ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာအရေး နှစ်နိုင်ငံအကြား တင်းမာမှုတွေကို ပြေပြေလည်လည် ဖြေရှင်းကြဖို့ အာဆီယံဥက္ကဋ္ဌ မလေးရှားရဲ့ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ထိုင်းနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ကို ဖုန်းခေါ်ဆိုခဲ့ပါတယ်။

နယ်စပ်ပြဿနာကို စေ့စပ်ညှိနှိုင်းမှုတွေ၊ သံတမန်ရေးလမ်းကြောင်းတွေကတဆင့် ဖြေရှင်းဖို့ ကတိကဝတ်ပြုခဲ့ကြတဲ့အတွက် ခေါင်းဆောင်တွေကို ကျေးဇူးတင်ကြောင်း အန်ဝါက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇွန်လ ၆ ရက်က ရေးသားခဲ့ပါတယ်။

“ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး စိတ်ဓာတ်နဲ့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းရေး အာဆီယံရဲ့ အခြေခံမူတွေဟာ ဘယ်သဘောထားကွဲလွဲမှုမဆို ဖြေရှင်းဖို့ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ဖြစ်စေမယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်” လို့ သူက ရေးခဲ့တာပါ။

အလားတူ ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်ထရာနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်တို့ကလည်း အာဆီယံဥက္ကဋ္ဌ မလေးရှားရဲ့ ပဋိပက္ခပြေလည်ရေး ကြိုးပမ်းမှုကို‌ ကျေးဇူးတင်ကြောင်း အသီးသီး ရေးသားထုတ်ပြန်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၈ ရက်က နှစ်နိုင်ငံပစ်ခတ်မှုအတွင်း ကမ္ဘောဒီးယားစစ်သားတစ်ယောက် သေဆုံးခဲ့ပြီးနောက် နယ်စပ်ပဋိပက္ခ ပိုမိုတင်းမာလာခဲ့တာဖြစ်ပြီး အစိုးရတွေအကြား တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ အပြန်အလှန် ထုတ်ပြန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် ဇွန်လ ၇ ရက် ထိုင်းကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ကမ္ဘာဒီးယားဘက်က နယ်စပ်တပ်အင်အားတိုးမြှင့်လို့ဆိုပြီး ထိုင်းနယ်စပ်တလျှောက်မှာ စစ်တပ်အင်အား ထပ်အားဖြည့်လိုက်တယ်လို့ ရေးသားထားပါတယ်။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် မကြာသေးမီက တိုက်ပွဲဖြစ်ပွားပြီးနောက် ထိုင်းဘုရင်စနစ် ထောက်ခံသူ တက်ကြွလှုပ်ရှားသူများသည် ဘန်ကောက်ရှိ ကမ္ဘောဒီးယားနိုင်ငံသံရုံးရှေ့တွင် ဇွန်လ ၆ ရက်နေ့က ဆန္ဒပြကြစဉ် ကြွေးကြော်သံများ ကိုင်ဆောင်ခဲ့ကြသည်။ (ဓာတ်ပုံ REUTERS/Chalinee Thirasupa)

ပဋိပက္ခပြေလျော့ရေး ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံဆွေးနွေးပွဲအတွင်းမှာ အဆိုပြုချက်တွေကို ကမ္ဘောဒီးယားဘက်က ပယ်ချခဲ့ကြောင်း ထိုင်းဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က သူ့ရဲ့ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

“နယ်စပ်တလျှောက် တင်းမာမှုတွေ ပိုဆိုးလာစေမယ့် စစ်အင်အားတိုးချဲ့မှုတွေ ရှိနေတယ်” “ထိုင်းဘုရင့်အစိုးရအနေနဲ့လည်း နောက်ထပ်လိုအပ်တဲ့အစီအမံတွေ အကောင်အထည်ဖော်ဖို့နဲ့ အခြေအနေအရ လိုအပ်သလို စစ်အင်အားဖြည့်တင်းဖို့ လိုအပ်တယ်” လို့ သူက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

စနေနေ့ကထုတ်ပြန်တဲ့ ထိုင်းစစ်တပ်ရဲ့ နောက်ထပ်ထုတ်ပြန်ချက်တစ်ခုမှာတော့ကမ္ဘောဒီးယားစစ်သားတွေနဲ့ အရပ်သားတွေ ထိုင်းပိုင်နက်ထဲ အကြိမ်ကြိမ်ကျူးကျော်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

“ဒီလို ရန်စမှုတွေနဲ့ စစ်အင်အားတိုးချဲ့မှုတွေဟာ အားသုံး(ပြီးဖြေရှင်း) မယ်ဆိုတဲ့ ရှင်းလင်းတဲ့ရည်ရွယ်ချက်ကို ညွှန်ပြနေတယ်” လို့ ထိုင်းစစ်တပ်က ပြောဆိုပြီး ကမ္ဘောဒီးယားနဲ့ ထိစပ်နေတဲ့ ထိုင်းနယ်စပ်တလျှောက်က စစ်ဆေးရေးဂိတ်အားလုံးကို ထိန်းချုပ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

ထိုင်းစစ်တပ်ရဲ့ ကြေညာချက်အပေါ် ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကို ရိုက်တာသတင်းဌာနက ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်တာမရှိဘူးလို့ သိရပါတယ်။

၂၀၂၅ ခုနှစ် မေလ ၂၈ ရက်က ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ထိုင်းဘုရင်စနစ် ထောက်ခံသူ တက်ကြွလှုပ်ရှားသူများ၏ ဇွန်လ ၆ ရက်နေ့ ဆန္ဒပြမှုအတွင်း ကမ္ဘောဒီးယားတော်ဝင်သံရုံးရှေ့တွင် ရဲအရာရှိများ စောင့်ကြပ်ကြည့်ရှုနေစဉ် ဓာတ်ပုံ REUTERS/Chalinee Thirasupa)

“ကျနော်တို့ရဲ့ ရပ်တည်ချက်က ပဋိပက္ခကို စတင်ဖို့မဟုတ်ဘဲ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့ပဲ” လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မန်နက်က စနေနေ့အစောပိုင်းမှာ မိန့်ခွန်းပြောခဲ့ပါတယ်။

“ကျနော်တို့ရဲ့ လမ်းညွှန်ချက်တွေက… နိုင်ငံတကာ ဥပဒေဘောင်တွေကို လေးစားလိုက်နာခြင်း ဖြစ်ပါတယ်။ ဒီအခြေခံဗျူဟာတွေက ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ အဓိကသော့ချက်ဖြစ်တယ်” လို့ သူက ပြောဆိုခဲ့ပါတယ်။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရဲ့ အစိတ်အပိုင်းလေးခုနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ကြားနာမယ်လို့ ကမ္ဘောဒီးယားက ယခုတပတ်ထဲ ကမ်းလှမ်းခဲ့ပြီး ထိုင်းကို ပူးပေါင်းဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် ထိုင်းဒုဝန်ကြီးချုပ် Phumtham ကတော့ ထိုင်းအနေနဲ့ ICJ ရဲ့ စီရင်ခွင့်အာဏာကို အသိအမှတ်မပြုကြောင်း၊ နယ်နမိတ်ဆိုင်ရာကိစ္စတွေအားလုံးကို နှစ်နိုင်ငံ စေ့စပ်ညှိနှိုင်းမှုတွေနဲ့ ဖြေရှင်းဖို့ အဆိုပြုကြောင်း စနေနေ့ထုတ်ပြန်ချက်မှာ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ကိုးကား – Thailand and Cambodia reinforcing troops on disputed border after May skirmish, Thai minister says

0 Shares:
You May Also Like
Read More

တရုတ် ကျားဖြန့်နှိမ်နင်းရေးအဖွဲ့ မြဝတီရောက်လာ

တရုတ် မှုခင်းစုံစမ်းရေးဗျူရို (CIB) အဖွဲ့တစ်ဖွဲ့ဟာ မြန်မာပြည်နယ်စပ် မြဝတီကို ရောက်ရှိလာတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဇူလိုင်လ ၇ ရက်က ဖော်ပြပါတယ်။ 
Read More

မြန်မာဟာ ဒီမိုကရေစီကို သိပ်အားမပေးတဲ့ နိုင်ငံတွေကြားမှာ ရှိနေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ပြော

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ကျင်းပတဲ့ လုံခြုံရေးညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရNUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ပြီး ကမ္ဘာတဝန်းဒီမိုကရေစီဦးတည်ရာများ (Global Democracy Trends) ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံ အဓိကကျတယ်လို့ ထိုင်းပြော

စစ်အာဏာသိမ်းမှုကြောင့် သုံးနှစ်ကျော်ကြာဖြစ်ပွားနေတဲ့ ပဋိပက္ခကို အဆုံးသတ်ရေး အာဆီယံက အဓိကကျကြောင်း ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်တရာက တနင်္လာနေ့မှာပြောဆိုခဲ့တယ်လို့ Reuters က ဖော်ပြထားပါတယ်။
Read More

ထိုင်းယာယီဝန်ကြီးချုပ်က လွှတ်တော်ဖျက်သိမ်းရန် ထိုင်းဘုရင်ကို တောင်းဆိုထား

ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ် ရာထူးကနေ ဖယ်ရှားခံရပြီးနောက် ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဖွေထိုင်းပါတီက ဖူထန်ဝေချာယာချိုင်းက အောက်လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ ထိုင်းဘုရင်ဆီ တောင်းဆိုထားတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
Read More

သက်ဆင်ကို အာဆီယံအလွတ်တန်းအကြံပေးအဖြစ် ခန့်အပ်ကြောင်း မလေးဝန်ကြီးချုပ်ကြေညာ

မလေးရှားအနေနဲ့ လာမယ့်နှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အာဆီယံ အလွတ်တန်းအကြံပေးအဖြစ် ခန့်အပ်တယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ဒီဇင်ဘာလ ၁၆ ရက်မှာ ပြောပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီတိုက်လေယာဉ် ရောက်လာတာကြောင့် ထိုင်းလေတပ်မှ တိုက်လေယာဉ် ၂စီး အရေးပေါ် စေလွှတ် ထိုင်းစစ်တပ် အချိန်ပြည့် ကင်းလှည့်ကာ အသင့်အနေအထားဖြင့် စောင့်ကြည့်နေ

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ထိုင်း-မြန်မာနယ်စပ်အနီးကို မြန်မာစစ်ကောင်စီရဲ့ Yak-130 တိုက်လေယာဉ်ရောက်ရှိလာတာကြောင့် ကြားဖြတ်ရန် ထိုင်းအစိုးရဘက်မှ F-16 တိုက်လေယာဉ် ၂ စီးကို ထိုင်းလေတပ်ကနေ အရေးပေါ် စေလွှတ်လိုက်တယ်လို့ ထိုင်းတော်ဝင်လေတပ်ကနေ ထုတ်ပြန်ပါတယ်။