ကရင်ပြည်နယ်၊ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း တိုက်ပွဲအတွက် အင်အားဖြည့်တင်းဖို့ ကျုံဒိုးမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ မွန်-ကရင် တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဇွန်လ ၁၉ရက်နေ့မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အယောက် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ KNLA တပ်မဟာ (၆)၊ တပ်မဟာလုံခြုံရေးစစ်ကြောင်း (၂)၊ Lion Battalion Commando – စစ်ကြောင်းရုံးတပ်ဖွဲ့ဆီက သိရပါတယ်။

ကျုံဒိုးမြို့အထွက် နွားခြံကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပြီး အရှမ်းဖမ်းဆီးရမိသူတွေ မရှိခဲ့ပေမယ့် ဗိုလ်မှူးနဲ့ ဒုဗိုလ်မှူးကြီး တစ်ယောက်ကတော့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့တဲ့အတွက် ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့တွေ နယ်မြေရှင်းလင်းမှုလုပ်ဖို့ ပြန်တက်သွားတဲ့အချိန်မှာ အရှင်တော့ တစ်ယောက်မှမမိဘူး။ အကုန်လုံးက အသေတွေချည်းပဲ၊ မသေတဲ့ကောင်တွေကလည်း ကိုယ်တွေဆီမှာ ရောက်တဲ့အခါကျတော့ ဆေးကုသမှုတောင် မကုသလိုက်ရဘူး။ သူ့ဘာသာသူ အော်ဟစ်ရင်းနဲ့ သူ့ဘာသာသူရတဲ့ ဒဏ်ရာနဲ့ပဲ အသက်ထွက်ကုန်တယ်.. လက်နက်ခဲယမ်းက ၃၀ လောက် ရလိုက်တယ်. လက်နက်ကြီးငယ်အားလုံးပေါ့။ အခုလောလောဆယ် ဗိုလ်မှူးနဲ့ ဒုဗိုလ်မှူးကြီး ၂ယောက်ကတော့ ဆေးရုံမှာ ကုသမှု ယူနေရတယ်ပေါ့လေ” လို့ KNLA တပ်မဟာ (၆)၊ တပ်မဟာလုံခြုံရေးစစ်ကြောင်း (၂) စစ်ကြောင်းမှူး ဗိုလ်အယ်စေးဝါးက မောင်းကို ပြောပါတယ်။

ထိတွေ့တိုက်ပွဲ ဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေဟာ လမ်းမကြီးအတိုင်း ပြန်လည်ဆုတ်ခွာသွားပြီး ခမရ (၅၄၆) နဲ့ ကျုံဒိုးမြို့ဘက်ကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က သေဆုံးမှုများပြားခဲ့တဲ့အတွက် တပ်မ ၅၅ နဲ့ တပ်မ ၄၄ က စစ်ကောင်စီတပ်သား အင်အား ၁ဝဝ ကျော် ထပ်မံစစ်ကြောင်းထိုးလာတာကြောင့် ဒီနေ့ ဇွန်လ ၂၂ရက်၊ မနက် ၂နာရီလောက်မှာ KNLA ပူးပေါင်းတပ်တွေနဲ့ ၃နာရီကြာ ပစ်ခတ်မှုအသေးစား ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“အခုလည်း ရန်သူက ထိုးစစ်ပြန်ဆင်လာတယ်။ နွားခြံကုန်းရွာ အနောက်ဘက်ခြမ်းရဲ့ အစွန်းမှာ ထပ်ရောက်နေပြီး ရွာကို ဝင်လာနေပြီပေါ့နော်။ သူတို့ လာပါစေ၊ သူတို့ကို အမြဲတမ်း ကြိုဆိုထားပါတယ်။ သူတို့က အခုလက်ရှိအခြေအနေကတော့ တပ်မ ၃/၄ မ, ပေါင်းမှပဲ စစ်ကြောင်းတစ်ကြောင်းပဲ ရတော့တဲ့ အနေအထားမျိုးဖြစ်နေပြီကိုး.. သူတို့လည်း တပ်ပြိုတပ်ပြဲ ဖယိုဖရဲတွေ ဖြစ်နေပြီဆိုတော့လည်း ညကတည်းကကို ထိတွေ့မှုအစလေးဖော်နေပြီပေါ့လေနော်။ အခု ဒီနာရီ စက္ကန့်ပိုင်းမှာတော့ သူတို့ ဘယ်အချိန်မှာ ထိုးစစ်ဆင်လာမလဲ၊ ကျားထိုးလာမလဲတော့ မသိဘူး။ စစ်ရေးအခြေအနေကတော့ တင်းမာနေတဲ့ အခြေအနေပါ” လို့ စစ်ကြောင်းမှူး ဗိုလ်အယ်စေးဝါးက ဆက်ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်သားတွေဟာ တပ်ရင်းတွေထဲမှာ အထိုင်ချထားတာမျိုး မဟုတ်တော့သလို  တော်လှန်ရေးတပ်ဖွဲ့တွေ မြို့ပေါ်တက်ပြီး တိုက်ခိုက်မှာကို စိုးရိမ်တဲ့အတွက် မြို့ထဲမှာ ခံစစ်တွေ၊ ကင်းပုန်းတွေ ချထားတာမျိုး မဟုတ်တော့ဘဲ မြို့ပြင်၊ မြို့အစွန်တွေဘက်မှာ အခိုင်အမာ အထိုင်ချထားတာဖြစ်တယ်လို့ ဆိုပါတယ်။ 

“လက်ရှိ ၅၄၅၊ ၅၄၆ ထဲမှာတော့ လူဦးရေက အဲ့လောက်ထိ သိပ်မရှိတော့ဘူး။ မြို့ရဲ့အပြင်ဘက်ကို အခုတောက်လျှောက်နေရာတွေယူပြီးတော့ ကင်းပုန်းတွေ၊ ခံစစ်တွေ.. တော်လှန်ရေးသမားတွေ ထိုးစစ်ဆင်ပြီး မြို့ထဲဝင်လာမှာဖြစ်တဲ့အတွက်ကြောင့် သူတို့က စိုးရိမ်ပြီးတော့ မြို့ရဲ့အကာပေါ့လေနော်.. တောက်လျှောက်ကို သူတို့က ခံစစ်တွေ၊ ပြီးတော့ မိုင်းကွင်းတွေ၊ သတ်ကွင်းတွေ၊ ပြင်ဆင်မှုတွေ သူတို့ ခိုင်ခိုင်မာမာတော့ တည်ဆောက်ထားတယ်” လို့ KNLA တပ်မဟာ (၆)၊ တပ်မဟာလုံခြုံရေးစစ်ကြောင်း (၂) စစ်ကြောင်းမှူး  ဗိုလ်အယ်စေးဝါးက ပြောခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ တပ်ပျက်ပြီး အခြေအနေမကောင်းတော့တာကြောင့် ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်သားတွေ အမြင်မှန်ရပြီး တော်လှန်ရေးတပ်ဖွဲ့တွေဆီ လာရောက်ပူးပေါင်းကြဖို့ အချိန်ရှိသေးကြောင်းလည်း သူက ဖြည့်စွက်ပြောခဲ့ပါတယ်။

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ကျုံဒိုးမြို့ခံတချို့က ဆက်လက်ရှောင်တိမ်းနေရဆဲဖြစ်ပြီး နေအိမ်တွေမှာ ကျန်ရှိနေတဲ့ ပစ္စည်းတွေကို သွားယူချင်ပေမယ့် လမ်းတလျှောက်မှာ စစ်ကောင်စီတပ်တွေ အထိုင်ချထားတာကြောင့် ပြန်လည်ဝင်ရောက်ဖို့ မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။

“ဘယ်တော့မှ အိမ်ပြန်ရမလဲ မသိဘူး။ တိုက်ပွဲကလည်း ဖြစ်လိုက်နားလိုက်နဲ့ အိမ်မှာ ဆေးတွေပြန်ယူချင်တာတောင် ပြန်ယူလို့မရဲဘူး။ ကိုယ်ပြန်ဝင်ချိန် တိုက်ပွဲဖြစ်ရင် သေမှာ။ အိမ်တွေလည်း နေလို့တောင်ရပါတော့မလား မသိဘူး။ တလောကတော့ ကြားလိုက်တယ်။ ကျမတို့အိမ်ကို သူခိုးတွေ ဝင်တယ်တဲ့၊ ပစ္စည်းတွေလည်း ဖွသွားတယ်။ ဘယ်တော့မှ အိမ်ပြန်ရမလဲ မသိဘူး” လို့ စစ်ဘေးတိမ်းရှောင်နေရတဲ့ ကျုံဒိုးမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ဇွန်လ ၁၉ရက် ကျုံဒိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ Lion Battalion Commando)

0 Shares:
You May Also Like
Read More

အောက်တိုဘာလထဲ စစ်ကောင်စီဗုံးကြဲလို့ ယောမှာ YPDF တပ်ဖွဲ့ဝင်၂ ယောက် အပါအဝင် ၁၀ ယောက်သေဆုံးပြီး အယောက် ၃၀ ကျော် ဒဏ်ရာရ

အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီက ယောဒေသကို လေကြောင်းတိုက်ခိုက်မှု ၈ကြိမ် လုပ်ဆောင်ခဲ့ရာ YPDF တပ်ဖွဲ့ဝင်၂ယောက်နဲ့ ​အရပ်သား၈ယောက်သေဆုံးပြီး နေအိမ်အဆောက်အဦးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေထိခိုက်သေကြေခဲ့တယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှာ မြို့နယ် နဲ့ တိုက်နယ် ပကဖ ပူးပေါင်းပြီး ဆန်တွေ ပေးဝေခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ တို့က ကျေးရွာတစ်ရွာကို ဆန်တွေ ပေးဝေခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

NUG စိုးမိုးထိန်းချုပ် ဧရိယာများတွင် ရွေးကောက်ပွဲ လုပ်ရန် ကြိုးစားမည့် စစ်ကော်မရှင်က ပြည်သူများကို ပိုမိုဒုက္ခပေးလာနိုင်ကြောင်း NUG ဝန်ကြီးချုပ် သတိပေး

အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်အောင် နည်းမျိုးစုံနဲ့ ကြိုးစားလာမယ့် အကြမ်းဖက်စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲမတိုင်ခင် ပြည်သူတွေကို ပိုမိုဒုက္ခပေးလာဖွယ်ရှိတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
Read More

လူ့အခွင့်အရေး ချိုးဖောက်‌နေသည့် အကျဉ်းဦးစီးဝန်ထမ်း‌များကို အရေးယူနိုင်ရန် တော်လှန်ရေးအဖွဲ့တွေထံ ကိုယ်ရေးအချက်အလက်များ ဖြန်ဝေသွားမည်ဟု PPNM ထုတ်ပြန်

"ကျွန် တော်တို့က လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ အဖွဲ့အစည်းဖြစ်တာ ကြောင့် လူ့အခွင့်အရေးနဲ့အညီ အရေးယူသွားမှာပါ" လို့ PPNM က ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

ကန်ပက်လက်မြို့မ အားကစားကွင်းမှာ ပြုလုပ်ခဲ့သည့် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် CDF-Kanpetlet စစ်ဦးစီးချုပ်ရုံး ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ…

(၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အနေနဲ့ CDF-Kanpetlet စစ်ဦးစီးချုပ်ရုံး ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကြီးကို ကန်ပက်လက်မြို့နယ်၊ မြို့မ အားကစားဘော်လုံးကွင်းကြီးမှာ အောင်မြင်စွာပြန်လည်ကျင်းပနိုင်ခဲ့တယ်လို့ Chin Defence Force - Kanpetlet က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူက မွေးဖွားလာသည့် PDF များ ကျင့်ဝတ်စည်းကမ်း ဖောက်ဖျက်ကျူးလွန်လျှင် ပဲ့ပြင်ထိန်းကျောင်းနိုင်ရန် တိုင်တန်းကြဖို့ MDY-PDF ပြည်သူကို ပန်ကြား…

ပြည်သူကြားက မွေးဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော် (PDF) တွေကို လက်နက်က ရလာတဲ့ ရာထူး၊ အာဏာတွေကြား ဖောက်ပြန်မသွားအောင် ပြည်သူလူထုအနေနဲ့ လိုအပ်သလို ပဲ့ပြင်ထိန်းကျောင်းပေးကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထုတ်ပြန်ပန်ကြားထားပါတယ်။