူပို့ဆောင်ခွင့် ကန့်သတ်ထားတယ်လို့ Online ဈေးရောင်းသူတွေထံက သိရပါတယ်။